မင်းလောင်းစံရာထိုသည့်ရွာ

ဝီကီပီးဒီးယား မှ

မင်းလောင်းစံရာထိုသည့်ရွာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

မင်းလောင်းစံရာထိုသည့်ရွာ[ပြင်ဆင်ရန်]

နိပါတ်ဖော် ဇာတ်တော်ဟောင်းငယ်က၊ မြတ်လောင်းလျာ ရွှေယုန်ဖြစ်တော့၊ ထုံရှစ်လီ အဋ္ဌင်္ဂကြောင့်၊ ကသစ်စံရဂုံများတွင်မှ၊ ပုဏ္ဏားဗြဟ္မာအိုကဲ့သို့၊ ယုန်သားကိုစားလိုခဲ့သည်ဟု၊ ဆိုထဲ့ကာအလှူခ့တော့၊ ပူအလျှံမီးပုံ အတွင်းသို့၊ ခုန်ဆင်းမည့် ယုန်ကလေးက၊ ယုန်လှေးကို ပစ်ခွာချတဲ့၊ တည်အခြေ သည်ဒေသပေထင့်၊ ရွှေလမှာ ဆေးမှုန်စုတ်ကယ်နှင့်၊ ရေးယုန်ရုပ် ကပ္ပဋ္ဌာ။


ရွှေဘိုစံနေလို ထွန်းစဉ်က၊ ထိုကျွန်းပင်အိုင်နေရာထဲ့၊ ငအို၊ ငကြာထိုရွာသို့ဆိုက်တော့၊ စာသိုက်စောင်တဘောင်တေးရယ်က၊ လေးလေးလေမှဆွဲရ၊ ရွှေခဲခေါ်လှေတော်ကြီးကို၊ ချက်မှန်အောင် တက်သံဟီးရ၊ ပြတန်ထီးဖြူယူကာတည်ဘို့၊ လူနာမည် မောင်ရွှေခဲ၏၊ အသဲအအူကိုခွဲယူကာ တင်တညှပ်ကယ်နှင့်၊ တင်နတ်ဝယ်ပူဇော်အုံးရလျှင်၊ ပေါ်သုံးရံရွှေငွေတလောင်းစီတဲ့၊ လည်ချောင်းခုတ်ကာ ပြတ်မည်ဟု၊ ဟုံးနတ်စာပြင်ဆင်ဘို့၊ ရှင်ဘုရင် လုပ်စေအုံးတော့၊ ပြည်ကုန်းဘောင် ရွှေဘိုမင်းက၊ ထံရင်းဝယ်ခေါ်ကာစစ်လို့၊ အပြစ်တော် သူမပေးတဲ့ပြင်၊ အရေးတော်ပေါ်မဖွဲ့ပြီဘု၊ ဘေးမဲ့ချမ်းသာ။


ဂရိဂထာ ဝိဝါဒငယ်ကြောင့်၊ ဂါမရှောင်ခွာပစ်လို့၊ ရွာသစ်ပင်တည်ဆင်အုံးကြတော့၊ ခင်ကုန်းမြေကမ်းခြေစောင်းတွင်မှ၊ တသောင်းကျော်ဘော်ငွေတန်တဲ့၊ ကျောင်းဝေဇယန်ဝိဟာရငယ်နှင့်၊ ထူးသမ္ဘာ၊ ဦးသာဂရငဲ့ကို၊ ဖူးလှာကြရှစ်မျက်နှာ၊ နှစ်သက်စွာစုရုံး။


ဘိလပ်ပိုင်စေတနာသန်သောကြောင့်၊ ဆဒ္ဒန်အိုင်နတ်ဖန်ဆင်းလို့၊ အပ်နှင်းသည်ပုံပမာကဲ့သို့၊ ပဒုံကြာစုံစွာပေါက်သည်ပြင်၊ ခတောက်တွေ အလီလီနှင့်၊ ပေါက္ခရဏီအောက် ပထဝီ အနက်ကဲ့ပြင်၊ အထက်မှာ စကြဝဠာ တတိုင်းကဲ့သို့၊ ကာဝိုင်းရံ ကန်ပေါင်းရိုးဟာက၊ တမိုးတရေဝင်ရလျှင်၊ ကိုးနှစ်ပင် မကုန်အုံးပေဘု၊ ယုန်ကုန်းမြေဗွေနိမိတ်ကယ်က၊ ပြည်နိဗ္ဗာန် နောင်ခါပျော်ရအောင်၊ ဆရာတော် ဒကာဒကာမတွေတို့၊ စာဂ ကိုညှိဆော်နှိုးလို့၊ မဟေသီ စေတီပုထိုးသို့၊ မှီကိုးကွယ်နယ်နရမ်းငယ်က၊ လှူဒါန်းသည် အရွာရွာတို့၊ ချမ်းသာအောင် ကျမ်းစာသိုက်ကယ်နှင့်၊ နန်းစိုက်သည့် ဟိုအခါက၊ ငအို၊ ငကြာဗိုလ်ပါခံကြ၊ (နာဂတံ) သာသနံထွန်းမည်ကြောင့်၊ ကန်ကျွန်းပင်အိုင်ရေရိုးတွင်မှ၊ ဇမ္ဗူဒိပ်အပေါ်၊ နိမိတ်ကျော်ဟိုးသည်ဟု၊ ဖြူရိပ်ပျော်၊ စိတ်တော်မဆိုးပေတဲ့၊ ဖိုးရွှေခဲကုန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။