မင်းနေမျိုးမြင်း

ဝီကီပီးဒီးယား မှ

မင်းနေမျိုးမြင်း ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းjieknfncnjduwikmcnအရာ[ပြင်ဆင်ရန်]

မင်းနေမျိုးမြင်း[ပြင်ဆင်ရန်]

ဖွားမြင်မြော်ရင်တော်သားက၊ ရထားပျော် စပယ်လို နွားငယ်ကို၊ ခါးလယ်သို့နင်းမိသတဲ့၊ သားရင်းကို ဂေါဏေနွားနှင့်၊ သေစားသေစေပြန်တဲ့၊ ရွှေပြည်စံဧလာရမှာ၊ အဿဇာနေမြင်းကို၊ ဇောင်းတွင်းဝယ်သွယ်ကာမွေးတော့၊ မသမာအစာကိုထွေးသော်ကြောင့်၊ မြက်ကျွေးသူဆုတ်ကာ ချွတ်လို့၊ ကျုံးလယ်ကို၊ မုန်းတယ်ဟု လွှတ်လိုက်သတဲ့၊ ရှေးဝတ္ထုသေအချာ။

မြင်းကုန်သည် ဖွားမြင်လျှင်းတဲ့၊ ပဉ္စင်းတော်ထေရ်ရဟန်းက၊ မြင်းကျမ်းကို၊ လွန်ကြေပွန်သောကြောင့်၊ နိုင်ငံတွင်၊ မြင်းပျံရှိသည်ဟု၊ မင်းကြီးထံ ပြောဆို၍ကြားကာမှ၊ ဖလားရွှေသင်္ဂါနှင့်၊ စမြိန်စာစီကာခွန့်တော့၊ တိမ်ညွန့်တိုင်ပြေးကာ တက်သော်ကြောင့်၊ လေးဘက်ခြေခွာအညီပ၊ ကမ္ဗလာနီစွပ်ကာအုပ်လို့၊ ခွာထုပ်ကိုဆင်ယင်သကာမှ၊ မြင်ရသည် ပြည်သူအပေါင်းရယ်တို့၊ ကောင်းကင်ထိပ်မှာ။

သတင်းကျေညာတဲ့၊ မင်းဧလာပုံ တနှုန်းကဲ့သို့၊ လုံရုံးပျော်ရေးတော်ကြီးမှာဖြင့် ခရီးမြန်တက်ကာ စိုင်းလိုက်ရင်၊ တံတိုင်းစက္ကဝါကိုဝေ့လို့၊ အရှေ့ဟိုအနောက်ကယ်နှင့်၊ သုံးလေးခေါက်ပြန်ကာကျွတ်ပေလိမ့်၊ သခွတ်ပင်လယ်ကရခဲ့တဲ့၊ မြင်းအဿဇာနေယျာ၊ အမွေပါအင်္ဂါလွတ်ကင်း။

မကျည်စေ့ကဲ့သို့၊ နည်းတွေ့ပုံထင်အမြင်ပ၊ မြင်းနီစင် ကျမ်းဂန်က ဟောခဲ့တဲ့ သိန္ဓောဝင်အနွယ်မျိုးမို့၊ အဖိုးကိုဘယ်သူဖြတ်နိုင်ပ၊ မိုးနတ်ပင်တက်ကာပေးရော့ထင့် လက်ကွေးပုံပွေကာ ပေါက်ကရော့၊ ရှေ့နောက်မှာ ဆိုရန်ရှားပါငဲ့၊ ဖလားခွာ တာနှုတ်ဖုံးနှင့်၊ မျက်လုံးမှာ ကြွက်ဂယ်လောင်းနှင့်၊ နှာခေါင်းတွင်တဆင်ထူးလိုပ၊ နဖူးမှာ ယုန်ရေဖျက်သည့်နှယ်၊ နရွက်မှာရွှေကြူချွန်ပ၊ ထူးတံခွန်တော့ အမြီးလိုနှင့်၊ ဇက်အကုန်တက်ကာစီးလိုက်ရင်၊ မြေကြီးကိုသူမလာဘု၊ အာကာမှာ ခွာရာထင်လိမ့်၊ ရာဇဝင် စာတင်ထိုးလောက်ကဲ့၊ မြန်ဘောင်မှာ ရန်အောင်လို့ ကျိုးပေတဲ့၊ မင်းနေမျိုးမြင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဂေါဏော = ဂေါဏ (ပါ)၊ နွား။

၂။ အဿဇာနေ = အဿဇာနေယျ၊ မြင်းအာဇာနည်။

၃။ သိန္ဓော = သိန္ဓောမြင်းမျိုးနွယ်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော ခေါင်းစဉ်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။