မင်းတုန်းမင်း အုတ်ဂူပြာသာဒ်

ဝီကီပီးဒီးယား မှ
မင်းတုန်းမင်းအုတ်ဂူပြာသာဒ်ပုံ

မင်းတုန်းမင်း အုတ်ဂူပြာသာဒ်[ပြင်ဆင်ရန်]

ပဉ္စမသင်္ဂါယနာတင်ဘဝရှင် မင်းတုန်းမင်း၏ အုတ်ဂူပြာသာဒ် ဖြစ်သည်။ သားတော် ရတနာပုံ ဒုတိယနန်းစံ သီပေါမင်း၏ ကောင်းမှုဖြစ်သည်။

တည်နေရာ[ပြင်ဆင်ရန်]

မန္တလေးနန်းတွင်း အတွင်းမြို့ရိုးအရှေ့မြောက်ထောင့်တွင် တည်ရှိသည်။ အရှေ့ဘက်တွင် အလယ်ပိုင်းတိုင်းစစ်ဌာနာချုပ်စခန်းရုံးနှင့် အတွင်းမြို့ရိုးသစ်တပ်၊ အနောက်ဘက်တွင် မြနန်းစံကျော်ရွှေနန်းတော်၊ တောင်ဘက်တွင် ပုဂံမင်းမယ်တော် အုတ်ဂူပြာသာဒ်၊ ကျောက်စာရုံနှင့် ပဟိုရ်စင်၊ မြောက်ဘက်တွင် လောင်းရှည်မိဖုရား ဂူပြာသာဒ်နှင့် ဒင်္ဂါး စက်ရုံတို့ တည်ရှိသည်။

မင်းတုန်းမင်း၊ ပုဂံမင်းမယ်တော်၊ ဆင်ဖြူမရှင်၊ လောင်းရှည်မိဖုရားတို့၏ အုတ်ဂူပြာသာဒ် ပန္နက်ပုံ

သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

ပဉ္စသင်္ဂါယနာတင်ဘဝရှင် မင်းတုန်းမင်းသည် သက္ကရာဇ် ၁⁠၁၇၆ ခုနှစ်တွင် မွေးဖွားပြီး အမရပူရနန်းတော်တွင် နောင်တော်ပုဂံမင်းကို သက္ကရာဇ် ၁၂၁၄ ခုနှစ်တွင် ထီးနန်းချပြီး ဘုရင်အဖြစ် စတင်အုပ်စိုးခဲ့သည်။ ထို့နောက် ဗေဒင်သိုက်တဘောင်ကိန်းခန်းအလိုအရ အမရပူရမှ မန္တလေးသို့ နန်းတော်နှင့် မြို့တော်ကိုပြောင်းရွှေ့နန်းစံခဲ့သည်။ မင်းတုန်းမင်၏တစ်သက်တာတွင် တိုင်းပြည်အေးချမ်းသာယာရေးနှင့် ခေတ်မီတိုးတက်ရေးလုပ်ငန်းတို့ကို တိုးတက်အောင် စွမ်းဆောင်ခဲ့ရုံမျှမက အထူးသဖြင့် သာသနာရေးနှင့်ပတ်သက်ပြီး ပဉ္စမသင်္ဂါယနာတင်သည်အထိ ထူးခြားစွာစွမ်းဆောင်ခဲ့သော ဘုရင်တစ်ပါးဖြစ်ပါသညီ။ သက္ကရာဇ် ၁၂၄၀ ပြည့်နှစ်တွင် နတ်ရွာစံခဲ့ရာ ကြိုတင်မှာကြားချက်အရ မီးရှို့ခြင်းမပြုဘဲ ယခုနေရာတွင် ရုပ်ကလာပ်တော်အား ဂူသွင်းသင်္ဂြိုဟ်ခဲ့သည်။ မှန်စီလက်ရာမှာ မင်းတုန်းမင်း၏ မွေးစားသားတော် ရှမ်းပြည်နယ်၊ ညောင်ရွှေစော်ဘွား၏ ကုသိုလ်ဖြစ်သည်။

အမျိုးအစား[ပြင်ဆင်ရန်]

အုတ်အင်္ဂတေဖြင့် တည်ဆောက်ထားပြီး စိန်တောင်များရံလျက် တံတိုင်းငယ်ကာရံထားသည်။

လက်ရှိအခြအနေ[ပြင်ဆင်ရန်]

မင်းတုန်းမင်းအုတ်ဂူပြာသာဒ်သည် မြေပြင်မှ ၃ ပေ၊ ၆ လက်မအမြင့် အုတ်ခုံပေါ်တွင် တည်ဆောက်ထားပြီး ထိုအုတ်ခုံကိုတက်ရန် လေးဘက်စလုံးတွင် လှေကားများ တပ်ဆင်တည်ဆောက်ထားသည်။ အုတ်ဂူပြာသာဒ်မှာ မူလအုတ်အင်္ဂတေဖြင့် တည်ဆောက်ထားသည်။ ဘုံခုနှစ်ဆင့်ပြာသာဒ်မျိုး ဖြစ်သည်။ မင်းတုန်းမင်းနတ်ရွာစံပြီးနောက် မွေးစားသားဖြစ်သူ ညောင်ရွှေစော်ဘွားကြီးက မှန်စီကုသိုလ်ပြုထားခြင်းဖြစ်သည်။ မင်းတုန်းမင်း၏ရုပ်ကလာပ်ကို မီးရှို့ပြာချခြင်းမပြုပဲ အုတ်ဂူပြာသာဒ်အတွင်း ဂူသွင်းသင်္ဂြိုဟ်ထားခြင်းဖြစ်သည်။ အုတ်ဂူပြာသာဒ်တွင် တပ်ဆင်မွမ်းထားသော အမွှမ်းပန်းများမှာလည်း ရတနာပုံခေတ်ကိုယ်စားပြု စံထားလောက်သည့် အင်္ဂတေပန်းတော့များ ဖြစ်သည်။ ထိန်းသိမ်းထားရှိမှုကြောင့် ပျက်စီးယိုယွင်းမှုနည်းပါးသည်။ အုတ်ဂူပြာသာဒ် အုတ်ခုံအရှေ့လှေကားအနီးတွင် မင်းတုန်းမင်းအကြောင်း အင်္ဂလိပ်-မြန်မာဘာသာများဖြင့် ရေးထိုးထားသော ကျောက်စာတစ်ချပ်ရှိသည်။ မင်းတုန်းမင်းအုတ်ဂူပြာသာဒ်နှင့် အတူ မိဖုရားများဖြစ်ကြသော ဆင်ဖြူမရှင်၊ လောင်းရှည်နှင့် ပုဂံမင်းမယ်တော်တို့ကိုပါ ဝန်းရံလျက် တံတိုင်းတစ်ခုတည်းအတွင်း တည်ဆောက်ထားသည်။ အနောက်ဘက်မျက်နှာတွင် ဝင်ပေါက်တစ်ခုသာရှိသည်။

ထိန်းသိမ်းမှု[ပြင်ဆင်ရန်]

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။

[၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မန္တလေးဒေသရှေးဟောင်းအဆောက်အအုံမျာမှတ်တမ်း၊ အမှတ်(၁)။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန။ ဒုကြိမ်။ ၂၀၁၁ ခု ဖေဖော်ဝါရီလ