လောင်းရှည်မိဖုရား ဂူပြာသာဒ်

ဝီကီပီးဒီးယား မှ
လောင်းရှည်မိဖုရား ဂူပြာသာဒ်

ရတနာပုံ ဒုတိယနန်းစံ သီပေါမင်း၏မယ်တော် လောင်းရှည်မိဖုရား၏ ဂူပြာသာဒ်ဖြစ်သည်။ သီပေါမင်းတည်ဆောက်ခဲ့သည်။

တည်နေရာ[ပြင်ဆင်ရန်]

မြနန်းစံကျော်ရွှေနန်းတော်ကြီး၏ အရှေ့မြောက်ဘက် အတွင်းမြို့ရိုးအတွင်း ရတနာပုံနန်းမြို့၊ အောင်မြေသာစံမြို့နယ်၊ မန္တလေးတွင် တည်ရှိသည်။ အရှေ့ဘက်တွင် သစ်တပ်အတွင်းမြို့ရိုးနှင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်စခန်းရုံး၊ အနောက်ဘက်တွင် မြနန်းစံကျော်ရွှေနန်းတော်ကြီး၊ တောင်ဘက်တွင် မင်းတုန်းမင်း၏အုတ်ဂူပြာသာဒ်နှင့် ပုဂံမင်းမယ်တော်ပြာသာဒ်၊ မြောက်ဘက်တွင် ဒင်္ဂါးစက်ရုံတို့ တည်ရှိသည်။

မင်းတုန်းမင်း၊ ပုဂံမင်း မယ်တော်၊ ဆင်ဖြူမရှင်၊ လောင်းရှည်မိဖုရားတို့၏ အုတ်ဂူပြာသာဒ် ပန္နက်ပုံ

ခေတ်ကာလ[ပြင်ဆင်ရန်]

ရတနာပုံခေတ်လက်ရာဖြစ်သည်။

သမိုင်းအကျဉ်း[ပြင်ဆင်ရန်]

လောင်းရှည်မိဖုရားသည် မင်းတုန်းမင်ကြီး၏ မိဖုရားဖြစ်ပြီး သီပေါမင်း၏မယ်တော်ဖြစ်သည်။ လောင်းရှည်မိဖုရားသည် ရှမ်းမျိုးနွယ်ဖြစ်၍ သီပေါစော်ဘွား၏ သမီးတော်ဖြစ်သည်။ သီပေါမင်းသည် ရတနာပုံထီးနန်းတွင် နန်းတက်ပြီးနောက် မယ်တော်လောင်းရှည်မိဖုရား စံနေတော်မူရန် မြောက်ဥယျာဉ်တော်အတွင်း၌ အိမ်ဖြူတော်ကို တည်ဆောက်ပေးခဲ့သည်။ မယ်တော်သည် ထိုအိမ်ဖြူတော်တွင် ၁၂၄၀ ပြည့်နှစ်မှ ၁၂၄၃ ပြည့်နှစ်အထိ သုံးနှစ်မျှစံနေတော်မူပြီး ၁၂၄၃ ခုနှစ်၊ နယုန်လဆန်း ၅ ရက်တွင် နတ်ပြည်စံတော်မူခဲ့သည်။ မင်းတုန်းမင်းဂူမြောက်ဘက်တွင် ရွှေချကျွန်းပြာသာဒ်ဖြင့် မင်းတုန်းမင်းတရားကြီး၏မိဖုရား၊ သီပေါမင်း၏မယ်တော် လောင်းရှည်မိဖုရားကို သင်္ဂြိုဟ်ထားရှိသည်။

အမျိုးအစား[ပြင်ဆင်ရန်]

လေးတိုင်စင် ဘုံခုနှစ်ဆင့်ကျွန်းပြာသာဒ်ဖြစ်ပြီး အမွှမ်းပန်းများကိုလည်း ထုလုပ်တပ်ဆင်ထားသည်။

လက်ရှိအခြေအနေ[ပြင်ဆင်ရန်]

ပြာသာဒ်မှာ လေးတိုင်စင်ဘုံခုနှစ်ဆင့်ဖြစ်ပြီး ဆီဆေးနီညိုများ သုတ်ထားသည်။ နှစ်ကာလ ကြာရှည်မှုကြောင့် အမွှမ်းပန်းအချို့မှာ ယိုယွင်းလျက်ရှိသည်။ မြေစိုက်တည်ဆောက်ထားပြီး ပြာသာဒ်အလယ်တွင် အရိုးပြာအိုးမြှုပ်နှံထားသည်။ ယခင်က မပါသော်လည်း ယခုအုတ်တံတိုင်းကာရံထားပြီး တောင်ဘက်တွင် ဝင်ပေါက်ရှိသည်။ ပြာသာဒ်၏ ရှေ့မျက်နှာပြင်တွင် လောင်းရှည်မိဖုရားကျောက်စာတစ်ချပ် ရေးထိုးစိုက်ထူတားသည်။

ထိန်းသိမ်းမှု[ပြင်ဆင်ရန်]

ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ [၁]

အကိုးအကား[ပြင်ဆင်ရန်]

  1. မန္တလေးဒေသ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း၊ အမှတ် (၁)၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၁။