ပဟိုရ်စင်
ပဟိုရ်စင်
[ပြင်ဆင်ရန်]ရတနာပုံမြို့တည် နန်းတည် မင်းတုန်းမင်းကြီးတည်ဆောက်ခဲ့သည်။ ပဟိုရ်စည်နှင့် မောင်းထားရာ အဆောက်အအုံဖြစ်သည်။
တည်နေရာ
[ပြင်ဆင်ရန်]ရတနာပုံနန်းမြို့တွင်း အောင်မြေသာစံမြိုနယ်၊ မန္တလေးမြို့တွင် တည်ရှိသည်။ အရှေ့ဘက်တွင် အတွင်းမြို့ရိုးသစ်တပ်နှင့် လပခ ရုံး၊ အနောက်ဘက်တွင် မြနန်းစံကျော်ရွှေနန်းတော်ကြီး၊ တောင်ဘက်တွင် ၂၉ လမ်းနှင့် စွယ်တော်စင်၊ မြောက်ဘက်တွင် ဒင်္ဂါးစက်ရုံနှင့် မင်းတုန်းမင်း အုတ်ဂူပြာသာဒ်တို့ တည်ရှိသည်။
ခေတ်ကာလ
[ပြင်ဆင်ရန်]ရတနာပုံခေတ်လက်ရာဖြစ်သည်။
ထူးခြားချက်
[ပြင်ဆင်ရန်]ရတနာပုံခေတ် စုထိုးပြာသာဒ်လက်ရာဖြစ်သည်။ အချိန်သတ်မှတ်ချက်ဖြင့် ရိုက်ခတ်သော ပဟိုရ်စည်နှင့် မောင်းထားရာ အဆောက်အအုံဖြစ်သည်။ မြန်မာ့အချုပ်အခြာအဏာနှင့် ထုံးတမ်းစဉ်လာ ပြယုဂ်ဖြစ်သည်။
သမိုင်းအကျဉ်း
[ပြင်ဆင်ရန်]စွယ်တော်စင်နှင့် ရွေးတော်ယူတံခါး လမ်းမခြားလျက် မြောက်ဘက်ကွက်လပ်တွင် ပဟိုရ်စင်ဆောက်လုပ်ထားသည်။ လှပခိုင်ခံ့စွာ လေးထောင့်အုတ်ခုံအမြင့်ခံပြီး တိုင်ဖြူလေးလုံးထူ၍ ယင်းတိုင်ဖြူလေးလုံးပေါ်တွင် လေးတိုင်စင်နှင့် လည်ပေါ်စုထိုးပြာသာဒ်ဆောင်ငယ် တင်ထားခြင်းဖြစ်သည်။ ထိုအပေါ်ဆောင်တွင် ပဟိုရ်စည်ကြီးနှင့် ကြေးမောင်းတွဲထားသည်။ နာရီတော်မှူးဆင့်ဆိုရာ နာခံ၍ နေ့ယံ၊ ညဦးယံ ပဟိုရ်တီးရန် ပဟိုရ်စင်အနီး အိပ်ဖန်တန်း၌ နေ့၊ ညဉ့်ဆောင်နာရီတော်တန်ဆောင်းတွင် နာရီတော်စောင့် ပုဏ္ဏားနှစ်ယောက်တို့ ဝတ်ကောင်း၊ ဝတ်သန့် ဝတ်ဆင်လျက် လျင်စွာလာရောက် အခါတော်ကြားသည်နှင့် တစ်ပြိုင်နက် ပုဆိုးခါးပုံထိုး၊ အင်္ကျီရှည်၊ ခေါင်းပေါင်းဖြူနှစ်စထောင်နှင့် ပဟိုရ်တီးလူနှစ်ယောက်တို့သည် ပဟိုရ်စင်ပေါ်အရောက်တက်ပြီး ခေါင်းလောင်တစ်ချက်၊ စည်တော်တစ်ချက်ဖြင့် ၁၁ချက်၊ နေ့ မွန်းတည့် ၂ ချက်တီးလျှင် ၂၂ ချက်၊ ညနေ ၃ ချက်တီးလျှင် ၃၃ ချက်၊ နေဝင် ၄ ချက်တီးလျှင် ၄၄ ချက်တီးရသည်။ ညဉ့်လေးပဟိုရ်မှာလည်း ဤနည်းအတိုင်း ၁ ချက်တီး၊ ၂ ချက်တီး၊ ၃ ချက်တီး၊ နံနက် ၄ ချက်တီးတိုင်အောင် အချက်ပေါင်း ၁၁၀ တီးရသည်။ ပဟိုရ်တီးနှစ်ယောက်တို့သည် ပဟိုရ်စင်ပေါ်ရောက်သည်နှင့် တစ်ပြိုင်နက် နန်းတော်ရာ နန်းတော်ဆီသို့လှည့်၍ ဘဝရှင်မင်းတရားကြီးရှိရာသို့ ဒူးပုဆစ်တုပ်ကာ ဦးသုံးကြိမ်ချပြီးမှ ပဟိုရ်တီးရသည်။ ပြီးလျှင် ဦးသုံးကြိမ်ချပြီး ဆင်းလာရသည်။ ပဟိုရ်တီးအမှုထမ်းငါးဦးတို့မှာ တစ်လလျှင် လစာငွေ ၅၅ ကျပ် သနားတော်မြတ်ခံရသည်။ ပုဆိုး၊ ခေါင်းပေါင်း၊ ပိတ်အုပ်များကိုလည်း တစ်လတစ်ကြိမ် မင်းတရားက ချီးမြှင့်တော်မူသည်။
အမျိုးအစား
[ပြင်ဆင်ရန်]အုတ်အင်္ဂတေလေးထောင့်စပ်စပ် အဆောက်အအုံအား လှေကားဖြင့် အတွင်းမှတက်သွားပြီး အပေါ်ရှိလေးတိုင်စင် စုထိုးပြာသာဒ်အား ကျွန်းသစ်များဖြင့် တည်ဆောက်ထားသည်။ ရတနာပုံခေတ် အမွှမ်းပန်းများဖြင့် တန်ဆာဆင်ထားသည်။
လက်ရှိအခြေအနေ
[ပြင်ဆင်ရန်]အောက်ခြေအုတ်ခုံကြီးမှာ သဘာဝဘေးဒဏ်ကြောင့် အက်ကွဲကြောင်းများ ပေါ်ပေါက်ခဲ့သည်ကို ပြန်လည်ထိန်းသိမ်း ပြုပြင်ခဲ့သော်လည်း ရှေးလက်ရာ မပျက်ပါ။ အပေါ်မှ လေးတိုင်စင် စုထိုးပြာသာဒ်နှင့် အမွှမ်းပန်းများကိုလည်း ရှေးမူလက်ရာမပျက် ပြုပြင်ထိန်းသိမ်းထားသဖြင့် ရတနာပုံခေတ်ဟန်အတိုင်း တွေ့နိုင်သည်။ အပေါ်ပြာသာဒ်မှ အမွှမ်းပန်းများကိုလည်း ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထုလုပ်ဖြည့်စွက် တပ်ဆင်ခဲ့ခြင်းဖြစ်သည်။
ထိန်းသိမ်းမှု
[ပြင်ဆင်ရန်]ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်ထားသည်။ [၁]
အကိုးအကား
[ပြင်ဆင်ရန်]- ↑ မန္တလေးဒေသ ရှေးဟောင်းအဆောက်အအုံများမှတ်တမ်း၊ အမှတ် (၁)၊ ရှေးဟောင်းသုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန၊ ဒုကြိမ်၊ ဖေဖော်ဝါရီ ၂၀၁၁။