ဘေးဒုက္ခကြောင့်အအောင်ပေးရခြင်း

ဝီကီပီးဒီးယား မှ

ဘေးဒုက္ခကျရောက်ခြင်းကြောင့်အအောင်ပေးရခြင်း (အင်္ဂလိပ်: Pass by Catastrophe) သည် မြို့ပြဒဏ္ဍာရီ (Urban legend) သို့မဟုတ် ကောလဟာလတစ်မျိုးဖြစ်သည်။ ကျောင်းသားတို့၏ လုပ်ဆောင်ချက်များကို ထိခိုက်စေနိုင်သော ဘေးဒုက္ခဖြစ်ရပ်တစ်ခုခု ဖြစ်ပေါ်လာပြီး စာမေးပွဲကိုမကျင်းပနိုင်ပါက ထိုကျောင်းသားများအား အောင်မှတ်ပေးနိုင်ရန် ဟူ၍ဖြစ်သည်။

နမူနာအကြောင်းအရာများ[ပြင်ဆင်ရန်]

ယင်းဒဏ္ဍာရီတွင် အောက်ပါအချက်များကို ပြောဆိုလေ့ရှိကြသည်။

  • စာမေးပွဲကာလ၌ ကျောင်းသားတစ်ဦးသည် အမှတ်မထင်ကွယ်လွန်သွားပါက အခြားကျောင်းသားများသည် အောင်မှတ်ရရှိမည်ဖြစ်သည်။
  • တက္ကသိုလ်အဆောက်အအုံများသည် အကြောင်းတစ်ခုခုကြောင့် ပျက်ဆီးသွားခဲ့ပါလျှင် ထိုတက္ကသိုလ်၌ တက်ရောက်နေကြသော ကျောင်းသားများသည် ဘတ်ချ်လာဘွဲ့ (Bachelor's degree) ကိုရရှိနိုင်သည်။
  • ကျောင်းသားတစ်ဦးသည် တက္ကသိုလ်ဝင်းရှိ ဘတ်စ်ကားနှင့် တိုက်မိပါလျှင် တက္ကသိုလ်ကျူရှင်ကို အခမဲ့တက်ရောက်နိုင်မည်ဖြစ်သည်။[၁]

ထိုသို့သောဒဏ္ဍာရီလာအ‌ကြောင်းအရာများအနက် အပြောအများဆုံးသောအချက်မှာ တက္ကသိုလ်အဆောင်များအတွင်းနေထိုင်‌သော ကျောင်းသားတစ်ဦး၏အခန်းဖော်ဖက် ကွယ်လွန်သောအခါ ထိုကျောင်းသားသည် စာမေးပွဲအမှတ်ကောင်းကောင်းရရှိသည် ဟူသောအကြောင်းအရာပင်ဖြစ်သည်။[၂][၃] Dead Man on Campus နှင့် The Curve စသောရုပ်ရှင်ကားများတွင်လည်း ထိုအကြောင်းအရာများကို သရော်၍ရိုက်ကူးထားသည်။[၄][၅]

မြို့ပြဒဏ္ဍာရီလေ့လာသူ ဂျန် ဟဲရိုး ဘရန်းဗန်း (Jan Harold Brunvand) ၏ "Curses! Broiled Again!" စာအုပ်တွင် သူသည် အဆောင်ခန်း‌နေဖော်ထိုင်ဖက်ကွယ်လွန်လျှင် ကျန်ရှိသောကျောင်းသားသည် အမှတ်များများရနိုင်သည့်အကြောင်းကို လိုက်လံစစ်ဆေးကြည့်ရာ မည့်သည့်တက္ကသိုလ်တွင် ထိုစည်းကမ်းကိုပြဋ္ဌာန်းထားခြင်းမရှိကြောင်းကို ရေးသားထားသည်။[၂] လူမှုဗေဒလေ့လာသူ ဝီလီယမ် ဖော့စ် (William S. Fox) သည်လည်း ထိုဒဏ္ဍာရီကို လုံးဝမဖြစ်နိုင်ဟူ၍ ကောက်ချက်ချခဲ့သည်။[၂] မြို့ပြဒဏ္ဍာရီအကြောင်းအရာကို စစ်ဆေးသည့်ဝက်ဘ်ဆိုက်ဖြစ်သော Snopes သည်လည်းထိုအကြောင်းအရာကို ကောလဟာလဟု ကောက်ချက်ချခဲ့သည်။[၆]

လက်တွေ့[ပြင်ဆင်ရန်]

လက်တွေ့ပညာရေးနယ်ပယ်တွင် ထိုဒဏ္ဍာရီအတိုင်း မ‌ဆောင်ရွက်ကြသော်လည်း ကျောင်းသားတစ်ဦးတွင် ဆိုးရွားသောအခြေအနေတစ်ရပ် ဖြစ်ပါ်လာခဲ့လျှင် အမှတ်ညှိနှိုင်းမှုများရှိနိုင်သည်။ အင်္ဂလန်နိုင်ငံတွင် Joint Council for Qualifications အဖွဲ့သည် ကျောင်းသားတစ်ဦး စာမေးပွဲကာလ၌ ကျန်းမာရေးချွတ်ယွင်းခြင်း၊ ထိခိုက်ဒဏ်ရာရရှိခြင်း စသောအရေးကြီးကိစ္စရပ်များ ဖြစ်ပေါ်လာခဲ့ပါလျှင် ထိုကျောင်းသား၏ အမှတ်များကို ၅ ရာခိုင်နှုန်းအထိ တိုးနိုင်ခွင့်ပေးပါသည်။[၇] စာမေးပွဲဖြေဆိုနိုင်သူသည် အမှတ်မထင်ကွယ်လွန်သွားခဲ့ပါလျှင် သူ၏မိသားစုဝင်များသည် "honorary certificate" ဟူသောလက်မှတ်တစ်စောင်ကို တောင်းယူနိုင်သော်လည်း ပညာရေးနယ်ပယ်တွင် သုံးနိုင်စွမ်းမရှိပေ။[၈]

ဩစတြေးလျနိုင်ငံတွင် General Achievement Test (GAT) စာမေးပွဲကိုဖြေဆိုရာတွင် ထိုစာမေးပွဲကာလ၌ အမှတ်မထင်ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာပါက GAT စာမေးပွဲရမှတ်ကို ကျောင်းတက်စဉ်ဆောင်ရွက်ချက်အမှတ်များနှင့် ပေါင်းပေးမည်ဖြစ်သည်။[၉]

၂၀၁၃ ခုနှစ်တွင် ဘော့စတွန်မြို့ တက္ကသိုလ်တစ်ခုတွင် စာမေးပွဲကို ဧပြီလ ၁၉ ရက်နေ့တွင် ဖြေဆိုရန်စီစဉ်ထားရာ ထိုနေ့၌ကျင်းပသော မာရသွန်ပွဲ၌ဗုံးဖောက်ခွဲမှုများ ဖြစ်ပေါ်လာသောကြောင့် တစ်မြို့လုံးအပြင်မထွက်ရအမိန့်ကို ကြေညာခဲ့သည်။ ထိုကြောင့်ကျင်းပမည့် စာမေးပွဲကိုဖျက်ချခဲ့ရပြီး အမှတ်များကို သင်တန်းတက်စဉ်ဆောင်ရွက်ချက်များမှ တွက်ယူခဲ့သည်။[၁၀]

၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ဟောင်ကောင်ရဲတပ်ဖွဲ့ဝင်များသည် ဟောင်ကောင်တရုတ်တက္ကသိုလ် (Chinese University of Hong Kong) သို့ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အဆောက်အအုံများပျက်ဆီးခဲ့လေသည်။[၁၁] ထိုအခါ တက္ကသိုလ်စီမံရေးအဖွဲ့သည် နှစ်ပတ်စော၍ ပညာသင်နှစ်ဝက်ပြီးဆုံးကြောင်း ကြေညာခဲ့ရပြီး ကျောင်းသားများသည် ဒုတိယပညာသင်နှစ်ဝက်သို့ အွန်လိုင်းဖြင့်ချက်ချင်းသင်ကြားနိုင်အောင် ဆောင်ရွက်ခဲ့ရသည်။[၁၂][၁၃]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. Gordon၊ Jill (March 13, 2009)။ The 10 Weirdest College Urban LegendsOnlinecollegecourses.com။ 29 April 2017 တွင် ပြန်စစ်ပြီး။
  2. ၂.၀ ၂.၁ ၂.၂ Brunvand၊ Jan Harold (1989)။ "The Suicide Rule"Curses! Broiled Again!။ W.W. Norton and Company။ pp. 295–298ISBN 0-393-30711-5
  3. Reisberg၊ Leo။ "Hollywood Discovers an Apocryphal Legend"၊ Chronicle of Higher Education၊ September 11, 1998။ 29 April 2017 တွင် ပြန်စစ်ပြီး 
  4. Gates၊ Anita။ "Film review: A Novel Way to Get All A's"၊ New York Times၊ August 21, 1998။ 12 May 2015 တွင် ပြန်စစ်ပြီး 
  5. "The Curve (1998)"၊ New York Times။ 12 May 2015 တွင် ပြန်စစ်ပြီး။ Archived from the original on 11 July 2015။ 
  6. Grade ExpectationsSnopes (9 June 2011)။ 14 September 2018 တွင် ပြန်စစ်ပြီး။
  7. A guide to the special consideration process, Joint Council for Qualifications
  8. "A guide to the special consideration process"၊ JCQ၊ 1 September 2019၊ စာ- 11။ 31 October 2020 တွင် ပြန်စစ်ပြီး 
  9. Galiamov၊ Renata။ What makes the GAT crucial, and how to get ready for it။ 16 October 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2021 တွင် ပြန်စစ်ပြီး။
  10. "Pass by Catastrophe" ဆိုတာဖြစ်နိုင်ပါသလား Quora discussion
  11. Chinese University of Hong Kong looks even more like a war zone as night falls (in en-US) (2019-11-12)။ 15 November 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 10 January 2021 တွင် ပြန်စစ်ပြီး။
  12. Cheng၊ Kris (2019-11-13)။ CUHK announces premature end to semester as Hong Kong universities switch to online teaching (in en-GB)။ 2020-01-16 တွင် ပြန်စစ်ပြီး။
  13. 中大人資訊專頁 on Instagram: "中大宣布2019-20年度第一學期結束…" (in en)။ 2020-01-16 တွင် ပြန်စစ်ပြီး။