ဘကလေး၊ ဦး၊ (ပတ္တလား)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
အလင်္ကာကျော်စွာ ပတ္တလား ဦးဘကလေး

ဘကလေး၊ ဦး၊ (ပတ္တလား) (မြန်မာ ၁၂၄ဝ-၁၃၂၂)[ပြင်ဆင်ရန်]

ဦးဘကလေးသည် မြန်မာတူရိယာ ဂီတလောက၊ အထူးသဖြင့် မန္တလေး တူရိယာဂီတလောကတွင် ထင်ရှားကျော်ကြားသော အနုပညာရှင်ကြီး တစ်ဦးဖြစ်၏။ ပတ္တလား၊ အပြင်၊ ပြွေဘာဂျာစသော တူရိယာများကိုပါ တီးမှုတ်နိုင်သော်လည်း ဦးဘကလေး အကျွမ်းကျင်ဆုံးမှာ ပတ္တလားဖြစ်လေသည်။ ဦးဘကလေး၏ အမည်ရင်းသည် ဦးဘဖြစ်သည်။ သို့သော် တစ်ခေတ်တည်း တစ်ချိန်တည်း၌ပင် မန္တလေးတွင် တူရိယာဂီတလောက၌ အခြားဆရာဘတစ်ဦးလည်း ရှိနေပြန်ရာ၊ အသက်အရွယ်ကို လိုက်၍ ဆရာဘကြီး၊ ဆရာဘကလေးဟု ခေါ်ဝေါ်ကြရာမှ ဦးဘကလေးဟု ခေါ်တွင်ခဲ့လေသည်။

ဦးဘကလေးသည် ၁၂၄ဝ ပြည့်နှစ် နတ်တော်လဆန်း ၁ ရက်နေ့တွင် မန္တလေးမြို့ စိတ္တရမဟီရပ်၌ ဖွားမြင်ခဲ့သည်။ မိဘများသည် ဦးခင်မောင်နှင့် ဒေါ်သီတို့ ဖြစ်ကြသည်။ ဦးခင်မောင်သည် ဆွေတော် မျိုးတော် အနွယ်ဝင်တစ်ဦး ဖြစ်၍ ဘုရင့်အပါး၌ တာဝန်ရှိက ခိုင်းစေရန် ရွေးချယ်ထားသော မဟာလေးဆယ်တော် စာရင်းဝင်ဟု ဆိုကြသည်။ ဦးခင်မောင်၏ ဘခင်သည် အမှုတော်ထမ်း ဝန်မင်းတစ်ဦးဖြစ်သည်။ အမိ ဒေါ်သီသည် မှူးမျိုး မတ်မျိုးမှ ဆင်းသက်သူဟု သိရသည်။ ဦးဘကလေး၏ သားချင်းများမှာ ညီဖြစ်သူ ဦးလှ(ကွယ်လွန်သူ) နှင့် နှမ ဒေါ်ဦးတို့ဖြစ်ကြသည်။ ဘခင် ဦးခင်မောင်သည် တူရိယာဂီတစ်ဘက်၌ ဝါသနာထုံသည်။

ပတ္တလားတီး ကျွမ်းကျင်ရုံမက၊ ပတ္တလားကိုပင် လုပ်ကိုင်တတ်သည်ဟု ဆိုကြသည်။ ဘခင်၏ ဝါသနာဆက်နွယ်ပါလာသော ဦးဘကလေးသည်လည်း ငယ်စဉ် ကပင် ပတ္တလားကို တီးခေါက်တတ်လာခဲ့သည်။ အသက် ၇ နှစ်အရွယ်တွင် ဟော်ကုန်းရပ်ရှိ ဆရာဦး၏ မြန်မာစာသင်ကျောင်းတွင် ပညာစတင်သင်ကြားခဲ့သည်။ သို့သော် စာသင်ကြားခြင်းထက် ပတ္တလားတီးခေါင်ရန် ပို၍စိတ်ပါခဲ့သည်။ အသက် ၂ဝ အရွယ်တွင် သင်္ကန်းဝတ်၍ အနောက်ပြင် ခင်မကန်တိုက်ရှိ ဦးလေးတော်သူ ဦးဒီပထံ၌ စာပေအနည်းငယ် ဆက်လက် သင်ကြားရပြန်သည်။ သို့သော် သင်္ကန်းဝတ်ဖြင့် ၂ လ ၃ လခန့်သာ နေပြီးလျှင် လူဝတ်လဲခဲ့သည်။ ထို့ကြောင့် စာပေ ပညာကို ရေးနိုင် ဖတ်နိုင်ရုံမျှသာ သင်ကြားဖူးခဲ့သည်။ ပဉ္စင်းလူထွက်ပြီးချိန်တွင် ပတ္တလားကိုကား အတော်အတန် တီးတတ်နေလေပြီ။ ဦးဘကလေး အသက် ၁၆ နှစ် အရွယ်ကပင် မိဘနှစ်ပါးသည် ရှေ့ဆင့် နောက်ဆင့် ကွယ်လွန်သွားကြရာ၊ လယ်မြေ ဥယျာဉ် ပစ္စည်းပစ္စယ အတော်အတန် ကျန်ခဲ့သည်။ သို့သော် ဆရာ ကြီးသည် ပတ္တလား တီးရန်သာ အာရုံစူးစိုက်နေခဲ့၍ ထိုလယ်မြေ ပစ္စည်းတို့ကို ရောင်းချစားသောက်ခဲ့လေသည်။ ပတ္တလားကောင်းစွာ တီးတတ်ရန်အတွက် ထိုခေတ်က အကျော်အမော်ကြီးများ ဖြစ်ကြသော တူရိယာ ဂီတဆရာ ကြီးများထံ ချဉ်းကပ်၍ ငွေပေးပြီးလျှင် သင်ယူခဲ့သည်။ ဆရာကြီး၏ လက်ဦးဆရာမှာ ပတ္တလားဆရာနု ဖြစ်သည်။ ထို့နောက် ပတ္တလားနှင့် စန္ဒရားဆရာညွန့်ထံတွင် သင်ယူခဲ့ပြန်သည်။ ဆရာကြီး၏ ပတ္တလားတီးပုံ တီးနည်းစံနစ်သည် ဆရာညွန့်ကြီး၏ နည်းဟုဆိုကြသည်။ ယင်းသည့်နောက်တွင် ဆိုင်းဆရာ ဦးကျော်ဇံ၊ ဆရာလတ်နှင့် စောင်းဆရာကြီး ဒေဝ န္ဒာ ဦးမောင်မောင်ကြီးတို့ထံတွင် ဂီတပညာများ ဆက်လက်ဆည်းပူးခဲ့ပြန်သည်။

ပတ္တလားတီးရာတွင် သီချင်းများနှင့်တကွ သီဆိုတီးရသဖြင့် ဦးဘကလေးသည် သီချင်းအများအပြား ရရှိခဲ့သည်။ သူ့ခေတ်သူ့အခါက သီချင်းအရဆုံး ပတ္တလားဆရာ တစ်ဦးအဖြစ် ထင်ရှားခဲ့လေသည်။

တူရိယာဂီတပညာ အတော်အတန် လုံလောက် ပြည့်စုံလျှင်၊ ဦးဘကလေးသည် ထိုခေတ်က ထင်ရှား ကျော်ကြားသော အငြိမ့်သဘင်များတွင် တီးဝိုင်းခေါင်းဆောင် ပတ္တလားဆရာအဖြစ် ဆောင်ရွက်သည်။ ပထမတွင် ဆရာဘကြီး၏အငြိမ့်၌ ၆ နှစ်ခန့်ပါဝင်ခဲ့သည်၊ ထို့အငြိမ့်မှ မင်းသမီးများမှာ ဒေလီညွန့်၊ မစိန်တု၊ ဩဘာညွန့်တို့ဖြစ်၍ လူရွှင်တော်များမှာ ဦးသင်္ခါနှင့် ဦးဓာတ်ခိုးတို့ဖြစ်သည်။ ထို့နောက် ဦးဘကလေးသည် ဦးချစ်ဖွယ်နှင့် ဒေါ်စိန်သုံတို့၏ အငြိမ့်၊ ထားဝယ်ပြန် အငြိမ့်တို့တွင်လည်း ပတ္တလားဆရာအဖြစ် ပါဝင်ခဲ့လေသည်။

အငြိမ့်ထဲ၌ လိုက်နေစဉ်တွင်ပင် တူရိယာ ဂီတပညာကို အခွင့်သင့်တိုင်း ဆက်လက်ဆည်းပူသည်။ ထို့ကြောင့် ဦးဘကလေး၏ လက်သံသည် တိုးတက်ပြောင်မြောက်လာ သည်။ ဦးဘကလေးသည် ၁၉၄ဝ ပြည့်နှစ် ခန့်က ဗြိတိသျှအစိုးရမင်းများက ရွှေတံဆိပ် ငွေတံဆိပ်ဆုများ ပေးအပ်ခြင်းခံခဲ့ရလေသည်။

အငြိမ့်လောက၌ အနှစ် ၃ဝ ခန့်လုပ်ကိုင်ခဲ့ပြီးနောက် ဦးဘကလေးသည် အသက် ၄၈ နှစ်ခန့်တွင် အနားယူလိုက်သည်။ သို့သော် တတ်သည့်ပညာ မနေသာ၍ မိမိ၏ ပညာကို တောင်းခံလာသူများအား ပညာ ဖြန့်ဝေသင်ကြားပေးနေခဲ့သည်။ ၁၉၅၂ ခုနှစ်တွင် ထူးချွန်သော ဂီတပညာရှင်အဖြစ် နိုင်ငံတော် အစိုးရက အလင်္ကာကျော်စွာ ဘွဲ့ဖြင့် ချီးမြှင့်သည်။

၁၉၅၃ ခုနှစ်တွင် သက်ဆိုင်ရာတို့နှင့် တပည့်တပန်းများ၏ တောင်းပန်မှုကြောင့် ၈ဝ တွင်းသို့ချဉ်းကပ် လာနေသည့် မိမိ၏ အသက်အရွယ်ကို ပဓဉာနမထားဘဲ မန္တလေးမြို့ နိုင်ငံတော် ပန်တျာကောင်းတွင် အဆိုနှင့် အတီးပညာများကို သင်ကြားပြသပေးရသော နည်းပြဆရာပြီးအဖြစ် ဝင်ရောက်ဆောင်ရွက်သည်။ ဦးဘကလေး သည် မန္တလေး ပန်တျာကျောင်း၌ ဆက်လက်အမှုထမ်းဆောင်ယင်း အသက် ၈၂ နှစ်အရွယ် ၁၃၂၂ ခုနှစ် ဝါဆို လပြည့်ကျော် ၂ ရက် ( ၁၉၆ဝ-ပြည့်နှစ် ဇူလိုင်လ ၉ ရက်နေ့) တွင် မန္တလေးမြို့၌ပင် ကွယ်လွန်အနိစ္စ ရောက်သွားလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)