ဗုဒ္ဓဝိဟာမရှောင်ပါ

ဝီကီပီးဒီးယား မှ

ဗုဒ္ဓဝိဟာမရှောင်ပါ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

ဗုဒ္ဓဝိဟာမရှောင်ပါ[ပြင်ဆင်ရန်]

အရင်းပဌမေက၊ အင်္ဂတေခြေမသုတ်ဖြစ်ဘု၊ ငွေအုတ်တွေ မြေနီပေါ်သောကြောင့်၊ စေတီတော်ကို၊ ဘုရားနီအခေါ်ပြုကြ၊ ကုန်းရွှေစုသည် ရပ်မြေ။


ကိန်းအမှတ်ကယ်က၊ တိံသတ္တာဒွါနှင့်အစ်ပ၊ ခါနှစ်တွင်ပင် မြင့်နန်းဝယ်ပွင့်ပန်းစုံငုံတမာသို့၊ စခမ်းလှုံကာ ကျေးတွေငှက်ကယ်နှင့်၊ လေးရက်ပေါ်ချိန်တပို့တွင်မှ၊ အိမ်ဂရို့ညွှန်ဆဲ့ခုနစ်ဦးတဲ့၊ လွန်ကျူးစွာ ကြမ္မာကြုံကြ၊ တန်ခူး၊ ကဆုန် နွေဆူးပုံတွေက ရှို့သည့်နှယ်၊ မီးသင့်တို့ချေ။


သည်တာတွင် သည်ရွာကလေးက၊ ရတနာကြေးငွေလှည်းတွေနွားနှင့်၊ ပဲစပါးဆီကျီလှောင်ထည့်လို့၊ အများပင် အားအင်ပြည့်သော်ကြောင့်၊ ထားပေသည့် ပစ္စည်းတွေ၊ မနည်းပေဘု အပြောင်ရှင်း။


လူနတ်ပင် မယှဉ်သာတဲ့၊ ကဿပါမြတ်စွာဘုရားသော်မှ၊ မရပ်မတားနိုင် ကံအဟောင်းငယ်ကြောင့်၊ စံကျောင်းတော် ဝိဟာရကို၊ ဈာလအရောင်ဖြင့်၊ ပြာကျအောင်ထိန်ဝေလျှံတော့၊ စိန္တေယျံ ပရမေအရဟံကိုးရှာလိမ့်၊ ကံဆိုးပုံတညီတညာနှင့်၊ ဘုရားနီရွာမှာ ဤအခါပန်းကြ၊ ကမ္ဘာခန်းအောင် ကျမ်းစောင်ထွက်ကယ်က၊ အတောင်ပက္ခေမှက်ရွှေငုံး၏၊ နေရာလို၊ မြေကမ္ဘာဆုံးအောင်ပ၊ ဂေဟာအိမ်၊ တေဇာရှိန်မတုံးဘု၊ ဘုရားစေတီ ပတ္တမြား ရွှေနီကုန်းတွင်မှ၊ အများဆွေတညီ အစားခြေကို မှီကြအုံးပါလိမ့်၊ သုံးနှစ်အတွင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ အင်္ဂတေ = ရေသဲနှင့် ကော်ရည်တို့ဖြင့် ဖော်စပ်ထားသော အရာ။

၂။ တိံသတ္တာ = (၇၃) ခုနှစ်။

၃။ ဒွါအစ် = တထောင့်နှစ်ရာ (၁၂၇၃ ခုနှစ်)။

၄။ ချိန်တပို့ = တပို့တွဲလ။

၅။ ဂရို့ညွှန် = ဂရို့ချိုး၍ ရေတွက်သည်။

၆။ ဝဟာရ = ကျောင်း။

၇။ ဈာလ = ဈာလာ (ပါ)၊ အရောင်အဝါ။

၈။ စိန္တေယျံ = စိန္တေယျ၊ မြတ်ဘုရား။

၉။ ပရမေအရဟံ = မြတ်ဘုရား။

၁၀။ ပက္ခေ = ပက္ခ(ပါ) ငှက်၊ ငှက်တော်င်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။