ဗသိန်းတင်၊ သခင်

ဝီကီပီးဒီးယား မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာဖွေရန်
သခင်ဗသိန်းတင်

သခင်ဗသိန်းတင် သည် ဗမာပြည်ကွန်မြူနစ်ပါတီကို ဦးဆောင်ခဲ့သော နောက်ဆုံးဥက္ကဋ္ဌ ဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

သခင်ဗသိန်းတင်ကို ၁၉၁၃ ခုနှစ်တွင် ထားဝယ်မြို့ ပရစ်ရပ်တွင် သတ္တုတွင်းပိုင်ရှင် အဖ ဦးဘအို (ထားဝယ်လူမျိုး)၊ အမိ ဒေါ်စောခင် (ဗမာ လူမျိုး) တို့မှဖွားမြင်ခဲ့သည့် ဒုတိယမြောက်သားဖြစ်သည်။ မွေးချင်း ၁၂ ဦးရှိပြီး ယင်းတို့မှာ ဦးစိုးညွန့်၊ ဦးညွန့်လှိုင်၊ ဦးကြည်စိန်၊ ဗိုလ်မှူးကြီး ဖေသက်၊ ဦးဖေညွန့်၊ ဒေါ်သန်းစု၊ ပါမောက္ခဌာနမှူး ဆရာဝန်ကြီးဦးစိုးမြင့်(အိုဂျီ )၊ ဗိုလ်မှုးကြီးမျိုးအောင်၊ ဦးမြင့်အောင်၊ ဦးမြင့်မောင် နှင့် ဒေါက်တာမျိုးမြင့်တို့ ဖြစ်သည်။ သခင်ဗသိန်းတင်၏ မွေးချင်းတို့အနက် ဗိုလ်မှူးကြီး ဖေသက်၊ ဗိုလ်မှူးကြီး မျိုးအောင်၊ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာစိုးမြင့်တို့မှာ ထင်ပေါ်ကြားသူများ ဖြစ်ကြသည်။[၁]

နိုင်ငံရေး[ပြင်ဆင်ရန်]

သခင်ဗသိန်းတင်သည် ၁၉၃၁ ခုနှစ်တွင် ထားဝယ်မြို့ အစိုးရအထက်တန်းကျောင်းမှ အင်္ဂလိပ်-မြန်မာ (၁၀) တန်းအောင်ပြီးနောက် ရန်ကုန်တက္ကသိုလ်၌ ဆက်လက်ပညာသင်ကြားခဲ့သည်။ ၁၉၃၇ ခုနှစ်တွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၃၉ ခုနှစ်တွင် တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ခဲ့သည်။ ၁၉၄၀ ပြည့်နှစ်တွင် ပြည်သူ့အရေးတော်ပုံပါတီဝင် ဖြစ်လာခဲ့သည်။

ယင်းနောက် ဂျပန်ခေတ် ၁၉၄၂ ခုနှစ်တွင် ထားဝယ်မြို့ ဘီအိုင်အေ အုပ်ချုပ်ရေးဌာနတွင် ဆရာဉာဏ်လှိုင်နှင့်အတူ ပါဝင်ဆောင်ရွက်၍ ခရိုင်အုပ်ချုပ်ရေးမှူးဖြစ်သည်။ ၁၉၄၄ ခုနှစ် သရက်မြို့ ခရိုင်ရဲဝန် သုံးလေးလလုပ်ခဲ့ပြီး နုတ်ထွက်ခဲ့သည်။ ထို့နောက် သခင်သန်းထွန်းခေါ်သဖြင့် ရန်ကုန်သို့ ပြန်လည်ရောက်ရှိလာပြီး ကွမ်းခြံကုန်းရှိ သခင်စိုးထံတွင် နိုင်ငံရေးသင်တန်း တက်ခဲ့သည်။ ဤသို့ဖြင့် မြေအောက်ကွန်မြူနစ်ပါတီဝင်တစ်ယောက် ဖြစ်လာခဲ့သည်။ သခင်ဗသိန်းတင်အား သခင်စိုးနှင့် သခင်သန်းထွန်းတို့က ထားဝယ်သို့ ပြန်လွှတ်ပြီး စည်းရုံးရေးမှူးအဖြစ် တာဝန်ပေးခဲ့သည်။ ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တနင်္သာရီတိုင်း တိုင်းနိုင်ငံရေးမှူးအဖြစ် တာဝန်ယူခဲ့သည်။ စစ်ရေးခေါင်းဆောင်မှာ ဗိုလ်ကြီးတင်ထွန်း (ပလက အထူးအရာရှိ) ဖြစ်သည်။

၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင်ကျင်းပသော ကွန်မြူနစ်ပါတီ ဒုတိယကွန်ဂရက်သို့ သခင်ဗသိန်းတင် မတက်ရောက်ခဲ့ချေ။ ဂျပန်တို့ လက်နက်မချသေးသဖြင့် သခင်ဗသိန်းတင်တို့ ဦးဆောင်သော ပြောက်ကျားတပ်ဖွဲ့နှင့် ဂျပန်တို့ သဲသဲမဲမဲတိုက်ခိုက်နေရ၍ ဖြစ်သည်။ ဒုတိယ ပါတီကွန်ဂရက်တွင် သဘာပတိ သခင်သန်းထွန်းက လျှို့ဝှက်အခြေအနေအရ သခင်ဗသိန်းတင်ကို အမည်မဖော်ပြဘဲ ဗဟိုကော်မတီဝင် အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။ ယင်းနောက် ယင်းဗဟိုကော်မတီအစည်းအဝေး၌ပင် သခင်ဗသိန်းတင်ကို ပေါလစ်ဗျူရို (နိုင်ငံရေးဦး ဆောင်အဖွဲ့) အဖွဲ့ဝင်အဖြစ် ရွေးချယ်ခဲ့ကြသည်။

၁၉၄၆ ခုနှစ် မတ်လ ၉ ရက် စနေနေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ကနဦးတည်ထောင်သူတစ်ဦးဖြစ်သူ သခင်စိုးနှင့် သခင်သန်းထွန်း၊ သခင်သိန်းဖေ (သိန်းဖေမြင့်) တို့ သဘောထားကွဲလွဲရာမှ သခင်စိုးဦးဆောင်သော ကွန်မြူနစ်ပါတီ (ဗမာပြည်) (အလံနီ) နှင့် သခင်သန်းထွန်း၊ သခင်သိန်းဖေဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ) ဟူ၍ နှစ်ခြမ်းကွဲသွားရာ သခင်ဗသိန်းတင်သည် သခင်သန်းထွန်း ဦးဆောင်သော ဗမာပြည်ကွန်မြူနစ်ပါတီဘက်၌ ရပ်တည်ခဲ့သည်။ သခင်ဗသိန်းတင်သည် ပါတီ၏ကြွေးကြော်သံဖြစ်သည့် ပြည်သူ့ အာဏာဂျာနယ်နှင့် ကွန်မြူနစ်နေ့စဉ်သတင်းစာ၌ အယ်ဒီတာအဖွဲ့ဝင်လည်း ဆောင်ရွက်ခဲ့သည်။

၁၉၄၆ ခုနှစ် ဇွန်လတွင် ဗဟိုကော်မတီအစည်းအဝေးတွင် သခင်သန်းထွန်းကို ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တင်မြှောက်၍ သခင် သိန်းဖေကို ဖဆပလတို့ပို့ရာတွင် သခင်ဗသိန်းတင်သည် တက်ကြွစွာပါဝင်ခဲ့သည်။

၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် အင်္ဂလန်ပြည်လန်ဒန်မြို့၌ကျင်းပသော ဗြိတိသျှအင်ပါယာ ကွန်မြူနစ်ပါတီများ၏ကွန်ဂရက်သို့ ကိုအောင် ကြီး (နောင်ပီကင်းပြန်အောင်ကြီး) နှင့်အတူ သခင်ဗသိန်းတင် တက်ရောက်ခဲ့သည်။

၁၉၄၈ ခုနှစ် မတ်လတွင် ပေါလစ်ဗျူရိုအစည်းအဝေး၌ ရဲဘော်ဘတင်ခေါ် ဂိုရှယ်နှင့် သခင်သန်းထွန်းတို့ လက်နက်ကိုင်တောခိုရေး၊ မခိုရေး သဘောကွဲလွဲရာတွင် သခင်ဗသိန်းတင်သည် သခင်သန်းထွန်းဘက်မှရပ်တည်ခဲ့သည်။

၁၉၄၈ ခုနှစ် မတ်လ ၂၇ ရက်တွင် ရန်ကုန်မဟာဗန္ဓုလပန်းခြံ၌ အခမ်းအနားတစ်ခုကို ဖဆပလနှင့် ယှဉ်ပြိုင်ကျင်းပ၍ သခင်သန်းထွန်းက ဖဆပလအစိုးရကို တော်လှန်ပုန်ကန်ကြရန် ဗြောင်သွေးထိုးပေးရုံမက "ဗားကရာချောက်" ၌ ဆိုရှယ်လစ်များ၏ သွေးအရိုးဖြင့် ပြည့်လျှံသွားစေရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ထို့နောက် မတ်လ ၂၈ ရက်နေ့တွင် သခင်သန်းထွန်း၊ သခင်ဗသိန်းတင်တို့သည် ရန်ကုန်မှ ဖြူးသို့ မီး ရထားစက်ခေါင်းတွင် မီးထိုးသူများအဖြစ်အယောင်ဆောင်ကာ တောခိုသွားခဲ့ကြသည်။

ထို့နောက် သခင်ဗသိန်းတင်သည် သူနာပြု မစိန်ဝင်းနှင့်အတူ တရုတ်ပြည်တွင်ဆေးကုရန် မြစ်ဖျားဒေသ (ကဒူးဒဏန်းဧရိယာ) ပင်လယ်ဘူး သို့ ခရီးထွက်ခဲ့သည်။ လမ်းခရီးအခြေအနေ လုံခြုံမှုမရှိသဖြင့် ပင်လယ်ဘူးနယ်တွင် သခင်ဗသိန်းတင်သည် တစ်နှစ်ခန့်သောင်တင်နေခဲ့သည်။ ၁၉၅၂ ခုနှစ် မတ်လတွင် သခင်သန်းမြိုင်၊ ဗိုလ်ဇေယျတို့အဖွဲ့ ပင်လယ်ဘူးသို့ ရောက်လာရာမှ ယင်းအဖွဲ့နှင့်အတူ သခင်ဗဟိန်းသည် တရုတ်ပြည်သို့ ခရီးဆက်နိုင်ခဲ့သည်။ တရုတ်ပြည်ရောက်သည်နှင့် သခင်ဗသိန်းတင်ကို တရုတ်ကွန်မြူနစ်ပါတီက တရုတ်ပါတီထိပ်တန်းခေါင်း ဆောင်များသာ တက်ရောက်ကုသခွင့်ရှိသည့်ဆေးရုံတွင် ချောင်းဆိုးသွေးပါရောဂါကို ကုသပေးခဲ့သည်။

ထိုအချိန်လောက်မှာပင် ပျဉ်းမနားရှိ သခင်ဗသိန်းတင်၏ဇနီး မမိ(ဒေါ်မိမိလေး) (နဂါးနီဦးထွန်းအေး၏အစ်မ) သည် မိန်းမရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်။ ကျန်ရစ်သူသမီးသုံးယောက်ကို သခင်သန်းထွန်းက ထားဝယ်ရှိ မမမိ ဆွေမျိုးများထံ ပို့ပေးလိုက်သည်။ သမီးသုံးဦးမှာ တင်မြမူ၊ တင်စောမူ နှင့် တင်ထွေးမူတို့ဖြစ်ကြပြီး ကွယ်လွန်ခဲ့ကြပြီးဖြစ်သည်။ သခင်ဗသိန်းတင်၏သမီး(၃)ဦးအနက် အငယ်ဆုံးဖြစ်သူ ဒေါ်တင်ထွေးမူသည် တရားလွှတ်တော်ချုပ် ရှေ့နေတစ်ဦးဖြစ်ပြီး ၁၉၈၈ခုနှစ် အရေးအခင်းကာလတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏တနင်္သာရီတိုင်း စည်းရုံးရေးမှူးအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ၁၉၉၀ တွင် စစ်ခုံရုံးမှ နိုင်ငံရေးပုဒ်မများဖြင့် အရေးယူခြင်းခံခဲ့ရသည်။ (၆.၁.၂၀၁၂) တွင် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကော်မတီများနှင့် The Law Society of Upper Canada မှ နိုင်ငံတော်သမ္မတနှင့် ရှေ့နေချုပ်တို့ထံ ပေးစာများကြောင့် ရှေ့နေလိုင်စင် ပြန်လည်ရရှိခဲ့သော်လည်း လျှောက်ထားထုတ်ယူခြင်းမပြုခဲ့ပေ။ (၁၈.၅.၂၀၁၅)တွင်ရန်ကုန်မြို့ SSCအထူးကုဆေးရုံတွင် နာတာရှည် လေဖြတ်ရောဂါဖြင့် ကွယ်လွန်ခဲ့သည်။

သခင်ဗသိန်းတင်သည် နယ်စပ်ဖြတ်ကျော်ပြီး တရုတ်ပြည်ရောက်လာကြသော ပါတီကေဒါများကို တရုတ်ပြည်တပ်မတော် စစ်ကျောင်းများ သို့ပို့လွှတ်၍ စစ်ပညာသင်ကြားစေသည်။ နိုင်ငံတကာ ကွန်မြူနစ်ပါတီများ၏ ကွန်းဖရင့် ကွန်ဂရက်များသို့ ပါတီကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။

၁၉၅၅ ခုနှစ်တွင် မြန်မာပြည်အတွင်းရှိ ပါတီဥက္ကဋ္ဌ သခင်သန်းထွန်းသည် လမ်းစဉ်မချနိုင်သဖြင့် သခင်ဗသိန်းတင်ထံ ကြိုးမဲ့ကြေးနန်းဖြင့် လှမ်းအကူအညီ တောင်းခဲ့ရသည်။ သခင်ဗသိန်းတင်သည် တရုတ်ကွန်မြူနစ်ပါတီနှင့် ရုရှကွန်မြူနစ်ပါတီ၏ကူညီမှုဖြင့် "၅၅" လမ်းစဉ်ဟု အမည်တပ်ထားသော လမ်းစဉ်သစ်တစ်ရပ်ကိုရေးဆွဲ၍ ကြေးနန်းဖြင့် သခင်သန်းထွန်းထံပေးပို့ခဲ့သည်။ ယင်းလမ်းစဉ်မှာ အာဏာရအစိုးရများနှင့် တွေ့ဆုံပြီး သဘောတူညီမှုရပါက ဥပဒေဘောင်အတွင်းဝင်ရောက်ကာ အတိုက်အခံပါတီတရပ် အဖြစ် ရပ်တည်ရန်ဖြစ်သည်။ အခြားတနည်းမှာ အာဏာရအစိုးရနှင့် သဘောတူညီမှုမရပါက လက်နက်ကိုင်လမ်းစဉ်ဖြင့် တော်လှန်ရေးကို ဆုံးခန်းတိုင်ဆင်နွှဲသွားရန်ဖြစ်သည်။

၁၉၆၃ ခုနှစ် ဇွန်လ ၁၁ ရက်နေ့တွင် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန် တောတွင်းလက်နက်ကိုင်အဖွဲ့များကို ဖိတ်ခေါ်ခဲ့သည်။ သခင်ဗသိန်းတင်က ဖိတ်ခေါ်မှုကို မူအားဖြင့် လက်ခံသော်လည်း သူတို့အဖွဲ့က ဗကပဌာနချုပ်ရှိ သခင်သန်းထွန်းတို့နှင့် အရင်ဆုံးတွေ့ဆုံဆွေးနွေးခွင့်တောင်းခဲ့သည်။ တော်လှန်ရေးကောင်စီက သခင်ဗသိန်းတင်၏ အစီအစဉ် ကိုလက်ခံလိုက်သောကြောင့် သခင်ဗသိန်းတင်သည် အဝေးရောက်ဗဟိုကော်မတီများဖြစ်ကြသည့် ရဲဘော်အောင်ကြီး၊ ဗိုလ်ဇေယျ (ရဲ ဘော်သုံးကျိပ်) တို့ခေါင်းဆောင်သော အဖွဲ့တစ်ဖွဲ့ကို ရန်ကုန်ရောက်သည့်နှင့် ပြည်ခရိုင်၊ ပေါက်ခေါင်းမှတဆင့် သခင်သန်းထွန်းတို့ရှိရာ ပဲခူးရိုးမတောတွင်းသို့ ပို့ပေးခဲ့သည်။ ယင်းအဖွဲ့ သခင်သန်းထွန်းထံရောက်ရှိကြောင်း သထင်းရရှိပြီးနောက် သခင်ဗသိန်းတင်နှင့်အတူ ဒေါက်တာမစိန်ဝင်းနှင့် မတင်ဝေ (သခင်သက်တင်၏ ဇနီးဟောင်း) တို့က ရန်ကုန်မှတဆင့် ပဲခူးရိုးမတောတွင်းသို့ ရောက်ရှိသွားသည်။

သခင်ဗသိန်းတင်သည် တောတွင်း၌ သခင်သန်းထွန်းနှင့် တွေ့ဆုံးဆွေးနွေးပြီးနောက် တစ်ပတ်အကြာတွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိ လာသည်။ မစိန်ဝင်းနှင့် မတင်ဝေတို့ တောတွင်း၌ကျန်ရစ်ခဲ့သည်။

မကြာမီမှာ ဗကပဥက္ကဋ္ဌ သခင်သန်းထွန်းက နိုင်ငံရေးဦးဆောင်အဖွဲ့ဝင် (ပေါလစ်ဗျူရို) အတွင်းရေးမှူး ရဲဘော်ဌေးခေါင်းဆောင်သော ပဏာ မကိုယ်စားလှယ်အဖွဲ့ကို ရန်ကုန်သို့စေလွှတ်ခဲ့သည်။ ရဲဘော်ဌေးနှင့်အတူ ရဲဘော်အောင်ကြီး (ပီကင်းပြန်)၊ ဗိုလ်ဇေယျ (ရဲဘော်သုံးကျိပ်)၊ ရဲဘော်သက်တင် (ရေနံမြေ)၊ ဗိုလ်ပု (ဂျပန်ပြန်)၊ ဗိုလ်စိုးမောင် (ဓနုဖြူ)၊ ရဲဘော်ခင်ကြီး၊ ရဲဘော်ဘခက်တို့ လိုက်ပါခဲ့ကြသည်။

၁၉၆၃ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်စီ ကိုယ်စားလှယ်များနှင့် ဗမာပြည်ကွန်မြူနစ်ပါတီ အတွင်းရေးမှူး ရဲဘော် ဌေးဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်တို့သည် အကြိုငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်ပြုလုပ်ခဲ့ကြသည်။ ယင်းနောက် နိုင်ဝင်ဘာလ ၁၅ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီကိုယ်စားလှယ်အဖွဲ့နှင့် တော်လှန်ရေးကောင်စီတို့ ပြည်တွင်းငြိမ်းချမ်း ရေးဆွေးနွေးပွဲသည် သဘောထားကွဲလွဲရာမှရပ်စဲလိုက်ကြောင်း တော်လှန်ရေးကောင်စီကကြေညာခဲ့သည်။ ဆွေးနွေးပွဲပျက်ပြားသွားခဲ့သ ဖြင့် ဗကပကိုယ်စားလှယ်အဖွဲ့ဝင်များ တောတွင်းသို့ ပြန်လည်ဝင်ရောက်သွားခဲ့လေသည်။

ထို့နောက် ၁၉၆၈ ခုနှစ်တွင် သခင်ဗသိန်းတင်ခေါင်းဆောင်သောဗကပများသည် မြန်မာပြည်အရှေ့မြောက်ဒေသ ပန်ဆိုင်းတွင် အခြေစိုက် ဌာနချုပ် ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်အတွင်း ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် ဗမာပြည်ကွန်မြူနစ်ပါတီဥက္ကဋ္ဌ သခင်သန်းထွန်း လုပ်ကြံခံရ၍ သေဆုံးသွားသောကြောင့် ဗကပဥက္ကဋ္ဌအဖြစ် သခင်ဇင်နှင့် အတွင်းရေးမှူးအဖြစ် သခင်ချစ်တို့ဖြစ်လာခဲ့သည်။ ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် ပဲခူးရိုးမတွင် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားစဉ် ဗကပဥက္ကဋ္ဌ သခင်ဇင်နှင့် အတွင်းရေးမှူး သခင်ချစ်တို့ သေဆုံးသွားခဲ့ရာ အဝေးရောက်ဗဟိုကော်မတီအစား ဗဟိုကော်မတီအသစ်ကို အရှေ့မြောက်နယ်စပ်၌ ဖွဲ့စည်းခဲ့သည်။ ယင်းကော်မတီသစ် တွင် သခင်ဗသိန်းတင်သည် ပါတီဥက္ကဋ္ဌဖြစ်လာခဲ့သည်။ ယင်းနောက် ၁၉၈၁ ခုနှစ် ဒီဇင်ဘာလတွင် သခင်ဗသိန်းတင်နှင့် သမ္မတ ဦးစန်းယု ခေါင်းဆောင်သော အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့သော်လည်း တရုတ်-မြန်မာနယ်စပ်ရှိ ဗကပလွတ်မြောက်နယ်မြေကို အစိုးရက အသိအမှတ်ပြုရမည်၊ ဗကပတို့၏ တပ်မတော်တည်ရှိမှုကို အသိအမှတ်ပြုရ မည်ဟူသော အချက်တို့နှင့်ပတ်သက်၍ သဘောကွဲလွဲကာ ဆွေးနွေးပွဲပျက်ခဲ့ရပြန်သည်။

၁၉၈၅ ခုနှစ် စက်တင်ဘာလ ၉ ရက်မှ အောက်တိုဘာလ ၂ ရက်နေ့အထိ ပါတီ၏တတိယအကြိမ်ကွန်ဂရက်ကို အရှေ့မြောက်ဒေသ ပန် ဆန်းတွင် ပါတီဥက္ကဋ္ဌ သခင်ဗသိန်းတင်ဦးဆောင်၍ ခမ်းနားစွာကျင်းပခဲ့သည်။ ထို့နောက် တတိယပါတီကွန်ဂရက်က တင်မြှောက်လိုက်သော အရန်ဗဟိုကော်မတီဝင်နှင့် "ဝ" မြောက်ခရိုင် တပ်မဟာ (၁၂) တပ်မှူး ရဲ ဘော်ကျောက်ညီလိုင်နှင့် အလယ်ပိုင်းဗျူရို ဒုတပ်ရင်းမှူး ရဲဘော်ပေါက်ယူချန်ဦးစီးသည့် "ဝ" မြောက်ပိုင်းခရိုင် ခွင်ဖားမြို့နယ်တပ်နှင့် အခြား မြို့နယ်တို့မှ ပုန်ကန်တပ်များက ပန်ဆန်းမှ "ဝ" တပ်မှူးတပ်သားများဆက်သွယ်ကာ ပန်ဆန်းရှိ ဗကပဗဟိုကို ၁၉ ၈၉ ခုနှစ် ဧပြီလ ၁၇ရက်နေ့၌အာဏာသိမ်းပိုက်လိုက်ကြသည်။သခင်ဗသိန်းတင်မှာထိုကဲ့သို့'၀'တို့အာဏာသိမ်းမည့်အစီအစဉ်ကိုထိုနေ့မတိုင်မီညကတည်းကသိရှိထားပါသည်၊၊သို့သော်လည်းအကြောင်းအမျိုးတို့ကြောင့်လက်လျှော့ခဲ့

ရသဖြင့်လွယ်ကူစွာပင်သွေးထွက်သံယိုမှုမရှိပဲသိမ်းယူရရှိသွားပါသည်၊

အာဏာသိမ်းပိုက်စဉ်က "ဝ" ခေါင်းဆောင် ကျောက်ညီလိုင်က ပူးပေါင်းရန် ပြောဆိုသော်လည်း သခင်ဗသိန်းတင်သည် ငြင်းပယ်ခဲ့သဖြင့် သေနတ်ကိုသိမ်းပြီး သခင်ဗသိန်းတင်ကို ထမ်းစင်ဖြင့် တရုတ်ပြည်ဘက်ကမ်းသို့ ပို့လိုက်လေသည်။ ဤသို့ သခင်ဗသိန်းတင်သည် တရုတ်ကွန်မြူနစ်ပါတီအား ပန်ဆန်းနှင့်အနီး မုံးလီတွင် နေထိုင်ခွင့်တောင်းရာ ခွင့်မပြုသဖြင့် မုံးလီနှင့် ၆၆ ကီ လိုမီတာဝေးသော မုန်းလျှန်တွင်သာ နေထိုင်ခဲ့ရသည်။

ယင်းနောက် တော်လှန်ရေးဆက်လုပ်လိုသူအနည်းစုကို သခင်ဗသိန်းတင်ခေါင်းဆောင်၍ ရဲဘော်ကျော်မြင့်၊ ရဲဘော်ခင်မောင်ကြီး၊ ဗိုလ်မှူး ချုပ်ဟောင်းကျော်ဇော၊ ရဲဘော်ရဲထွန်းတို့သည် ကား ၃၃ စီးဖြင့် မိသားစုများနှင့်အတူ ၁၀၁ တပ်ဖွဲ့ ပန်းဝါသို့ထွက်ခွာသွားလေသည်။ ပန်းဝါ တွင်နေထိုင်စဉ်အတွင်း သခင်ဗသိန်းတင် မျက်စိယောင်လာသဖြင့် ၁၉၈၉ ခုနှစ် အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပေါက်ရှန်မြို့မှတဆင့် ပီကင်းသို့သွား ရောက်ဆေးကုသရင်း ပီကင်းတွင်နေထိုင်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

သခင်ဗသိန်းတင်သည်ငယ်စဉ်ကတည်းကဖခင်ဖြစ်သူ၏အားပေးတိုက်တွန်းမှုကြောင့်လည်းကောင်း၊မိမိကိုယ်တိုင်ကမဟုတ်မမှန်စိတ်ဓါတ်ပင်ကိုယ်ရှိပြီးနိုင်ငံရေးကိုစိတ်ပါမှုအားကြီးသ

ဖြင့်လည်းကောင်းတို့ဗမာအစည်းအရုံးသို့၀င်ရောက်ခဲ့ပြီးဖက်ဆစ်တော်လှန်ရေးမှအစပြုကာကွန်မြူနစ်ပါတီသို့၀င်ရောက်ခဲ့ခြင်းဖြစ်ပါသည်၊ထိုမှတစ်ဆင့်အာဏာရှင်စံနစ်ကိုမလိုလား

သောကြောင့်လက်နှက်ကိုင်တော်လှန်ခဲ့သောကွန်မြူနစ်စစ်စစ်တစ်ဦးလည်းဖြစ်ရာနိုင်ငံအသီးသီးတို့ရှိကွန်မြူနစ်ခေါင်းဆောင်တို့၏လေးစားမှုကိုလည်းရရှိခဲ့သူတစ်ဦးဖြစ်ပါသည်၊ညီအစ်ကို

မောင်နှစ်မမိသားစုကိုစွန့်လွှတ်၊ဇနီးနှင့်သမီးများကိုလည်းစွန့်လွှတ်ခဲ့ပြီးအသက်သေသည်အထိသူ၏ယုံကြည်မှုဖြစ်သောထိုဝါဒကိုလက်ကိုင်ထားခဲ့သူတစ်ဦးလည်းဖြစ်ပါသည်၊သူသည်၁၉၉၇ ခုနှစ်

ဒီဇင်ဘာလ ( ၂၃ )ရက် ညနေ(၃)နာရီအချိန်တွင် တရုတ်နိုင်ငံ ဟူနန်ပြည်နယ် ချန်ရှားမြို့တွင် ကွယ်လွန်ခဲ့ပါသည်။ သူ၏အရိုးပြာကိုမြစ်ထဲသို့မျှောခဲ့သည်။ သို့သော် တရုတ်နိုင်ငံ၏ နေရာတစ်ခုတွင် မြှပ်နှံခဲ့သည်ဟု သူ၏မိသားစုကဆိုသည်။

ဓာတ်ပုံများ[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. ဒေါက်တာကျော်မြင့်. အိုဂျီဦးစိုးမြင့် ဘဝမှတ်တမ်း. 
  2. Lintner, Bertil. The Rise and Fall of the Communist Party of Burma (CPB)
  3. ဗမာပြည်ကွန်မြူနစ်ပါတီ - သခင်သန်းထွန်း၏နောက်ဆုံးနေ့များ(အတွဲ ၁ +၂)

[[Category:ဗမာပြည်ကွန်မြူနစ်ပါတီအဖွဲ့

ဝင်များ]]