ဗခင်၊ ဦး(ပန်းချီ)

ဝီကီပီးဒီးယား မှ
(ဗခင်၊ ဦး မှ ပြန်ညွှန်းထားသည်)

ပန်းချီပန်းပုအနုပညာလောကနှင့် လက်မှုပညာနယ်ပယ်တွင် ထင်ရှားသော ပညာရှင်တစ်ဦးဖြစ်သူ ဦးဗခင်ကို ၁၉၁ဝ ပြည့်နှစ်တွင် မကွေးတိုင်းတောင်တွင်းကြီးမြို့အနီး မြေပြင်သာရွာ၌ တိုက်သူကြီး မျိုးနွယ်များ ဖြစ်သော ဦးဩဘာ၊ ဒေါ်မမကြီးတို့က မွေးဖွားသည်။ တောင်တွင်းကြီးမြို့ ရတနာဒေဝီ ကျောင်းတိုက်အတွင်း ဖွင့်လှစ်ထားသော အစိုးရကျောင်းတွင် ပညာသင်ကြားပြီးနောက် တောင်ငူမြို့ နော်မန်ကျောင်းတွင် ဆရာဖြစ်သင်တန်း ဆက်တက်ရာ ဆရာဖြစ်အောင်၍ ယင်းကျောင်း၌ပင် ပုံဆွဲနှင့်လက်မှု ပညာဆရာအဖြစ် အမှုထမ်းသည်။ ယင်းသို့အမှုထမ်းစဉ် တို့ဗမာ အစည်းအရုံးသို့ ဝင်ခဲ့သည်။ ဦးဗခင်သည် ပန်းချီပညာ ဆည်းပူးလိုသဖြင့် ရန်ကုန်မြို့တွင် ပထမဆုံး ဖွင့်လှစ်သော အစိုးရ ပန်းချီကျောင်းသို့ တက်ရောက်ခဲ့သည်။ ရန်ကုန်ပန်းချီကျောင်း တက်စဉ် မြန်မာပြည် ပန်းချီအသင်း (ဘားမားအတ်ကလပ်)သို့ဝင်ကာ ပန်းချီဆွဲလေ့ကျင့်ခဲ့သည်။

ဒုတိယ ကမ္ဘာစစ်အတွင်း သခင်နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ရွှေဂုံတိုင် သက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတွင် ကျောင်းအုပ်အဖြစ် အမှုထမ်းသည်။ နိုင်ငံတော် ဆရာအတတ်သင်ကျောင်း စတင်ဖွင့်လှစ်သောအခါ လက်မှုပညာ လက်ထောက်ကထိက အဖြစ်လည်းကောင်း၊ ၁၉၅၂ ခုနှစ်မှ စပြီး စက်မှုလက်မှုပညာ ကထိကအဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့ပြီး ၁၉၇ဝ ပြည့်နှစ်တွင် အငြိမ်းစား ယူသည်။ နိုင်ငံတော် ဆရာအတတ်သင်ကျောင်းတွင် အမှုထမ်းစဉ် ဦးဗခင်သည် အခြေခံစက္ကူ လက်မှုပညာ သင်ပြနည်း(၁၉၆၅ ခုနှစ်)၊ အခြေခံ ဝါးကြိမ်လက်မှုပညာသင်ပြနည်း (၁၉၆၅ ခုနှစ်၊ အခြေခံ ရွှံ့စေးလက်မှု ပညာသင်ပြနည်း(၁၉၆၇ ခုနှစ်) နှင့် အခြေခံလက်မှုပညာသင်ပြနည်း စသည့် စာအုပ်များကို ရေးသားခဲ့သည်။ ယင်းစာအုပ်လေးအုပ်စလုံးကို စာပေဗိမာန်က ပုံနှိပ် ထုတ်ဝေခဲ့သည်။ အခြေခံသစ်သားထည်လုပ်ငန်းနှင့် အခြေခံစာအုပ်ချုပ်လုပ်ငန်း စာမူများကိုလည်း ရေးသားခဲ့သည်။ ပညာတန်ဆောင် ပညာရေးစာစောင်၌လည်း လက်မှုပညာဆောင်းပါးများ ရေးခဲ့သည်။

ဦးဗခင်သည် မြန်မာပြည်ပန်းချီသမဂ္ဂစတင်ဖွဲ့စည်းသော ၁၉၄၆ ခုနှစ်မှစ၍ အမှုဆောင်အဖွဲ့တွင် ပါဝင်ခဲ့ပြီး ၁၉၅၄ ခုနှစ်မှစ၍ ၁၉၆၂ ခုနှစ်အထိ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်သည်။ မြန်မာနိုင်ငံ ပန်းချီပန်းပုကောင်စီ ဖွဲ့စည်းသောအခါတွင်လည်း အဖွဲ့ဝင်အဖြစ် ပါရှိပြီး ၁၉၇၁ ခုနှစ်မှစ၍ သုံးနှစ်ခန့် ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့သည်။ ဦးဗခင်သည် ရေဆေးကား အဆွဲသန်ပြီး မိမိ၏ပန်းချီကားများကို ပန်းချီပြပွဲများတွင် တင်ပြလေ့ ရှိသည်။ ဦးဗခင်သည်သစ်သားပန်းပုနှင့် ရွှံ့ရုပ်လုံးများ ပြုလုပ်ရာတွင်လည်း ကျွမ်းကျင်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးစဉ်က ဂျူဗလီဟောခန်းမ၌ ခေါင်းဆောင်ကြီးများ၏ ပုံတူကားများကို ရေးဆွဲ၍ မွမ်းမံကြရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဓနုဖြူမြို့ ဗန္ဓုလကြေးရုပ် ကြီးကြပ်ရေးအဖွဲ့တွင်လည်း ပါဝင်ဆောင်ရွက်သည်။ ဦးဗခင်သည် စပ်ပညာနှင့် မြန်မာ့ရိုးရာဝင်္ကပါပြုလုပ်နည်းများကို ငယ်စဉ်ကပင် တတ်ကျွမ်းခဲ့သူဖြစ်သည်။ ဦးဗခင်သည် ရန်ကုန်ကျောင်းဆရာများအသင်း ဥက္ကဋ္ဌ၊ ကလေးကစားစရာအသင်းချုပ်ဥက္ကဋ္ဌ၊ ရန်ကင်းစံပြ အလယ်တန်းကျောင်း မိဘဆရာအသင်းနာယက၊ နိုင်ငံတော် ဆရာ အတတ်သင်ကျောင်း ဗုဒ္ဓဘာသာအသင်း ဥက္ကဋ္ဌ စသည်ဖြင့် ဆောင်ရွက်ခဲ့သည်။

ပန်းချီနှင့် လက်မှုပညာရှင် ဦးဗခင်သည် ၁၉၈၃ ခုနှစ်၊ နိုဝင်ဘာလ၊ ၂ဝရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် ဇနီးဒေါ်အေးမြင့်နှင့် သားသမီး ခြောက်ယောက် ကျန်ရစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့ စွယ်စုံကျမ်း