ပုလင်းရေမမြီးပါနှင့်

ဝီကီပီးဒီးယား မှ

ပုလင်းရေမမြီးပါနှင့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

အသက် ၆၈ နှစ်အရွယ်ရှိ ကန္နီမြို့သူကြီး ဦးဖုန်းမိုသည် မြို့အုပ်နှင့်အတူ အရက်သောက်မိရာ မူးယစ်၍ အိမ်ပေါ်မှ လိမ့်ကျကြောင်း ကြားသိရ၍ ဖွဲ့ဆိုထားသော သံချိုကဗျာ ဖြစ်သည်။

ပုလင်းရေမမြီးပါနှင့်[ပြင်ဆင်ရန်]

ရီအခြေ ဘိုးဖေက၊ ဒေသရွှေနီမြို့မှာ၊ မင်းပြည်စို့ အမွေခံ။

ဖွားသန့်စင် မြင်သည့်ရက်က၊ ပုခက်တင် ငယ်အခါက၊ နုရုဒ္ဓါ သတို့သားကဲ့သို့၊ စားအစာ ဘယ်ထမင်းနှင့်၊ ဘယ်ဟင်းမှာ ဘယ်ကဖြစ်သည်ဟု၊ ရင်းမြစ်ကို မသိခဲ့အုံးခဲ့ဘု၊ ဘုန်းရှိတဲ့ကံ။

ဘိလပ်စံ ထပ်မံလို့ စိုးပြန်တော့၊ အရိုးကို အရွက်မဖုံးနိုင်ဘု၊ ဆက်အုံးပြန် ခံယူလျင်းပေရ၊ တူရင်းချာ သမက်သားကိုဖြင့်၊ ကိုးစား၍အပ်ခါနှံ၊ လာဘ်လာဘံရွှင်တောင်း။

မိတ္ထိပြေ ဝေဒေဟက၊ ဒေသမဇ္ဇဂုံးသို့၊ မဟော်လုင်ကို၊ ခေါ်ချင်အုံးသော်ကြောင့်၊ ညည့်သုံးယာမ်အခါကြီးတွင်မှ၊ မြင်းစီးကာ ကိုယ်တိုင်သွားတော့၊ တံခါးတွင် မြင်းကျွံလို့ ကျိုးပါသတဲ့၊ ပြည်စိုးကံ မတ်ရှစ်သောင်းငဲ့၊ အပေါင်းအဖော်ကြောင့်၊ ချိန်မတော် အိမ်ပေါ်ကလျောပြန်ခဲ့၊ ငယ်သောဟိုအခါကဲ့သို့၊ ကိုယ်ခန္ဓာကို အတင့်မရည်းသာဘု၊ အပြင်းပြေ ပုလင်းရေကို မမြီးရစ်ပါနှင့်၊ သည်းခံဘို့ကောင်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ နုရုဒ္ဓါ = အနုရုဒ္ဓါ သတို့သား၊ မိဘထံမှ မုန့်ကိုတောင်းရာ မရှိဟုဆိုသဖြင့် မရှိမုန့်ကိုပင် တောင်းပြန်သောအခါ နတ်တို့က နတ်ဩဇာကို ထည့်ပေးလိုက်လေသည်။

၂။ မိတ္ထိပြေ = မိတ္ထိလာ (ဝါ)၊ မိဓိလာတိုင်းပြည်။

၃။ ဝေဒေ= ဝိဒေဟရာဇ်မင်းကြီး။

၄။ မဇ္ဈဂုံး = မဇ္ဈဂုံးရွာ၊ မဟော်သဓာလုလင်နေသည့်ရွာ။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။