ပုန်းရည်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပုန်းရည်ကြီး နှင့် မရောထွေးပါနှင့်။

ပုန်းရည်သည် စားသုံးရသည့် ချဉ်သော အရည်တစ်မျိုး ဖြစ်၏။ ယင်းကို သင်္ဘောပုန်းရည် သို့မဟုတ် ရှာရကာရည်ဟုလည်း ခေါ်တတ်ကြသေးသည်။ ရှေးသိုးဆောင်းနှင့် မြန်မာဆေး ကျမ်းများ၌ ပုန်းရည်သည် ဆေးဝါးအဖြစ် အသုံးဝင်ကြောင်း အထင်အရှား ရေးသားထားသည်။ ယင်းကို အချဉ်အရသာအတွက်လည်း အသုံးပြုလေ့ရှိပြီး အသီးအနှံများကို သနပ်ပြုလုပ်ရာတွင်လည်း အသုံးပြုကြသည်။

ရှေးအခါက သကြားရည်ကို သူ့အလိုအလျောက် အချဉ်ပေါက်အောင် ထားခြင်းဖြင့် ပုန်းရည်တည်ကြ သည်။ အချို့ဗက်တီးရီးယားများသည် အယ်လကိုဟောသတ္တိ နည်းပါးသော အရည်များကို ကဇော်ပေါက် စေတတ်သည်။ ထိုသို့ကဇော်ဖောက်၍ တည်သော ပုန်းရည်ပြုလုပ်ရာ၌ အရေး ကြီးဆုံးသော ဗက်တီးရီး ယားသည်ဗက်တားရီးယမ် အက်ဆီတီးခေါ် ဗက်တီးရီးယားများ ဖြစ်သည်။

ပုန်းရည်တည်ရာ၌ အနောက်နိုင်ငံတွင် သစ်သော့သီး၊ လိမ္မော်သီး၊ နာနတ်သီး၊ စပျစ်သီး၊ ပျားရည်တို့ ကိုလည်း အသုံးပြုကြသည်။ မြန်မာဆေးကျမ်းများ၌မူ မုယောစိမ်း ပုန်းရည်၊ စပါးပုန်းရည်၊ ဂျုံဆန်စိမ်း ပုန်းရည် စသည်ဖြင့် ပုန်းရည်အမျိုးမျိုး ရှိကြောင်းကို တွေ့ရသည်။ ယင်းတို့သည် အစာကို ကြေစေ၍ လေနာကို နိုင်သဖြင့် ဆေးဝါးအဖြစ် အသုံးဝင်သည်။ ဝိနည်း မဟာဝါ ပါဠိတော်၌ စပါးမျိုးခုနှစ်မျိုးမှ ဖြစ် သော ထမင်း၊ အမဲ၊ သားစိမ်း ငါးစိမ်း၊ တြိကဋုက်သုံးပါး၊ မဆလာ၊ အမွှေး၊ သိန္ဓောဆားတို့ကို ထည့်၍ လုပ်သော ကာဏသောဝီရကမည်သော ပုန်းရည်သည် အစာကို လွန်စွာ ကြေစေနိုင်သည်၊ လူကိုဝစေတတ် သည်။ နေလွှဲသည့်အခါ၌ပင် မကျန်းမာသော ရဟန်းတို့သည် ယင်းအရည်အတိုင်းသောက်၍၊ ကျန်းမာသော ရဟန်းသည် ရေရော၍ သောက်နိုင်သည်ဟု ခွင့်ပြုထားတော်မူလေသည်။

မြန်မာနိုင်ငံ၌ အိမ်ရှင်မများ အသုံးများသော ပုန်းရည်မျိုးကား ဆန်ဆေးရည်တွင် ထမင်းကြမ်း အနည်းငယ်ထည့်၍ တည်သော ပုန်းရည်ဖြစ်သည်။ ယင်းကိုလေးငါးရက်ခန့်ထားလျှင် ချဉ်လာတတ်သည်။ ထိုပုန်းရည်နှင့် ဟင်းရွက်၊ ဟင်းသီးများ ပြုတ်ကာ ထမင်းပွဲတွင် တို့စရာအဖြစ်စားသောက်လေ့ ရှိကြသည်။ ဓနိ၊ ထန်း စသော အပင်များ ပေါရာအရပ်၌မူ ဓနိရည်၊ ထည်းရည်တို့ဖြင့် ပုန်းရည်တည်လေ့ ရှိကြသည်။

အင်္ဂလန်ပြည်၌ အချဉ်ပေါက်သွားသော ဘီယာများကို ပုန်းရည်ပြုလုပ်လေ့ရှိကြသည်။ အမေရိကန် ပြည်ထောင်စု၌ ဆိုက်ဒါရည်ကို ပုန်းရည်ပြုလုပ်လေ့ရှိသည်။ ပြင်သစ်နိုင်ငံနှင့် အခြားဥရောပနိုင်ငံများ၌ စပျစ် သီးအရည်မှ ပုန်းရည်လုပ်ယူ ကြသည်။ နောက် ပုန်းရည်တစ်မျိုးမှာ သစ်သားပုန်းရည်ခေါ် ပုန်းရည်တစ်မျိုး ဖြစ်သည်။ ထိုပုန်းရည်သည် အက်ဆီတစ်အက်ဆစ် အပေါ့စားမျှသာ ဖြစ်သည်။ သစ်သားပုန်းရည်ဟု ခေါ် ခြင်းမှာ ရှေးအခါက အက်ဆီတစ်အက်ဆစ်ကို ချက်ရာ၌ သစ်သားများကို ပေါင်း၍ ထုတ်ယူခြင်းကြောင့် ဖြစ်သည်။ ယင်းပုန်းရည်သည် အလွန် ကြည်လင်၍ အချဉ်စူး၊ အနံ့စူးသည်။

ပုန်းရည်ဖြစ်ပေါ်လာခြင်းသည် ကဇော်ပေါက်ခြင်းကြောင့် ဖြစ်သည်။ မည်သည့် အရည်မျိုးတွင်မဆို တဆေးဖြင့် ကဇော် ဖောက်နိုင်လောက်အောင် သကြား ( အချိုဓာတ် ) လုံလောက်စွာ ရှိလျှင် ပုန်းရည်ဖြစ် နိုင်သည်။ ကဇော်ပေါက်ခြင်းကြောင့် သစ်သီးရည်ရှိ သကြားသည် အယ်လကိုဟော (အရက်) နှင့် ကာဗွန်နစ် အက်ဆစ်အဖြစ်သို့ ပြောင်းလဲသွားသည်။ ကာဗွန်နစ်ဓာတ်ငွေ့သည် အငွေ့ပျံပြီးသွားသော် အယ်လကိုဟောနှင့် အသုံးပြုသည့် သစ်သီး၏ အနံ့အရသာသာ ကျန်ရစ်ခဲ့သည်။ သစ်သီးရည်သည် အောက်ဆီဂျင်နှင့် ပေါင်းကာ ပုန်းရည်ဖြစ်သွားလေသည်။ လေ၌ ရှိနေသော အောက်ဆီဂျင်သည် သစ်သီးရည်ရှိ၊ အယ်လကိုဟောနှင့် ထိမိသည့်အခါ ဗင်နီဂါဗက်တီးရီးယား ( မိုင်ကိုဒါမာ - အက်ဆီတီ ) ၏ အကူအညီဖြင့် အယ်လကိုဟော ကို ပုန်းရည်အဖြစ်သို့ ပြောင်းလဲသွားစေသည်။ အကြမ်းအားဖြင့် ပုန်းရည်လုပ်နည်း နှစ်မျိုးရှိသည်။

တမျိုးမှာ သဘာဝအလျောက် ဖြစ်စေသည့် အနှေးနည်းဖြစ်၍၊ ကျန်တစ်မျိုးမှာ အမြန်နည်းဖြစ်သည်။ သဘာဝနည်း၊ သို့မဟုတ် အနှေးနည်းသည် အပူချိန် နှင့် လေနှင့် တွေ့ထိမှုတို့ အပေါ်တွင် အခြေပြုကာ ပုန်းရည်ဖြစ်ရန် တနှစ်မှ နှစ်နှစ်အထိ ကြာ တတ်သည်။ ကဇော်ပေါက်နေသည့် အရည်ကို ဝက်သစ်ချသားနှင့် အထူးပြုလုပ်ထားသော စည်အတွင်း၌ ထည့်ထားနိုင် သည်။ ထိုစည်တွင် လေလှည့်နိုင်စေရန် အပေါက်များ ဖောက်ထားရသည်။ အရည်သည် စည်၏ ငါးပုံလေးပုံ မျှသာ ရှိသင့်သည်။ သို့မှသာ လေအတွက် နေရာလွတ်များ ရှိနိုင်ပေမည်။

သစ်သီးအရည်ရှိ အယ်လကိုဟောသည် ထိုအရည်ရှိ အခြားပစ္စည်းများထက် ပို၍ပေါ့သဖြင့် ထိပ်ဖက် သို့တက်လာလေသည်။ အယ်လကိုဟောသည် လေနှင့်ထိသောအခါ အက်ဆီတစ်အက်ဆစ် ဖြစ်သွားလေသည်။ အရည်၏ ထိပ်ဖက်သည် အက်ဆီတစ် အက်ဆစ်အဖြစ်သို့ ပြောင်းလဲသွားသောအခါ ယင်းသည် အလေးချိန် ပိုလာပြီးလျှင် တဖြည်းဖြည်း စည်၏အောက်ခြေသို့ ထိုင်သွား၍ အခြားအယ်လကိုဟောများသည် ထိပ်ဖက်သို့ တက်လာကြကာ ရှေးနည်းအတိုင်း ထပ်တလဲလဲဖြစ်သဖြင့် အယ်လကိုဟော အားလုံးလိုလိုသည် ပုန်းရည်အ ဖြစ်သို့ ပြောင်းလဲသွားသည်။ အမြန်လုပ်သည့်နည်းတွင် အချဉ်ဖောက်ထားသည့် သစ်သော့သီးရည် ( ဆိုက်ဒါရည် ) ကို ဂျင်နရေ တာခေါ် စည်များတွင် အစဉ်သဖြင့် လှည့်လည်နေစေလေသည်။ ဂျင်နရေတာများ အတွင်း၌ ကုတ်မီးသွေး ကဲ့သို့သော စိမ့်ဝင်နိုင်သော ပစ္စည်းများ ထည့်ထားသည်။ ထိုစိမ့်ဝင်နိုင်သော ပစ္စည်းအတွင်း၌ မပူမအေး ဖြစ်နေသော သစ်သော့သီးအပြင်းရည် ပုန်းရည်ကို ၂၄ နာရီမှ ၄၈ နာရီတိုင် လှည့်လည်စေသည်။

ထိုနောက် အချဉ်ဖောက်ထားသည် သစ်သော့သီးရည်ကို လည်နေသော စပါဂျာခေါ် ရေဖျန်းကိရိယာဖြင့် ဂျင်နရေတာ၏ ထိပ်ပိုင်းသို့ သွင်းပေးသည်။ ထိုသစ်သော့သီးရည်သည် အရည်စက်များ ဖြစ်သွားကာ အစက်တိုင်းသည် ဂျင်န ရေတာ၏ အောက်ခြေအနီးရှိ အပေါက်များမှ ဝင်လာသည့်လေနှင့်တွေ့ထိမိလေသည်။ ထိုနည်းဖြင့် ၄၈ နာရီမှ ၇၂ နာရီအတွင်းတွင် ဂျင်နရေတာသာ ကောင်းလျှင် ဂါလန် ၁ဝဝဝ မှ ၂ဝဝဝ အထိရှိသော သစ်သော့သီးရည်ကို ပုန်းရည်အဖြစ်သို့ ပြောင်းလဲစေနိုင်ပေသည်။ ကဇော်ပေါက်နေသည့် သစ်သီးအရည်များ အထူးသဖြင့် သစ်သော့သီးရည်ကို ပုန်းရည်အဖြစ်သို့ ပြောင်းလဲစေသော အခါတွင် မျက်နှာပြင်သို့ အညစ်အကြေးများသည် ရွှံ့စေးအထပ်ကဲ့သို့ တက်လာလေသည်။ ထိုအထပ်ကို ဗက်တီရီယမ် ဇိုင်လီနမ်ဟု ခေါ်သည်။ ထိုအထပ်သည် ဂျင်နရေတာကို ပိတ်ဆို့တတ်သောကြောင့် လေ၏လှည့်ပတ်မှုကို နှေးစေသဖြင့်၊ အမှန်အားဖြင့် လုပ်ငန်းစဉ်ကို နှောင့်နှေးစေသည်။ စီးပွားရေးအရ ပုန်းရည်ကို ပြုလုပ်သောအခါ ယင်းဗက်တီရီယမ်ဇိုင်လီနမ်ခေါ် အထပ်တက်မလာစေရန် အမျိုးမျိုး ကြိုးပမ်းကြလေသည်။ ပုန်းရည် အမျိုးမျိုးတို့၏ အရသာ၊ အရောင်နှင့် အနံ့များသည် ပြုလုပ်သည့်အခြေခံ ပစ္စည်းပေါ်တွင် တည်၍ကွာခြားသည်။ သစ်သော့သီး အရည်မှ ပြုလုပ်သည့် ပုန်းရည်တွင် သစ်သော့သီးအနံ့ရှိပြီးလျှင် အရောင် သည်လည်း အညို သို့မဟုတ် အဝါဖြစ်တတ်သည်။ ပေါင်းခံယူသည့် ပုန်း ရည်မှာမူ ချဉ်သည့် အရသာမှလွဲ၍ အခြားမည်သည့် အနံ့ အရသာမျှမရှိဘဲ၊ ရေကဲ့သို့ ကြည်လင်သောအရောင်ရှိသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)