ပုန်းရည်ကြီး

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ပုန်းရည်ကြီးသုပ်

ပုန်းရည်ကြီးသည် မြန်မာ့ စားသောက်ဖွယ်ရာ ဟင်းလျာတစ်မျိုး ဖြစ်သည်။ အရောင်မှာ နီညိုညိုဖြစ်ပြီး ခပ်ပျစ်ပျစ် ဖြစ်သည်။ အနံ့တွင် အချဉ်နံ့ပေါက်သည်။ ပုန်းရည်ကြီးကို မချက်ပဲ နှမ်းဆီ၊ ကြက်သွန်ဖြူနီတို့နှင့်လည်း အစိမ်းလိုက် သုပ်စားနိုင်သည်။ သို့မဟုတ် ချက်၍လည်း စားနိုင်သည်။ ဝက်သား၊ ငါးတို့နှင့် ရောချက်လျှင် အထူးအရသာရှိသည်။ အောက်မြန်မာနိုင်ငံ၌လည်း ပုန်းရည်ကြီးသည် မရိုးနိုင်သော ဟင်းတစ်မယ်ဖြစ်သည်။

ပုဂံညောင်ဦး၊ စလေ၊ မြင်းခြံစသည့် မြို့များ၌ ပုန်းရည်ကြီးကို ချက်၍ မြန်မာနိုင်ငံ အရပ်ရပ်သို့ တင်ပို့ရောင်းချကြသည်။ ပုဂံနယ်တဝိုက်တွင် ပုန်းရည်ကြီးလုပ်ငန်းသည် အိမ်တွင်းစီးပွားရေး လုပ်ငန်းဖြစ်သည်။ ပုဂံပုန်းရည်ကြီးသည် အထူးနာမည်ကြီးသည်။

ပြုလုပ်ပုံ[ပြင်ဆင်ရန်]

ပုန်းရည်ကြီးကို ပဲအမျိုးမျိုးမှ ချက်ယူနိုင်သည်။ သို့သော် ပဲပိစပ် (ဒေါလီချော့ဗီဖလောရပ်) သည် ပုန်းရည်ကြီးကျိုချက်ရန် အကောင်းဆုံး ပဲမျိုးဖြစ်သည်။ အခြားပဲနှင့် ကျိုချက်၍ရသော ပုန်းရည်ကြီးတို့ထက် အရသာပိုမို လေးပင်လေသည်။

ပုန်းရည်ကြီးကျိုရာ၌ ရှေးဦးစွာ ပဲကိုရေနှင့် စင်ကြယ်အောင် အထပ်ထပ် ရေဆေးပေးရသည်။ ထို့နောက် ရေဆယ်ပိဿာဝင်သော ဖျဉ်းအိုးတစ်လုံးတွင် ပဲသုံးခွက် (နို့ဆီဗူး ၁၂ လုံး) ရေဆေးပြီးကို ရေအိုးအပြည့်ထည့်၍ ပြုတ်ရသည်။ ပုန်းရည်ကျိုသည့် လုပ်ငန်းကို စီးပွားဖြစ် လုပ်သူတို့သည် မီးဖိုကို အုတ်၊ ရွှံ့အင်္ဂတေတို့ဖြင့် အခိုင်အမာ လုပ်ထားသည်။ ပဲများကောင်းစွာ နူးနပ်လာသည်အထိ ပြုတ်ရသည်။ ပဲနူး၍ပွလာသောအခါ အရည်သည် သစ်ခေါက်ရောင် ဖြစ်လာသည်။

ထိုအခါ ပဲကိုဆယ်ထားပြီးနောက် အိုးထဲ၌ကျန်ခဲ့သော အရည်များကို စဉ့်အိုးများတွင်ထည့်၍ အချဉ်ဖောက်ရသည်။ အချဉ်ကြိုက်လျှင် ကြိုက်သလောက် ရက်ကြာကြာထားရသည်။ မူမှန်လိုမူ ၅ ရက်မှ ၇ ရက်အထိ ထားရသည်။ ဤသို့အချဉ်ပေါက်လာသော ပဲရည်များကို တစ်ဖန် ဖျဉ်းအိုးဖြင့် ကျိုချက်လျှင် ပုန်းရည်ကြီးကို ရရှိလေသည်။

ပြုတ်ပြီးပဲများကို နေလှန်း၍ ပြန်ရောင်းနိုင်သည်။ ဆီဆမ်း၍လည်း စားနိုင်သည်။ ထို့အပြင် ထမင်းနှင့် ချက်၍လည်း စားနိုင်သည်။ ဤသို့ပဲများကို ပြုတ်၍ရရှိသော ပဲရည်များကို ဝက်သားနှင့်လည်း ချက်စားကြသည်။ လက်ပံခေါင်းနှင့် ချက်လျှင် ပို၍ဖက်မိသည်။

ကျိုသည့်အခါ ယောက်မနှင့် မပြတ်မွှေပေးရသည်။ အမွှေမညီပါက ကျဲသည့်နေရာကျဲ၍ ခဲသည့်နေရာ ခဲတတ်သည်။ ပဲရည်များကို ယောက်မနှင့်ကော်လိုက်လျှင် အောက်သို့ကျလာသော ပဲရည်သည် ကြွက်မြှီးကဲ့သို့ အမျှင်တန်းအောင် ပျစ်လာသောအခါ ယောက်မနှင့်ပို၍ မွှေပေးရသည်။ ထို့အပြင် ပုန်းရည်ကြီးအိုးကို မီးဖိုပေါ်မှ ချရာ၌လည်း အရေးကြီးသေးသည်။

အေးသွားသောအခါ ပုန်းရည်ကြီးသည် ပို၍ပျစ်သွားတတ်သဖြင့် အိုးကိုမချမီ အလိုရှိသည့် အပျစ်အကျဲကို ခန့်မှန်းပေးရသည်။ မကြာခဏလည်း မြဲပေးရသည်။ သင့်တော်သောအချိန်တွင် မီးဖိုပေါ်မှ ချပြီးလျှင် အသင့်ဆေးထားသော မရိုး (မြူအိုး) အသစ်ကလေးများထဲသို့ ခပ်ထည့်ပေးရသည်။ ပုန်းရည်ကြီးကို မြူအိုးလိုက်ဖြစ်စေ ပိဿာလိုက်ဖြစ်စေ ရောင်းချကြသည်။ ပုန်းရည်ကြီးကို သံဗူးတွင်ထည့်လျှင် အရောင်မည်းသွားတတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကျိုရာ၌ပင် အရောင်ပျက်မည်စိုး၍ သံဒယ်ဖြင့် မကျိုကြချေ။

ပုန်းရည်ကြီးကို ကျိုချက်ရာ၌ အထုးဂရုစိုက်ရသည်။ အရည်များ ပျစ်လွန်သွားလျှင် ပုန်းရည်ကြီး အရနည်းတတ်သည်။ သာမန်အားဖြင့် ပဲတစ်တင်းကျိုလျှင် ပုန်းရည်ကြီး ကောင်းကောင်း ၃ ပိဿာခန့် ရသည်။ အလတ်တန်းစားကျိုမူ ၄ ပိဿာရ၍ အညံ့စားကျိုမူ ၅ ပိဿာရသည်။ သို့ရာတွင်ကျဲသည်။

အကောင်းဆုံး ပုန်းရည်ကြီးသည် အချဉ်လွန်သဖြင့် လူကြိုက်မများချေ။ အချဉ်လွန်သော်လည်း စား၍ကားကောင်းသည်။ အလတ်တန်းစား ပုန်းရည်ကြီးများမူ ချဉ်ပြီးဆိမ့်သည်။ ပုန်းရည်ကို လေသလပ်ထားလျှင် အပေါ်ယံ မှိုတက်လာတတ်သဖြင့် နှမ်းဆီ သို့မဟုတ် ပဲဆီကို အပေါ်မှ လောင်းထည့်ထားရသည်။

ပုန်းရည်ကြီး၏ အာနိသင်[ပြင်ဆင်ရန်]

ယောမြို့စား အတွင်းဝန် ဦးဘိုးလှိုင် ပြုစုသော ဥတုဘောဇန သင်္ဂဟကျမ်းတွင် စပါးမျိုး၊ ပဲမျိုးတို့မှ ပြုလုပ်သည့် ကဉ္စိကခေါ် ပုန်းရည်သည် ဝမ်းကို ပျော့စေတတ်သည်။ ထက်သည်။ ပူသည်။ ကြေလွယ်သည်။ နှုတ်ကို မြိန်စေသည်။ အစာကို ကြေစေတတ်သည်။ ကိုယ်ပူသည်။ အဖျားအနာကို နိုင်သည်။ လိမ်းနယ်ခြင်း စားသောက်ြခင်းတို့ဖြင့် လေ၊ သလိပ်တို့ကို နိုင်သည်ဟု ပုန်းရည်ကြီး၏ တန်ခိုးအာနိသင်များကို စုံလင်စွာ ဖော်ပြထားသည်။