ပလိပ်ရောဂါ ကြောက်ဖွယ်ရာ

ဝီကီပီးဒီးယား မှ

ပလိပ်ရောဂါ ကြောက်ဖွယ်ရာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

မောင်းထောင်ရွာ အနောက်ဘက်အနီး သခွတ်တနယ်ရွာ ဘုန်းတော်ကြီး ဦးသူဇာတ၏ ဒါယိကာမ ဒေါ်မယ်သင်၏ သိမ်သမုတ်ပွဲတွင် ဦးကျော်လှအား သံချိုဆိုရန် ဖိတ်ကြသည်းသည်။ သွားရောက်သောအခါ ရွာသူရွာသားများက မောင်းထောင်တွင် ပလိပ်ရောဂါ၊ ကျောက်ရောဂါများ ဖြစ်ပွားနေသောကြောင့် ဦးကျော်လှအား လာခွင့်မပေးနိုင်ကြောင်း ပြောသည်။ ထိုအခါ ဗေဒင်ဆရာ ဦးစံညိမ်းက မောင်းထောင်က ဖိတ်ခေါ်လာသည်မဟုတ်၊ ဘုတလင်မြို့ ပွဲပြနေရာမှ ဖိတ်ခေါ်လာသည်ဟု ပရိယာယ်နှင့် ပြောမှ ဝင်ခွင့်ရသည်။ ထိုအကြောင်းကို ထိုညပြသောပွဲတွင် ရေးဖွဲ့ခဲ့သည်။

ပလိပ်ရောဂါ ကြောက်ဖွယ်ရာ[ပြင်ဆင်ရန်]

ဝိလုပ္ပံရှုပ်ပြန်တတ်တဲ့၊ ဆုတ်ကပ်မှာ မဟုတ်မဟပ် သာလို့ပြောချင်ကြ သဘောခံညဏ်ပညာနှင့်၊ မမှန်ရာမှန်ရာ မထောက်ဘု၊ ညှိုးပိန်ကာ စိုးရိမ်၍ကြောက်ရင်ဖြင့်၊ မိုးအောက်တွင်မနေကြပါနှင့်၊ ရှေးလူများစကားစဉ်။

ငယ်သက်ကယ်တဖြာနှင့်၊ ကြက်တက်ပါ အနာကျောက်ကယ်တို့၊ တလေတခါ မွှေလှာရောက်နေကြ၊ ရွာနောက်တောင် စွန်အဖျားတွင်မှ၊ လေးငါးအိမ်ဝင်ကာပေါက်လို့၊ လေးယောက်သူငယ်၊ ကျောက်လယ်၍ဆုံးသောကြောင့်၊ ကွယ်ပုန်းကာ မသိုဝှက်ဝံ့ဘူး၊ ရုံးထက်မှာ၊ ဆက်ခါလျှောက်ရ၊ ရွာပေါက်မှာ အလွှာကပ်သောကြောင့်၊ တခြားတရွာ အသွားအလာပြတ်ကြ၊ ရှားလှပ်၍ကြဉ်။

ပလိပ်နာ အထင် လိပ်ပြာ မသန့်လို့၊ ထိတ်လန့်စွာ မဟုတ်စကားတွေနှင့်၊ လှုပ်ရှားအောင် မောင်းထောင်ကပြောကြ၊ သူကြီးပါအပြီး မရဏာလျှောပြန်သတဲ့၊ နောက်ဂေါယာရွာ မြောက်ပိုင်းတွေက၊ ဗျောဆိုင်းကို စရန်သလို့၊ ပြန်ကြပါ ခဏတာမှ မနားပါနှင့်၊ တံခါးကဆီး၍နှင်၊ မတွေ့ချင် ရှောင်ပုန်း။

ကျောက်အနာ ပျောက်ကာရှဲလို့၊ ရွာထဲမှာ လူတွေဆုံမိ၊ မျာဗိုလ်ပုံပျားအုံသို့ စုပါငဲ့၊ ဗုတလင်မြို့သူကြီးက၊ လှူပြီးလျှင် သဘင်လုပ်လို့၊ စင်ရုပ်စုံတက်ခါနွှဲရာသို့၊ လက်စွဲကိုင် ဆရာလှငဲ့ကို၊ အာမခံ ခြေလျင်လာလို့၊ ဗေဒင်ဆရာ ဦးစံညိမ်းက၊ ခပ်သိမ်းလူ အာရုံပြုတဲ့ပြင်၊ ဦးသုဇာ စိတ်ကြေနပ်အောင်လို့၊ ငွေအပ်နှံ စရန်ငှားခဲ့၊ ကျောက်အနာ ပျောက်ခါရှားလို့၊ သလောက်ကြာတောင်၊ အနောက်တာသားတွေက၊ မထောက်မညှာ အပေါက်ကို မလာသွားစေနှင့်၊ တားမြစ်လှတုန်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဝိလုပ္ပံ = ဝိလုပ္ပတိ (ပါ)၊ လုယက်ဖျက်ဆီးတတ်သည်။

၂။ မရဏာလျှော = ကွယ်လွန်သည်။

၃။ ဂေါယာ = အပရဂေါယာန (ပါ)၊ အနောက်ဘက်အရပ်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။