ပန်းသည်ကဗျာ

ဝီကီပီးဒီးယား မှ

ပန်းသည်ကဗျာသည် စာဆိုတော် မင်းသုဝဏ် ရေးစပ်ဖွဲ့သီသော အလွန်လှသည့် ကလေးကဗျာ ဖြစ်သည်။ စုစုပေါင်း ငါးပိုဒ် ရှိပြီး၊ တပိုဒ်လျှင် နှစ်ကြောင်းစီဖြင့် တည်ဆောက်ထားသည်။ မနက်အစောကြီး နေမပွင့်မီ ရောင်နီလာနေပြီ ပန်းသည်လုပ်ရအောင် ခရေပန်းသွားကောက်စို့ဟု အအိပ်မက်သည့် မောင်လေးကို အဖော်ညှိနေသော အစ်မဖြစ်သူ၏ စကားကို ကဗျာအဖြစ် ပြောင်းလဲထားသည်။ မောင်လေးရေဖြင့် အစချီကာ၊ ပန်းတွေ တကုံးကုံး ဖြင့် အဆုံးသတ်ထားသည့် ကာရံညီ အသံချိုသာသော ကလေးကဗျာ ဖြစ်သည်။[၁]

ကဗျာကို ၁၉၃၉ ဒီဇင်ဘာတွင် မောင်ခွေးဘို့ ကဗျာများ စာအုပ်တွင် ဂီတသံစဉ်နှင့်တကွ ဖော်ပြခဲ့သည်။

စာသား[ပြင်ဆင်ရန်]

မောင်လေးရေ ထပါတော့
ရောင်နီ လာလှပေါ့။

တစ်ကျော့နှစ်ကျော့ တေးကိုသီ
ငှက်ကျား နှုတ်ပလီ။

တောင်ဆီနားက ခရေပန်း
ပင်အောက် ကြိုင်လို့လန်း။

ဗန်းလေးယူခဲ့ မောင်လေးရယ်
သွားကောက်ချေစို့ ကွယ်။

ပန်းသည်လုပ်စို့ တပြုံးပြုံး
ပန်းတွေ တကုံးကုံး။[၂]

ကာရံဖွဲ့ ပုံစံ[ပြင်ဆင်ရန်]

တပိုဒ်လျှင် နှစ်ကြောင်းစီဖြင့်၊ ငါးပိုဒ်ပါသည်။ စုစုပေါင်း စာကြောင်း ဆယ်ကြောင်း ရှိသည်။

တပိုဒ်တွင် ၈-၇ စုစုပေါင်း ၁၅ လုံးစီပါသည်။ စာလုံးစုစုပေါင်း ၇၅ လုံး ရှိသည်။ အချီဝါကျတိုင်းကို လေးလုံး ၂ ပါဒစီ ခွဲသည်။

တပိုဒ်စီတွင် မတူညီသော ကာရံတွဲဖြင့် သတ်ထားရာ၊ ငါးပိုဒ်တွင် ကာရံတွဲ ငါးလုံးဖြင့် သတ်သည်။

ယင်းတို့မှာ အော့ကာရံတွဲ၊ အီကာရံတွဲ၊ အန်းကာရံတွဲ၊ အယ်ကာရံတွဲ၊ အုံးကာရံတွဲ တို့ ဖြစ်သည်။ တော့၊ ပေါ့၊ သီ၊ လီ၊ ပန်း၊ လန်း၊ ရယ်၊ ကွယ်၊ ပြုံး၊ ကုံး။ ယင်းတို့မှ လွဲ၍ ကျန်စာလုံးများတွင် ကာရံ ထည့်မထားပါ။

အခြား[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. မင်းသုဝဏ် (ဒီဇင်ဘာလ ၁၉၈၆, ပ-ကြိမ်)။ မောင်ခွေးဖို့ ကဗျာများ။ လောကစာပေ။ p. ၈။ Cite has empty unknown parameter: |1= (အကူအညီ); |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  2. မင်းသုဝဏ် (ဒီဇင်ဘာလ ၁၉၈၆, ပ-ကြိမ်)။ မောင်ခွေးဖို့ ကဗျာများ။ လောကစာပေ။ p. ၅၃။ Cite has empty unknown parameter: |1= (အကူအညီ); |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)