ပန့်ခ် ဂီတ

Wikipedia မှ
ဤနေရာသို့သွားရန် - အ​ညွှန်း​, ရှာ​ဖွေ​ရန်​

ပန့်ခ်ရော့ သည် ၁၉၇၄ နှင့် ၁၉၇၆ ကြားတွင် အမေရိကန်ဗြိတိန် နှင့် ဩစတေးလျ တို့တွင် ဖွံ့ဖြိုးလာသည့် ရော့ခ်ဂီတအမျိုးအစားဖြစ်သည်။ ပင်ရင်းဇစ်မြစ်ဖြစ်သော ဂါးရေ့ချ် ရော့ခ်(garage rock) နှင့် တခြားအမျိုးအစားဖြစ်သော ပရိုတိုပန့် (protopunk) တို့မှပေါက်ဖွားလာပြီး၊ ပန့်ခ်ဂီတဝိုင်းများသည် (၁၉၇၀) လောက်မှ စတင်ကာ ပင်မရော့ခ်ရေစီးကြောင်းမှ သိသိသာသာခွဲထွက်လာခဲ့သည်။ ထိုဂီတအဖွဲ့သားများသည် မြန်သော၊ ကြမ်းသော ဂီတရိုက်ချက်၊ ခတ်ချက်များ၊ အများအားဖြင့် တိုတောင်းသော တေးစာသားများနှင့် ရိုးရှင်းသော ဂီတတူရိယာများကို သုံးစွဲခဲ့ကြသည်။ သီချင်းစာသားများမှာ အများအားဖြင့် လူမှုရေး၊ နိုင်ငံရေး နှင့် လူ့စရိုက်ကို လှောင်ပြောင်ဆန့်ကျင်သော အကြောင်းများဖြစ်သည်။ ပန့်ခ်သမားများ ဆွဲကိုင်ထားသောအမြင်မှာ သင်ကိုယ်တိုင်လုပ် (DOI, Do it yourself) ဟုဖြစ်သောကြောင့် သူတို့သည် ကိုယ်ပိုင်ဂီတဝိုင်းများမှ ကိုယ်တိုင်ထုတ်လုပ်ခြင်း ပုံစံတကျမဟုတ်သော ဖြန့်ချိခြင်းများကိုပါ ပြုလုပ်ကြသည်။

၁၉၇၆ ခုနှစ်နှောင်းပိုင်းတွင် နယူးယော့ခ်မြို့မှ ရေမွန်စ်(Ramones) ဂီတအဖွဲ့ နှင့် လန်ဒန်မြို့မှ ဆက်ပစ်စတို (Sex pistols) နှင့် သယ်ကလက်ရှ် (The Clash) ဂီတအဖွဲ့များသည် ထိုပန့်ခ်ဂီတသစ်ကို စတင်လှုပ်ရှားခဲ့သူများအဖြစ် မှတ်တမ်းတင်နိုင်သည်။ ထိုနောက်ပိုင်းမှ စတင်ကာ ပန့်ခ်ဂီတသည် ကမ္ဘာအနှံ့အပြားသို့ ပျံ့နှံ့သွားခဲ့သည်။ ဗြိတိန်နိုင်ငံတွင် ပန့်ခ်ဂီတသည် လျင်မြန်စွာ ထွန်းကားခဲ့ပြီး အဓိက ယဉ်ကျေးမှုတစ်ရပ်အဖြစ် ပါဝင်လာခဲ့သည်။ အချို့နေရာများတွင် ပန့်ခ်ဂီတအား ရိုင်းစိုင်းသောဂီတ၊ လူ့အဖွဲ့အစည်းမှ ကင်းလွတ်နေသည့် ဂီတဟုဆိုကာ ငြင်းဆန်ခဲ့ကြသည်။ ပန့်ခ်ဂီတ၏ ဖွဲ့စည်းပုံတွင် သီးသန့်မှတ်မိလွယ်သော ဝတ်စားဆင်ယင်ပုံ၊ လူငယ်များ၏ အကြမ်းဖက်နိုင်ငံရေးအမြင်နှင့် အာဏာပိုင်ဆန့်ကျင်ရေး အိုင်ဒီယာများ ထွန်ကားလာခြင်းတို့လည်း ပါဝင်သည်။

၁၉၈၀ အစပိုင်းမှ စတင်ကာ ဒေါသတကြီးဆိုဟန်၊ ကြမ်းတမ်းသော ဆိုဟန်များသည် ပန့်ခ်ဂီတ၏ ဝိသေသ လက္ခဏာများအဖြစ် လျင်မြန်စွာပင် ဖြစ်ထွန်းလာခဲ့သည်။ ဂီတပညာရှင်များက အဆင့်ဆင့် ပြောင်းလဲ ဆန်းသစ်ခဲ့ခြင်းဖြင့် ပန့်ခ်ဂီတ မှသည် ပို့စ်ပန့်ခ်(post punk) နှင့် အော်တာနေးတစ်ရော့ခ်(alternative rock) ကဲ့သို့သော ဂီတများလည်း တိုးတက်ပေါ်ထွန်းလာခဲ့သည်။ နှစ်ပေါင်းများစွာ ပြောင်းလဲလာပြီးနောက် ပေါ့ပန့်ခ်(pop punk) သည် ပန့်ခ်ရေစီးကြောင်းတွင် တစ်နေရာအခိုင်အမာရလာခဲ့သည်။ ဂရင်းဒေး (Green Day)၊ ဘလင့် ၁၈၂ (Blink182)၊ ဆမ် ၄၁ (Sum41) ကဲ့သို့သော ဂီတအဖွဲ့များကြောင့်လည်း ပေါ့ပန့်ခ် သည် ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာခဲ့ခြင်း ဖြစ်သည်။[၁]

အကိုးအကား[ပြင်​ဆင်​ရန်​]

  1. အင်္ဂလိပ်ဝီကီမှ