ပဒေသာမြေမှာ ကျုံးရလိမ့်
ပဒေသာမြေမှာ ကျုံးရလိမ့် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။
အကြောင်းအရာ
[ပြင်ဆင်ရန်]၁၂၇၂ ခုနှစ်တွင် စေတီတော်များ တန်ခိုးတော်ပြ၍ မိုးရွာရေကြီး သစ်သီးများ ဖောက်ပြန်သည်။ ၇၃ ခုနှစ်တွင် စပါးဈေးကောင်း၍ လူအများ ပျော်ရွှင်ကြသည်။ ထိုသို့ ဖြစ်မည်ကို ဆရာကြီးဦးကျော်လှသည် ရဲတွက်ရွာသို့ ရောက်စဉ်က ကြိုတင်ရေးသားခဲ့သဖြင့် လူအများက ချီးကျူးခြင်း ခံရသည်။ ၁၂၇၂ ခုနှစ်၊ တိတ်နိမိတ်ဟော သံချို ဖြစ်သည်။
ပဒေသာမြေမှာ ကျုံးရလိမ့်
[ပြင်ဆင်ရန်]ထောင့်နှစ်ရာလွန်ကြွယ်သည့်၊ ခွန်နစ်ဆယ် နှစ်သွယ်နှစ်တွင်မှ၊ နယ်ရှစ်ခွင်ရွာ အရွာသို့၊ သာသနာ ဝါယာမောနှင့်၊ ပုထိုးဘဂဝေါ်တွေ၊ တန်ခိုးပေါ်ပါလှသော်ကြောင့်၊ မိုးတော်ကအလွန်ရွာ။
ချောင်းမြောင်းရယ် ဆည်ရေဝင်နှင့်၊ လယ်မြေပြင် မဆိုအုံးပြီဘု၊ ဟိုကုန်းပေါ်တောင်တော်ဖျားက၊ စပါးမှာ ဘာသာအောင်လို့၊ တထွာတတောင်အနှံအသီးတွေနှင့်၊ ကြီးကျယ်လှပါ။
ဆင်းရဲသူကျွန်တော်မျိုးတို့၊ မင်းစိုးကို ဘယ်လိုသောမှ၊ မပြောမဆိုသာဘု ကိုယ့်ကြမ္မာ ကိုယ့်တာအကြောင်းပ၊ မင်းပြောင်းလျှင် တိုင်းပြည်မွဲလို့၊ မင်းလဲလျှင် မြို့ရွာပျက်တတ်သတဲ့၊ သို့အတွက်ဆင်ခြင်ရာ၊ ပညာရှိလူခပ်သိမ်း။
ခေတ်သမယငယ်က၊ ဖြစ်ရပုံကြုံလို့ကြားရ၊ ဘယ်ဘုရားရွှေတွေနီလို့၊ ဘယ်စေတီ ရောင်တော်တောက်သည့်ပြင်၊ ဘယ်ရှောက်ပင် မာလကာသီးသတဲ့၊ ဉာဏ်ကြီးသူဆင်ခြင်အုံးကြတော့၊ ကပ်သုံးထွေ ရှောင်ကာရှားတဲ့အောင်၊ ဘုရားကိုကြည်ညိုစွာနှင့်၊ တရားဘဝနာ ပွားကာလစ်လျှင်ဖြင့်၊ ဂေါအဇ္ဇာ မထေရ်ပျံနှင့်၊ ပြည်ပုဂံ စည်ပြန်တုန်းကဲ့သို့၊ ပဒေသာ ကြွေလာအုံးလို့၊ ငွေအသပြာတွေမြေမှာကျုံးရလိမ့်၊ သုံးခုနှစ်ကျိန်း။
ခက်ဆစ်
[ပြင်ဆင်ရန်]၁။ ဝါယာမော် = ဝါယမ၊ လုလ္လဝီရိယ စိုက်ထုတ်ခြင်း။
၂။ ဘဂဝေါ် = ဘဂဝါကို ကာရန်ငံ့၍ ဆိုခြင်း၊ မြတ်စွာဘုရား။
၃။ ဂေါအဇ္ဇာ = ရှင်အဇ္ဇဂေါဏ အမည်ရှိသော မထေရ်၊ ပုဂံခေတ်က ဝိဇ္ဇာဖြစ်သွားသူ။
မှတ်ချက်
[ပြင်ဆင်ရန်]ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။