နာမ် (သဒ္ဒါ)

ဝီကီပီးဒီးယား မှ

နာမ်ဆိုသည်မှာ သက်ရှိသက်မဲ့ ဒြပ်ရှိ၊ ဒြပ်မဲ့တို့၏ အမည်ဟူသမျှကို နာမ်ဟုခေါ်သည်။

ဥပမာလူကြောင်ခွေးဝက်စက်ဘီးမော်တော်ကားလေယာဉ်ပျံကွန်ပျူတာနားဖာကလော်၊ မောင်မောင်၊ မင်းသိန်း၊ အေးကြည်မ

နာမ်အမျိုးအစား[ပြင်ဆင်ရန်]

နာမ် (၂) မျိုးရှိသည်။ ၎င်းတို့မှာ ’

(၁) အနက်အဓိပ္ပာယ်အရ (၄) မျိုး၊

(၂)ဖွဲ့စည်းတည်​ဆောက်ပုံအရ (၄) မျိုး​ တို့ ဖြစ်သည်။

အနက်အဓိပ္ပာယ်အရ (၄) မျိုး[ပြင်ဆင်ရန်]

(က) တစ်ဦးဆိုင်နာမ်

(ခ) အများ​ဆိုင်​နာမ်

(ဂ) စိတ္တဇနာမ်

(ဃ) အစုပြနာမ်

တစ်ဦးဆိုင်နာမ်[ပြင်ဆင်ရန်]

တစ်ဦး၊ တစ်ယောက်၊ တစ်ခုအတွက် သီးခြားမှည့်ခေါ်ထားသောအမည်ကို တစ်ဦးဆိုင်နာမ် ဟု ခေါ်သည်။

ဥပမာ − ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်၊ ကျိုက်ထီးရိုး၊ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ထားဝယ်၊ ကျောက်ဖြူ၊ မောင်မောင်၊ ဇော်ဇော်၊ တင်တင်၊ ခင်ခင်၊ ဘုတ်ဆုံ။


(၁) ရွှေတိဂုံ၊ ဆူးလေ၊ ဗိုလ်တထောင်၊ ကျိုက်ထီးရိုး တို့သည် မြန်မာပြည်၌ အမြောက်အမြားတည်ရှိနေကြသော ဘုရားစေတီများအနက် ဘုရားအချို့၏ သီးခြားအမည်များ ဖြစ်ကြသည်။

(ရွှေတိဂုံဟူသော အမည်မှာ သိင်္ဂုတ္တရကုန်းပေါ်၌ ဥက္ကလာပမင်းတည်ထားခဲ့သော စေတီကြီးကိုသာ ရည်ညွှန်းပြီး သီးခြားမှည့်ခေါ်ထားသော အမည်ဖြစ်သည်။ ရွှေတိဂုံဟူသော အမည်သည် အခြားစေတီပုထိုးများနှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် ရွှေတိဂုံ သည် တစ်ဦးဆိုင်နာမ် ဖြစ်သည်။ ထိုနည်းတူ ဆူးလေ၊ ဗိုလ်တထောင်၊ ကျိုက်ထီးရိုး တို့သည်လည်း ဘုရားစေတီတစ်ဆူချင်း၏ သီးခြားမှည့်ခေါ်ထားသော အမည်များဖြစ်ခြင်းကြောင့် တစ်ဦးဆိုင်နာမ်များ ဖြစ်ကြသည်။)


(၂) ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်းတို့သည် မြန်မာပြည်၌ အမြောက်အမြားရှိသော မြစ်များအနက် မြစ်အချို့၏ သီးခြားအမည်များ ဖြစ်ကြသည်။

(ဧရာဝတီ ဟူသော အမည်မှာ မြန်မာပြည်မြောက်ပိုင်းတွင် မေခ နှင့် မလိခ တို့ ပေါင်းဆုံရာအရပ်မှ တောင်ဘက်သို့ စီးဆင်းလာပြီး ဘင်္ဂလားပင်လယ်ထဲသို့ စီးဝင်သော မြစ်ကြီးကိုသာ ရည်ညွှန်းပြီး သီးခြားမှည့်ခေါ်ထားသောအမည် ဖြစ်သည်။ ဧရာဝတီ ဟူသောအမည်သည် အခြားမြစ်များနှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် ဧရာဝတီ သည် တစ်ဦးဆိုင်နာမ် ဖြစ်သည်။ ထိုနည်းတူ ချင်းတွင်း၊ သံလွင်၊ စစ်တောင်း တို့သည်လည်း မြစ်တစ်ခုချင်၏ သီးခြားမှည့်ခေါ်ထားသော အမည်များဖြစ်ခြင်းကြောင့် တစ်ဦးဆိုင်နာမ်များ ဖြစ်ကြသည်။)


(၃) ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ထားဝယ်၊ ကျောက်ဖြူ တို့သည် မြန်မာပြည်၌ အမြောက်အမြား ရှိနေကြသော မြို့များအနက် မြို့အချို့၏ အမည်များ ဖြစ်သည်။

(ရန်ကုန် ဟူသော အမည်မှာ လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးချောင်းတို့ဆုံရာ အရပ်တွင် တည်ရှိသော ဆိပ်ကမ်းမြို့ကြီးကိုသာ ရည်ညွှန်းပြီး အခြားမြို့များနှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် ရန်ကုန် သည် တစ်ဦးဆိုင်နာမ် ဖြစ်သည်။ ထိုနည်းတူ မန္တလေး၊ မြစ်ကြီးနား၊ ထားဝယ်၊ ကျောက်ဖြူ တို့သည်လည်း မြို့တစ်မြို့ချင်းစီ၏ သီးခြားမှည့်ခေါ်ထားသော အမည်များဖြစ်ခြင်းကြောင့် တစ်ဦးဆိုင်နာမ်များ ဖြစ်ကြသည်။)


(၄) မောင်မောင်၊ ဇော်ဇော်၊ တင်တင်၊ ခင်ခင်၊ ဘုတ်ဆုံ တို့သည်လည်း လူအမြောက်အမြားအနက် လူအချို့၏ အမည်များ ဖြစ်ကြသည်။

(မောင်မောင် ဟူသောအမည်မှာ သူ၏ မိဘနှစ်ပါးက သူတို့၏ သားကိုသာ ရည်ညွှန်းပြီး သီးခြားမှည့်ခေါ်ထားသောအမည် ဖြစ်သည်။ မောင်မောင် ဟူသော အမည်သည် အခြားမိဘများက ပေါက်ဖွားလာသော သားများနှင့် လုံးဝ မသက်ဆိုင်ပေ။ ထို့ကြောင့် မောင်မောင် သည် တစ်ဦးဆိုင်နာမ် ဖြစ်သည်။ ထိုနည်းတူ ဇော်ဇော်၊ တင်တင်၊ ခင်ခင်၊ ဘုတ်ဆုံ တို့သည်လည်း တစ်ဦးချင်း၏ သီးခြားမှည့်ခေါ်ထားသော အမည်များဖြစ်ခြင်းကြောင့် တစ်ဦးဆိုင်နာမ်များ ဖြစ်ကြသည်။)

အများဆိုင်နာမ်[ပြင်ဆင်ရန်]

အများနှင့်ဆိုင်သော ပုဂ္ဂိုလ်၊ သတ္တဝါ၊ အရာဝတ္ထုတို့၏ အမည်ကို အများဆိုင်နာမ် ဟု ခေါ်သည်။

ဥပမာ − မြို့၊ ရွာ၊ ကျောင်း၊ မြစ်၊ ချောင်း၊ လူ၊ တိရစ္ဆာန်။


(၁) မြို့ ဟူသောနာမ်သည် မြို့တစ်မြို့တည်းနှင့်သာ သက်ဆိုင်သည်မဟုတ်၊ ရှိရှိသမျှ မြို့အားလုံးနှင့် သက်ဆိုင်သည်။ ထို့ကြောင့် မြို့ သည် အများဆိုင်နာမ် ဖြစ်သည်။

(၂) ရွာ ဟူသော နာမ်သည် ရွာတစ်ရွာတည်းနှင့်သာ သက်ဆိုင်သည်မဟုတ်၊ ရှိရှိသမျှရွာအားလုံးနှင့် သက်ဆိုင်သည်။ ထို့ကြောင့် ရွာ သည် အများဆိုင်နာမ် ဖြစ်သည်။

(ထိုနည်းတူ အိမ်၊ ကျောင်း၊ မြစ်၊ ချောင်း၊ လူ၊ တိရစ္ဆာန် တို့သည်လည်း အများနှင့်ဆိုင်သော အများဆိုင်နာမ်များ ဖြစ်ကြသည်။)

စိတ္တဇနာမ်[ပြင်ဆင်ရန်]

ဒြပ်မရှိ၊ ကိုင်တွယ်စမ်းသပ်၍မရ၊ မြင်လည်းမမြင်နိုင်၊ စိတ်ဖြင့်သာ တွေးတောသိနိုင်သော နာမ်ကို စိတ္တဇနာမ် ဟု ခေါ်သည်။

ဥပမာ − မေတ္တာ၊ စေတနာ၊ ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ၊ သတ္တိ၊ သီလ၊ သမာဓိ၊ ပညာ၊ စည်းလုံးညီညွတ်ရေး၊ အဆိုး၊ အကောင်း၊ အချစ်၊ အမုန်း။

(မေတ္တာ ဟူသော နာမ်သည် အကောင်အထည် ဒြပ်သဏ္ဌာန် အထင်အရှားမရှိ၊ ကိုင်တွယ်စမ်းသပ်၍လည်း မရနိုင်၊ မျက်စိဖြင့် ကြည့်၍လည်း မမြင်နိုင်၊ သို့ရာတွင် မေတ္တာ ၏ သဘောကို စိတ်ဖြင့် တွေးတောသိရှိနိုင်သည်။ ဤသို့ စိတ်ဖြင့် တွေးတောသိနိုင်သောကြောင့် မေတ္တာ သည် စိတ္တဇနာမ် ဖြစ်သည်။ ထိုနည်းတူ စေတနာ၊ ကံ၊ ဉာဏ်၊ ဝီရိယ၊ ဇွဲ၊ သတ္တိ အစရှိသော နာမ်တို့သည်လည်း အကောင်အထည် ဒြပ်သဏ္ဌာန် အထင်အရှားမရှိ၊ ကိုင်တွယ်စမ်းသပ်၍လည်း မရနိုင်၊ မျက်စိဖြင့်ကြည့်၍လည်း မမြင်နိုင်၊ သို့ရာတွင် ၎င်းတို့၏ သဘောကို စိတ်ဖြင့် တွေးတောကာ သိနိုင်သည်။ ထို့ကြောင့် ၎င်းတို့သည် စိတ္တဇနာမ်များ ဖြစ်ကြသည်။)

အစုပြနာမ်[ပြင်ဆင်ရန်]

အစုအပေါင်း၊ အသင်းအဖွဲ့ကို ဖော်ပြသော နာမ်ကို အစုပြနာမ် ဟု ခေါ်သည်။

ဥပမာ − လူထု၊ စစ်တပ်၊ အိမ်ထောင်စု၊ ပါတီ၊ အသင်း၊ အစည်းအရုံး၊ ကော်မတီ၊ ကျွဲအုပ်၊ နွားအုပ်။


(၁) လူထု ဟူသော နာမ်သည် လူတစ်ဦးတစ်ယောက်တည်းကို မဆိုလိုပေ။ လူအများ ပါဝင်သော အစုအပေါင်းကို ဆိုလိုသည်။

(၂) စစ်တပ် ဟူသော နာမ်သည် လူတစ်ဦးတစ်ယောက်တည်းကို မဆိုလိုပေ။ စစ်သားအများအပြား ပါဝင်သော အစုအပေါင်းကို ဆိုလိုသည်။

(၃) အိမ်ထောင်စု ဟူသော နာမ်သည် မိခင်တစ်ယောက်တည်းကိုသာ ဆိုလိုသည်မဟုတ်။ မိခင်၊ ဖခင်၊ သားသမီး စသည့် အိမ်သားစု အားလုံးကို ဆိုလိုသည်။

(၄) ထို့ကြောင့် လူထု၊ စစ်တပ်၊ အိမ်ထောင်စု တို့သည် အစုပြနာမ် များ ဖြစ်ကြသည်။

(၅) ထိုနည်းအတူ ပါတီ၊ အသင်း၊ အစည်းအရုံး၊ ကော်မတီ ဟူသော နာမ်တို့သည်လည်း အစုအပေါင်းကို ပြသော အစုပြနာမ်များ ဖြစ်ကြသည်။

(၆) ကျွဲအုပ်၊ နွားအုပ် ဟူသော နာမ်များသည်လည်း ကျွဲတစ်ကောင်တည်း၊ နွားတစ်ကောင်တည်းကို ဆိုလိုသည် မဟုတ်ပေ။ ကျွဲအများ စုပေါင်းပါဝင်သော အစုအပေါင်းကို ကျွဲအုပ် ဟုခေါ်၍ နွားအများ စုပေါင်းပါဝင်သော အစုအပေါင်းကို နွားအုပ် ဟု ခေါ်သည်။ ဤကဲ့သို့ အစုအပေါင်းနှင့် သက်ဆိုင်သောကြောင့် ကျွဲအုပ်၊ နွားအုပ် တို့သည် အစုပြနာမ်များ ဖြစ်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာသဒ္ဒါ အတွဲ (၁)၊ အခန်း (၃) − သတ္တမတန်း