နာနတ်သီး

ဝီကီပီးဒီးယား မှ
Pineapple
A pineapple on its parent plant
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Monocots
Clade: Commelinids
မျိုးစဉ်: Poales
မျိုးရင်း: Bromeliaceae
မျိုးရင်းသေး: Bromelioideae
မျိုးစု: Ananas
မျိုးစိတ်:
A. comosus
ဒွိနာမ
Ananas comosus
(L.) Merr.
Synonyms[၁]

နာနတ်သီး (အင်္ဂလိပ်: Pineapple)[၂][၃] သည် စားသုံးရန် ကောင်းမွန်သော သစ်သီးဖြစ်သည့်အပြင် အလှအပအတွက်လည်း အကျိုးဖြစ်ထွန်းစေသည်။ နာနတ်သီးတွင်ဗီတာမင် ဓာတ်နှင့် သတ္တုဓာတ်အများအပြားပါဝင်သည်။ နွေရာသီမှာ စားသုံးလျှင် ရင်အေးပြီး ကျန်းမာစေသည်။ ရခိုင်လို နံတရာသီးဟု ခေါ်သည်။[၄]

မူလပင်ရင်း[ပြင်ဆင်ရန်]

ယနေ့မြင်တွေ့နေရသော နာနတ်ပင်ကို အမေရိကတိုက်အား ခရစ္စတိုဖာ ကိုလံဘတ်စ် ရှာဖွေတွေ့ရှိခြင်း မတိုင်မီကတည်းက တောင်အမေရိက ဒေသခံ လူနီအင်ဒီးယန်းတို့ တွင်ကျယ်စွာ စိုက်ပျိုးစားသုံး နေခဲ့ကြပြီး ဖြစ်သည်။ ကမ္ဘာ့နိုင်ငံ အချို့တွင် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သော ခေတ်သစ်နာနတ် မျိုးတို့၏ မူလပင်ရင်းမှာ အဆိုပါ လူနီအင်ဒီးယန်းတို့၏ နာနတ်မျိုးမှ အဆင့်ဆင့် ဆင်းသက်လာသော မျိုးဆက်သစ်များ ဖြစ်ကြသည်။

ခရစ္စတိုဖာ ကိုလံဘတ်စ်၏ ဒုတိယအကြိမ် နယ်သစ်ရှာ ခရီးစဉ် အတွင်း ခရစ်နှစ် ၁၄၉၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ကာရစ် ဘီယံဒေသရှိ ဂွာဒီလုပ် Guade Loupe ကျွန်းသို့ ဆိုက်ရောက်ခဲ့ကြသည်။ ထိုခရီးစဉ်တွင် ပါဝင်လာခဲ့သည့် ရုက္ခဗေဒ ပညာရှင်များသည် ဒေသခံ ဂွာဒီလုပ် ကျွန်းသားများထံမှ အသီးသီးနေသည့် နာနတ်ပင်ကို လက်ဝတ်လက်စားအချို့နှင့် လဲလှယ် ရယူခဲ့ကြသည်။

မူလနာနတ်ပင်မှ သီးသော အသီးမှာ အသွင်သဏ္ဌာန်အားဖြင့် ဥရောပ တိုက်သားတို့နှင့် ရင်းနှီးပြီးဖြစ်သော ထင်းရှူးသီးနှင့် တူသဖြင့် စပိန်ဘာသာဖြင့် Pina ပီညာဟု အလွယ်ဟု ခေါ်ခဲ့ကြသည်။ ထိုမူရင်းစပိန်အမည် Pina မှ ဆင်းသက်ရွေ့လျောကာ အင်္ဂလိပ်လို Pine Apple ဟူ၍ ဖြစ်လာခဲ့သည်ဟု ဆိုသည်။

ယနေ့မြန်မာက နာနတ်ဟုခေါ်ကြသည့် ထိုအပင်၏ မူလအမည်မှာ တောင်အမေရိက ဒေသခံ Tupi Indian တို့၏ Nana ဟူသော ဝေါဟာရမှ ဆင်းသက်လာသည့် Ana nas ပင် ဖြစ်သည်။ မူလအမည် Nana မှ Ana nas ထိုမှအဆင့်ဆင့် ရွေ့လျောကာ Nanat ဖြစ်လာပြီး မြန်မာတို့က ထိုဝေါဟာရကို တိုက်ရိုက်အသံလှယ် ထားခြင်းဖြစ်ဟန် တူသည်။

ယနေ့ခေတ် ရုက္ခဗေဒ ပညာရှင်များက ရှေးခေတ်ဟောင်း နာနတ် အရိုင်း-Ana nas ၏ မျိုးစု-Genera ကို Bromeliaceae မျိုးရင်းအောက် သို့ သွတ်သွင်းလိုက်ကြပြီး Ana nas Mill မျိုးစုဝင်အဖြစ် သတ်မှတ်ထား ကြသည်။ ထိုခေတ်ဟောင်း နာနတ် Ana nas Mill ၏ခရိုမိုဆုမ်းမှာ X=25 ဖြစ်သည်။ သို့သော် ယနေ့ကမ္ဘာအနှံ စိုက်ပျိုးထုတ်လုပ် စားသုံးနေကြသည့် နာနတ်အယဉ်မျိုးကိုမူ Ana nas Cosmosus(L)Merr ဟု သတ်မှတ် ကြပြီး ယင်း၏ ခရိုမိုဆုမ်းမှာလည်း 2N=50 ဟူ၍ဖြစ်လာခဲ့သည်။ အချို့သော ရုက္ခဗေဒ ကျမ်းဟောင်းများတွင် Ananas Sativus Schult f;Bromelia Cosmosus-L ဟူ၍လည်း တွေ့ရှိရသည်။

ခေတ်သစ် နာနတ်အယဉ် တစ်မျိုးဖြစ်သည့် Cayene နာနတ်မျိုးမှာ အပင်အမြင့် ၃၆ လက်မမှ လက်မ ၄ဝ လောက်အထိရှိပြီး၊ အရွက်တွေ မှာဘေးဘက်သို့ ၄၈ လက်မမှ လက်မ ၆ဝ လောက်အထိ ဖြာထွက် ကြသည်။ အရွက်အရေအတွက် ၆ဝ မှ ၈ဝ လောက်အထိ ရှိတတ်ပြီး ပျမ်းမျှအားဖြင့် အလျားလက်မ ၄ဝ၊ အနံ ၂.၅လက်မခန့်ရှိသည်။ ပန်းပွင့် ခိုင်တွင် အပွင့်အရေအတွက် ၁၅ဝ လောက်ပါရှိပြီး ပွင့်ချပ်ကလေးများမှာ ခရမ်းဖျော့ဖျော့မှ အပြာရောင်အထိ ဖြစ် တတ်သည်။ အသီးရိုးတံမှာ သုံး လက်မမှ ငါးလက်မလောက်အထိ ရှည်ပြီး Cayene နာနတ်မျိုး၏ အသီး အလေးချိန်မှာ ၅.၅ဝ ပေါင်လောက် ရှိသည်။ အသီးမရင့်မှည့်မီ စိမ်းနက်ရောင်ရှိပြီး မှည့်သောအခါ အစိမ်းရောင် အစက်အပြောက် ကလေးတွေ ပါသည့် အဝါရောင် ဖြစ်လာသည်။ ကမ္ဘာတွင် နာနတ်ကိုစီးပွားဖြစ် စိုက်ပျိုးထုတ်လုပ် နေကြသည့် နိုင်ငံ များဖြစ်ကြသော ဟာဝိုင်အီဖိလစ်ပိုင်ကင်ညာမက္ကဆီကိုတရုတ်တိုင်ပေထိုင်းနှင့်မလေးရှားတို့တွင် Cayene, Queen, Hilo စသည့် နာနတ်မျိုးသစ်များကို စိုက်ပျိုးကြသည်။ ယခင်က Cayene နာနတ်မျိုးတွင် ဆူးပါသော မျိုးနှင့် ဆူးမဲ့မျိုးဟူ၍ နှစ်မျိုးရှိခဲ့သော် လည်း နောက်ပိုင်းတွင် ဆူးမဲ့မျိုးကို သာစိုက်ပျိုးလာကြသည်။

Queen နာနတ်မျိုးမှာ မျိုးဟောင်း ဖြစ်ပြီး ဩစတေးလျနှင့် တောင်အာဖရိကတွင် အများဆုံး စိုက်ပျိုးသည်။ Queen မျိုးသည် အပင်၊ အရွက်၊ အသီးအရွယ်အစား စသည်၌ Cayene မျိုးထက်ငယ်သည်။ အရွက်၏ နှုတ်ခမ်းတစ်လျှောက်လွှသွားကဲ့သို့ သော ဆူးငယ်ကလေးတွေ ခပ်စိပ်စိပ် ပါသည်။ အသီးအလေးချိန်မှာ နှစ် ပေါင်မှ သုံးပေါင်နီးပါးသာရှိသည်။ မျက်ကွင်းခေါ် ပန်းပွင့်၏ ချက်နေရာ ဟောင်းမှာ Cayene မျိုးထက် နက် ရှိုင်းသဖြင့် မျက်ကွင်းကုန်အောင်လှီး ထုတ်သောအခါ အသားဆုံးရှုံးမှုများ သည်။ အသီးရိုးတံတိုပြီး အသားမှာ ရွှေဝါရောင် ခပ်ရင့်ရင့်ရှိပြီး Cayene လောက် အရည်မရွှမ်းပါ။ သို့သော် အနံ့အရသာ ပိုမိုကောင်းမွန်ပြီး အမျှင် နည်းကာ အသားကြွပ်ဆတ်ဆတ် ရှိသည်။ Queen မျိုးမှဆင်းက်ဖြစ်ထွန်း သော Macgregor နှင့် Z Queen ဟူ သောမျိုးဆက်သစ်နှင့်ခုလည်းရှိသေး သည် Macgregor ကို ဩစတေးလျတွင် အစိုက်များပြီး Z Queen ကို တောင်အာဖရိကမှာ အစိုက်များပါ သည်။

အနောက်အိန္ဒိယကျွန်းစု နိုင်ငံများ ကျူးဘားနိုင်ငံ၊ ပွာတိုရီကိုနှင့် မက္ကဆီကိုတို့တွင် Red Spanish မျိုးကို အစိုက်များသည်။ စည်သွပ်လုပ်ငန်းသုံး နာနတ်မျိုးဖြစ်သော Singapore Spanish ကို မလေးရှားတွင် အကြီးအကျယ် စိုက်ပျိုးထုတ်လုပ်လျက်ရှိ သည်။ အရွက်အလျား နှစ်ပေမှ နှစ်ပေ၊ သုံးလက်မလောက်ရှည်ပြီး အရွက် နှုတ်ခမ်းနှစ်ဘက်၌ ဆူးသွားခပ်စိပ်စိပ် ပါရှိသော Abacaxi မျိုးကိုမူ ဘရာဇီးတွင် အစိုက်များသည်။

နာနတ်မျိုးတို့၏ ခရိုမိုဆုမ်း သည် 2n=50 ရှိသဖြင့် Diploid မျိုး များဖြစ်ကြသော်လည်း ထူးထူးခြားခြား Triploid ခေါ် ခရိုမိုဆုမ်း 2n=75 ရှိသော နာနတ်မျိုးကို ပွာတိုရီကိုတွင် အစိုက်များပြီး အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ ဈေးကွက်သို့ တိုက်ရိုက်တင်ပို့ကြသည်။

စိုက်ပျိုးမြေ[ပြင်ဆင်ရန်]

နာနတ်သည် မြေမရွေးစိုက်ပျိုး နိုင်သော သီးနှံဖြစ်သည်။ သဲဆန်ဆန် နုန်းမြေများ Sandy Loam ဖြစ်ပြီး မြေချဉ်ငန်ဓာတ် pH 5.0-6.5 ရှိလျှင် ကောင်းစွာဖြစ်ထွန်း နိုင်သည်။ မြေမရွေးဟု ဆိုသော်လည်း မည်သည့်မြေတွင် စိုက်စိုက် ရေဝပ်ခြင်းကိုတော့ ကြောက်သည်။ မည်သည့်နာနတ်မျိုးကို စိုက်ပျိုးသည်ဖြစ်စေ အရွက်တွင် အစက်အပြောက် ကလေးတွေ ပေါ်လာလျှင် စိုက်ပျိုးမြေတွင် ထုံးဓာတ်နှင့် မဂ္ဂနီးစ်- Manganese များနေပြီဖြစ်ကြောင်း သိထားရမည်ဖြစ်သည်။ မြေကိုလိုအပ်သလို အမြန်ဆုံး ပြုပြင်ပေးရမည်။

နာနတ်စိုက်ခင်းများသည် ပင်လယ်နှင့် နီးလွန်းပါက လေထုတွင် ပါလာသော ဆားငွေ့ဓာတ်ကြောင့် အရွက်တွေကွက်သော ရောဂါဝင်တတ်သည်။ ပင်လယ်ရေ မျက်နှာထက် ပေ ၄၂ဝဝ မှ ၇ဝဝဝ အထိမြင့်သော ဒေသများ၌ပင် စိုက်ပျိုးနိုင်သည်ဟု ဆိုသော်လည်း Cayene သည် Queen မျိုးလောက် အအေးဒဏ် မခံနိုင်ဟု ဆိုသည်။ အထက်ပါ အမြင့် ပေအတွင်း၌ Cayene မျိုးကို စိုက်ပျိုးလျှင် အသီး၏သကြား အက်စစ်အချိုး Sugar-Acid Ratio မှာ ၁၆:၁ ဖြစ်သဖြင့် စည်သွတ်လုပ်ငန်းအတွက် အကောင်းဆုံး ဖြစ်သည်။

နာနတ်သီး၏ သကြားအက်စစ် အချိုးမှာ စိုက်ပျိုးမြေ၏ အမြင့်ပေ ပေါ်တွင်လည်း တည်နိုင်သည်။ ကင်ညာ နိုင်ငံတွင် စိုက်ပျိုးသော နာနတ်များမှာ အချဉ်ဓာတ်များပြီး ပေ ၃၅ဝဝ အမြင့်ဝန်းကျင်၌ စိုက်လျှင် မျိုးတူ နာနတ်ပင်ဖြစ်စေ သကြား-အက်စစ် အချိုးမှာ ၃၈:၂ ဖြစ်လာသဖြင့် အချိုဓာတ် မြင့်မားလာသည်ဟု ဆိုသည်။

နာနတ်ပင် ကြိုက်သော အပူချိန်မှာ ၂၇ ဒီဂရီ စင်တီဂရိတ် ဖြစ်သည်။ ၂ဝ ဒီဂရီစင်တီဂရိတ်အောက်နှင့် ၃၆ ဒီဂရီ စင်တီဂရိတ် အထက်ဆိုလျှင် ကြီးထွားနှုန်း နှေးကွေးသည်။ အပူချိန်မြင့် မြင့်၊ လေထုစိုထိုင်းဆ များများရှိသော မလေးရှားတွင် စိုက်ပျိုးထုတ်လုပ်သော နာနတ်များမှာ အသီးအရွယ် အစား ကြီးမားပြီး အချဉ်ဓာတ်သိပ် မများဟုဆိုသည်။ တစ်နှစ်လျှင် မိုးရေ ချိန် ၂၅ လက်မမှ လက်မ ၁ဝဝ အတွင်း ရွာသွန်းသော ဒေသများတွင် စိုက်ပျိုးနိုင်သည်။ နာနတ်သည် ရေ သိပ်မကြောက်သလို မိုးခေါင်ရေငတ် ဒဏ်ကိုလည်း ခံနိုင်သည်။ ရေဝပ်ခြင်း ကိုတော့ အထူးကြောက်သည်။

နာနတ်စိုက်ပျိုးရန်အတွက် မြေ ပြင်လျှင် မည်သည့်မြေတွင်ဖြစ်စေ ထယ်ရေးနက်နက် တစ်ပေလောက် အထိထိုးရသည်။ မြေအနေအထား အရ လိုအပ်လာလျှင် Subsoiler ကို ပင်သုံးသင့်သည်။ ထို့နောက် ထွန်ရေး ညက်အောင်ပြုပြီး သုံးပေအကျယ် စိုက်ဘောင်များ ဖော်ပေးပါ။ ထိုစိုက် ဘောင်ပေါ်၌ ခြောက်လက်မခြားပြီး တစ်ဧကလျှင် ပျိုးပင်တစ်ပင်ကျ စိုက်ရသည်။ စိုက်ဘောင်တစ်ခုနှင့် တစ်ခုကြား သုံးပေခန့် ခြားထားလျှင် အကောင်းဆုံးဖြစ်သည်။ ထိုနှုန်းဖြင့် စိုက်လျှင် စိုက်ဧရိယာ တစ်ဧကတွင် ပျိုးပင် ၁၆ဝဝဝ မှ ၁၈ဝဝဝ လောက် အထိဝင်နိုင်သည်။

ပျိုးပင်အဖြစ် အသုံးပြုရန် အတွက်-

  1. Subsoiler ခေါ် မြေအောက်ပင် စည်မှထွက်သော သားတက်။
  2. Shoots ခေါ် နာနတ်ပင်အရွက် များကြားမှထွက်တတ်သော သားတက်။
  3. Slips ခေါ် အသီးအောက်ခြေရှိ ခြေရိုးတံမှကပ်၍ထွက်သော သားတက်။
  4. Slips ခေါ် အသီးရိုးတံ၏ အောက်ဆုံးအခြေမှထွက်သော သားတက်။
  5. Crown ခေါ် နာနတ်သီးထိပ်ရှိ ကြက်တောင်စည်းအညွန့်အုံ။
  6. Butts or Stumps ခေါ် ခုတ် သိမ်းပြီး နာနတ်ပင်မှ ကျန်ရစ် သောအပင်ငုတ်တို့ကိုစုဆောင်း စိုက်ပျိုးနိုင်သည်။ ယင်း နာနတ်ပျိုးပင်များသည် မစိုက် မီသီတင်း လေးငါးပတ် လောက်အထိ မျိုးပေါက်ရှင် သန်နိုင်စွမ်းကိုထိန်းထားနိုင် ကြသည်။

ခရစ္စတိုဖာ ကိုလံဘတ်စ်သည် Guade Loupe ကျွန်းသားများထံမှ နာနတ်သီးကို လက်ခံရရှိစဉ် ကတည်းက အနံ့အရသာကို အထူးနှစ်သက်ခဲ့ပြီး စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်ခဲ့သည်ဟု ဆိုသည်။ ထို့ပြင် ဒေသခံ လူနီအင်ဒီးယန်းများ၏ နာနတ်သီးကို ဆေးဖက်ဝင် ပစ္စည်းအဖြစ် သုံးစွဲပုံများကိုပါ မှတ်သားသင်ကြားခဲ့သည်။ ဒေသခံတို့သည် နာနတ်သီးကို အစာကြေဆေး အဖြစ်လည်းကောင်း၊ အသားနုတက်ဆေး Healer အဖြစ် လည်းကောင်း သုံးစွဲနေကြသည်။ အင်ဒီးယန်း အမျိုးသမီးများသည် နာနတ်သီး အသားဖတ်များဖြင့် ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ကာ အသားအရေ စိုပြည်လှပအောင် ပြုပြင်ကြပုံများကိုလည်း စနစ်တကျ မှတ်သားခဲ့သည်။

Bromelian အင်ဇိုင်း[ပြင်ဆင်ရန်]

နာနတ်တွင် Bromelain ခေါ် Enzyme Protease ဓာတ်ကြွယ်ဝစွာ ပါဝင်သည်။ ယင်းအင်ဇိုင်းသည် ပရိုတင်း ဖွဲ့စည်းမှုကို ချေဖျက်နိုင်စွမ်း ရှိသည်။ ကြီးမားခိုင်မာသည့် ပရိုတင်း အစိုင်အခဲများကို ပြိုကွဲစေပြီး Peptides နှင့် အမိုင်နိုအက်စစ်များ အဖြစ်သို့ ပြောင်းသွားစေသည်။ အရေပြားပေါ်တွင် ဖြစ်ပေါ်တတ်သည့် ကြွက်နို့လို အဖုအသားမာ များကိုပင် ချေဖျက်နိုင်ကြောင်း တွေ့ရှိထားပြီး ဖြစ်သည်။

ဆေးဖက်ဝင် အစွမ်းထက်သော Bromelain သည် နာနတ်ရွက်မှသည် အသီးအထိတစ်ပင်လုံး၌ ကြွယ်ဝစွာ ပါဝင်နေသည်ဟု ဆိုသည်။ စီးပွားဖြစ် စိုက်ပျိုးသော နာနတ်ခင်းကြီးများ တွင် အသီးဆွတ်ခူးရိတ်သိမ်းပြီးနောက် အခင်းကျန် နာနတ်ပင်စည် ငုတ်တိုများကို စုဆောင်းကာ Bromelian အင်ဇိုင်းထုတ်ယူနိုင်သည်။

Bromelian ထုတ်ယူပုံမှာ အလွန်လွယ်ကူ ရိုးစင်းပြီး မည်သည့်အဆင့်မြင့် နည်းပညာမျှ သုံးစရာ မလိုပါ။ အထက်တွင် ဆိုခဲ့သည့်အတိုင်း အခင်းကျန် နာနတ်ပင် စည်ငုတ်တိုများကို စုဆောင်းပြီးနောက် အပြင်အခွံကြမ်း အခေါက်ကို ခွာထုတ်ပါ။ ကျန်ရှိသော ပင်စည်အတွင်းသားကို ကြိတ်ချေပြီး ရေသင့်ရုံရောကာ သတ္ထုရည် ရယူပါ။ ထိုသတ္ထုရည်ကို Acetone နှင့် ဓာတ်ပြုလိုက်လျှင် Bromelain သည် အနည်အဖြစ်ကျလာမည်။ ယင်းသို့အောက်တွင် ထိုင်နေသည့် အနည်အနှစ်များကို အခြောက်ခံလိုက် လျှင် အဖြူရောင် Bromelain အမှုန့် များရရှိပါလိမ့်မည်။

ခေတ်သစ် ဇီဝ-ဓာတုပညာရှင် တို့၏ တွေ့ရှိချက်အရ Bromelain သည် နှလုံးရောဂါ တစ်မျိုးကို ကုသရာ၌ ထိရောက်စွာ အထောက်အပံ့ ဖြစ်စေသည်ဟု ဆိုသည်။ သွေးထဲတွင် Protein-Fibrin ခေါ် ပရိုတင်း အမျှင်ဓာတ်များလာလျှင် သွေးကြောပိတ်ဆို့မှု Thrombosis ဖြစ်တတ်သည်။ ယင်းသို့ သွေးကြောထဲတွင် Protein-Fibrin ကြောင့် သွေးခဲခြင်း Clots ဖြစ်ပွားကာ Thrombosis အဆင့်သို့ရောက်သွားလျှင် ကမ္ဘာ့လူသတ် ရောဂါဆိုး တစ်မျိုးဖြစ်သော လေသင်တုံးဖြတ်ခြင်း Stroke ဖြစ်တတ်သည်။ သို့သော် တစ်ဘက်တွင်လည်း သွေး၏ သဘာဝ ဂုဏ်သတ္တိ၌ သွေးခဲခြင်း Clots သည်မရှိမဖြစ် ပါဝင်နေရသည်ဖြစ်ရာ သာမန်ကျန်းမာ သန်စွမ်းသည့် လူတစ်ဦး၏ သွေးထဲ တွင် သွေးခဲခြင်းနှင့် သွေးပျော်ခြင်း Clotting and Degradation တို့သည် မျှခြေတွင် ရှိနေရမည်။ တစ်စုံတစ်ရာသော အကြောင်းကြောင့် ထိုမျှခြေ ပျက်ယွင်းပြီး Clotting ဘက်သို့ ယိုင်သွားပါက သွေးကြောအတွင်း သွေးခဲ ခြင်း Thrombosis အဆင့်သို့ရောက် သွားနိုင်သည်။ Thrombosis အခြေ ခိုင်သွားလျှင် လေသင်တုံးဖြတ်တော့သည်။ နာနတ်တွင်ပါဝင်သော Bromelain သည် မျှခြေပျက်ယွင်းပြီး Clotting ဖြစ်နေသည့် သွေးခဲများကို ချေဖျက်ပြိုကွဲ စေသည်ဟု ဆိုသည်။ တစ်ဘက်တွင် Clotting ကို ချေဖျက်ပေးသလို အခြားတစ်ဘက်တွင်လည်း သွေးပျော်ခြင်းသတ္တိ Degradation ကို ဆက်လက်ထိန်းသိမ်း ထားခြင်းဖြင့် သွေးတွင်းမျှခြေကို ဖြစ်ထွန်းစေသည်။ သွေးပျော်ခြင်း သတ္တိ လွန်ကဲလျှင်လည်း Haemorrhage ခေါ် သွေးကြောပေါက်ပြဲ သွေးယိုစိမ့်ခြင်း ဖြစ်တတ်သည်။ အချုပ်အား ဖြင့်ဆိုရလျှင် Bromelain သည် သွေး ခဲခြင်းနှင့် သွေးယိုစိမ့်ခြင်း အစွန်းနှစ်ဘက်ကို ထိန်းချုပ်နိုင်စွမ်း ရှိလာသည်ဟု ဆိုရမည်။

သုတေသန တွေ့ရှိချက်[ပြင်ဆင်ရန်]

နာနတ်ကိုစီးပွားဖြစ် စိုက်ပျိုး ထုတ်လုပ်နေသည့် ဟာဝိုင်အီမှ ဇီဝ- ဓာတုပညာရှင် သုတေသီ ဒေါက်တာ Steven Taussig ၏ သုတေသန တွေ့ရှိချက်မှာ စိတ်ဝင်စားဖွယ် ကောင်းသည်။

သွေးထဲတွင် သွေးခဲခြင်းကို ပျက်သုဉ်းစေသော Protease တစ်မျိုးဖြစ်သည့် Plasmin ဓာတ်သည် သဘာဝအတိုင်း ပါဝင်နေပါသည်။

သွေးထဲတွင် Plasmin ဓာတ် ပုံမှန်အတိုင်း ဖြစ်ထွန်းနေအောင် Plasminogen ကထိန်းချုပ်ပေးသည်။ ထို Plasminogen ကိုစေ့ဆော် မောင်းနှင်ပေးဖို့ သဘာဝ တရားက ဖန်တီးစီရင် နေသော်လည်း အကြောင်းတစ်စုံ တစ်ရာကြောင့် ယိမ်းယိုင်သွားခဲ့သော် ပြင်ပအထောက်အပံ့ တစ်ခုခုဖြင့် Activate လုပ်ပေးဖို့ လိုအပ်လာသည်။ ချို့ယွင်းမှု တစ်စုံတစ်ရာကြောင့် သဘာဝမျှခြေပျက်သွားပြီး Plasmin လျော့နည်းလာလျှင် အထက်တွင်ဆိုခဲ့သည့်အတိုင်း သွေးခဲများကို မချေဖျက်နိုင်တော့ဘဲ သွေးကြောပိတ်ဆို့စေသည်။ နာနတ်မှ ထုတ်ယူရရှိသော Bromelain သည် Plasminogen ကို လှုံ့ဆော် ပေးခြင်းဖြင့် သွေးထဲတွင် Plasimn Level ကိုပြန်မြှင့်ပေးနိုင်စွမ်း ရှိသည်ဟု ဆိုသည်။ ဒေါက်တာ Steven သည် သူ၏ သုတေသနကို နှလုံးရောဂါ ခံစားနေရသည့် လူနာ ၁၄ဝ ပါ အုပ်စုနှစ်စုဖြင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ပထမ အုပ်စုဝင် လူနာ ၁၄ဝ အနက် ကျန်းမာရေးဆိုင်ရာ စစ်ဆေး ချက်များအရ လူနာ ၂ဝ ရာခိုင်နှုန်း အပျက်အစီး ရှိနိုင်သည်ဟု ဆိုသည်။ အဓိပ္ပာယ်မှာ ပထမအုပ်စုဝင် လူနာ ၁၄ဝ ထဲမှ ၂၈ ယောက်မှာ နှစ်နှစ်အတွင်း သေချာပေါက်နီးပါး သေဆုံးရမည် ဖြစ်သည်။ စမ်းသပ်မှုကာလ စတင်သည်နှင့် ထိုလူနာများကို အခြားဆေးဝါးများ မပေးဘဲ Bromelain တစ်မျိုးတည်းသာ တိုက်ကျွေးခဲ့ရာ သုတေသနကာလ ကုန်ဆုံးချိန် နှစ်နှစ်အတွင်း နှစ်ယောက်သာ သေဆုံးကြောင်း တွေ့ရှိခဲ့သည်။

ဒုတိယ အုပ်စုဝင် လူနာ ၁၄ဝ မှာ လေးနှစ်အတွင်း ၃၅ ရာခိုင်နှုန်း သေဆုံးမည်ဟု ခန့်မှန်းထားသူများ ဖြစ်ကြသည်။ ထိုအုပ်စုကိုလည်း စမ်းသပ်မှုစတင်သည်နှင့် Bromelain တစ်မျိုးတည်းကို တိုက်ကျွေးခဲ့သည်။ မစမ်းသပ်မီ ဆေးစစ်ချက်များ အရ လူနာ ၃၅ ရာခိုင်နှုန်း၊ တစ်နည်းအားဖြင့် လူနာ ၇၆ ယောက်မှာ စမ်းသပ်မှု ကာလဖြစ်သော လေးနှစ်အတွင်း သေဆုံးကြရမည်ဖြစ်သည်။ သို့သော် လေးနှစ်ပြည့်ချိန်တွင် ထိုဒုတိယအုပ် စုမှ လူနာနှစ်ဦးသာသေဆုံးခဲ့သည်ဟု ဆိုသည်။

Bromelain ၏ Anti-thrombotic mode သဘောဆောင်သော ဂုဏ်သတ္တိကြောင့် Prothrombin မှ Thrombin သို့ ပြောင်းလဲခြင်း ဖြစ်စဉ်ကို တားဆီးတတ်သော အကျိုးသွားကြောင့် Clots ဖြစ်မှုကို လျော့နည်းစေသည်။ အနာဒဏ်ရာများ ရောင်ရမ်းခြင်းကို တားဆီးနိုင်ခြင်းမှာ အထက်ပါ ဂုဏ်သတ္တိကြောင့်ပင် ဖြစ်သည်။

Protease သည် လူ့ခန္ဓာကိုယ်တွင်း၌ အစဉ်အမြဲ ကောင်းကျိုးပြုနေသည်တော့ မဟုတ်ပါ။ တစ်ခါတစ်ရံ၌ Protease ဖြစ်ပေါ်မှုကို ဟန့်တား ပေးရသည့် အခြေအနေမျိုးလည်း ဖြစ်ပေါ်လာတတ်သည်ဟု ဆိုသည်။ Bromelain ၌ ထိုသို့ ဟန့်တားပေးနိုင်သော အနုဇီဝ ပစ္စည်းတစ်မျိုး ပါဝင်နေကြောင်း တွေ့ရှိထားပြီး ဖြစ်သည်။ Pr-otease ၏ အခြားဂုဏ် သတ္တိတစ်မျိုးမှာ တစ်ခါတစ်ရံ၌ ခန္ဓာကိုယ်တွင်းရှိ ကျန်းမာသန်စွမ်းသော ဆဲလ်ကောင်းများကို မထင်မှတ်ဘဲ တိုက်ခိုက် ဖျက်ဆီးတတ်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် လူ့ခန္ဓာကိုယ်တွင်းရှိ ဇီဝကမ္မ ဖြစ်စဉ်တစ်ခုက Protease ကို လိုအပ် သည့် အခါကျမှသာ ထုတ်ယူသုံးစွဲ နိုင်ရန် သီးသန့်သိုလှောင်ထားပေး ခြင်းဖြင့် ထိန်းညှိပေးထားသည်။

အချို့သော ရောဂါများတွင် သီးသန့်လှောင်ထားသော Protease များ မတော်တဆ လွတ်ထွက်သွားတတ်သဖြင့် ဆဲလ်ကောင်းများ ဖျက်ဆီးခြင်း ခံရတတ်သည်။ ထိုဖြစ်စဉ်မျိုးသည် ပြင်ပ ပယောဂကြောင့်လည်း ဖြစ်ပေါ်တတ်သည်။ ဥပမာအားဖြင့် ပြရလျှင် Staphylococus areus ကဲ့သို့သော ဘက်တီးရီးယားတို့သည် ခန္ဓာကိုယ်ထဲသို့ရောက်ရှိလာပြီး Protese အရိုင်းများကို ထုတ်လွှတ် ပေးတတ်သည်။ ထို Protese အရိုင်းများက အသားစိုင် အကောင်းများကို တိုက်ခိုက်ကြသောအခါ အရေပြားပေါ်တွင် မီးလောင်ဖုကဲ့သို့ အနာများဖြစ်လာတတ်သည်။

Protese များ၏ဖောက်လွဲ ဖောက်ပြန်ပြုမူ တတ်ခြင်းကြောင့် လူ့ကိုယ်ခန္ဓာ၌ ဖြစ်ပွားရသော ရောဂါများအနက် အဆုတ်၌ လေရှူ၍ မဝသည့် Emphysema ရောဂါမှာ အထင်အရှားဆုံး ဖြစ်သည်။

အဆုတ်၏ လေရှူခြင်း၊ လေစွန့် ထုတ်ခြင်း အလုပ်မှာ ထိုအဆုတ်၏ ကျုံ့နိုင်ပွနိုင်အားပေါ်တွင် မှီတည်သည်။ ကျန်းမာနေသော လူ့ခန္ဓာကိုယ်တွင် ယင်းကျုံ့နိုင် ပွနိုင်စွမ်းကို လှုံ့ဆော်ပေးသည့် Protease Inhibitor အင်ဇိုင်းကို ပုံမှန်ထုတ်လုပ်ပေးအောင် ထိန်းချုပ်ထားနိုင်သဖြင့် ဘာပြဿနာမျှ မပေါ်ပေ။ သို့သော် အကြောင်း တစ်စုံတရာကြောင့် ထိုအင်ဇိုင်းကို ခန္ဓာကိုယ်က မထုတ်လုပ် နိုင်သောအခါ သို့မဟုတ် မထိန်းချုပ်နိုင်သော အခါတွင်မူ အသက်ရှူကျပ် ခြင်း(အဆုတ်၌ လေရှူ၍မဝခြင်း) ဝေဒနာ လက္ခဏာ ပေါ်ပေါက်လာသည်။ ဥပမာပြရသော် စီးကရက်၊ ဆေးလိပ် စသည်တို့၏ မီးခိုးတွင် အထက်ဖော်ပြပါ Protease Inhibitor အင်ဇိုင်း၌ ပါဝင်သော အမိုင်နိုအက်စစ် တစ်မျိုးကို တိုက်ခိုက်ဖျက် ဆီးနိုင်စွမ်းသော သတ္တိများ ပါဝင်နေသဖြင့် အသက်ရှူခြင်းဆိုင်ရာ စွမ်းရည်များ ကျဆင်းစေသည်။ အချုပ်အားဖြင့်ဆိုရလျှင် Protease သည် ဖောက်ပြန်လွယ်ပြီး ယင်းသို့ဖောက် ပြန်တိုင်းလည်း ခန္ဓာကိုယ်၌ ရောဂါ လက္ခဏာတစ်ခုမဟုတ် တစ်ခုပေါ် ပေါက်တတ်သည်။

နာနတ်သီးတစ်ခုလုံးတွင် စားသုံးနိုင်သော Eatable Portion ပမာဏမှာ ၆ဝ ရာခိုင်နှုန်းမျှ ပါဝင်နေသည်။ ရေဓာတ် ၈၅ ရာခိုင်နှုန်း၊ ပရိုတင်း ဓာတ် ဝ.၄ဝ ရာခိုင်နှုန်း၊ သကြားဓာတ် ၁၄ ရာခိုင်နှုန်း၊ အဆီ ဓာတ် ဝ.၁ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ဝ.၅ ရာခိုင်နှုန်းအပြင် ဗီတာမင်အေ နှင့် ဘီဝမ်းဓာတ်ကြွယ်ဝစွာ ပါဝင်သည်။ အထက်တွင်ဖော်ပြခဲ့သော Bromelain အင်ဇိုင်းများကြောင့်လည်း အစာချေချက် နိုင်စွမ်းကို မြှင့်တင်ပေးသည်။

မြန်မာနိုင်ငံ အောက်ပိုင်း ဒေသများ၌ ဟင်္သာတမြို့နယ်မှ ထူးကြီးနာနတ်၊ ပဲခူးကဝနယ်ဘက်မှ ထုံးကြီးနာနတ်နှင့် အထက်ပိုင်း မြစ်ကြီးနားနယ်မှ နာနတ်များမှာ နာမည်ကြီးသည်။ နာနတ်ကို စီးပွားဖြစ်စိုက် ခင်းများဖြင့် သီးသန့်စိုက်ပျိုးထုတ် လုပ်နိုင်သလို၊ အုန်းခြံ၊ တညင်းခြံ၊ သစ်တော်ခြံ၊ လိမ္မော်ခြံ စသည်များတွင်လည်း ရောနှောစိုက်ပျိုးနိုင်သည်။

အရေပြားကင်ဆာနှင့် နာနတ်သီး[ပြင်ဆင်ရန်]

အမေရိကန်နိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ ဖြစ်ပြီး လူဦးရေ မီလီယံ ၃.၅ သန်းဟာ နှစ်စဉ် ခံစားနေရသည်။ ဤအရေပြားကင်ဆာရောဂါအတွက် ဖြေဆေးသည် နာနတ်သီးမှာ ရှိနေသည်ဟု ဆိုပြီး၊ ကင်ဆာဂျာနယ်ထဲတွင် ပါသည့် ဆေးဆောင်းပါးအရ နာနတ်သီးထဲမှာ ပါဝင်သော ဘရိုမီလိန် (Enzyme Bromelain)မှာ ကာကွယ်မှု တချို့ ပေးနိုင်သည်ဟု ဆိုသည်။ အိန္ဒိယဆေးသုတေသီများသည် အလျင်ဆုံး ကြွက်များကို အင်ဇိုင်းဘရိုမီလိန်နှင့် စမ်းသပ်ခဲ့ရာ အောင်မြင်မှုတချို့ ရသည်။ ၃၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး လူများအတွက်လည်း အလားတူ အကျိုးသက်ရောက်မှုရှိမည်ဟု ယုံကြည်ကြသည်။ နာနတ်သီးထဲမှာ ပါရှိသော ဘရိုမီလိန်သည် ပန်းနာရင်ကြပ်ကို သက်သာပြေလျော့စေမှု၊ အဆစ်အမြစ် ကိုက်ခဲခြင်း သက်သာစေမှုနှင့် အနာကျက် မြန်စေသော သတ္တိရှိသည်။

သုံးဆောင်နည်း[ပြင်ဆင်ရန်]

မျက်လုံးအာရုံအတွက် တစ်နေ့ကို သုံးလုံးခန့် သုံးဆောင်ပေးသင့်သည်။ အရိုးခိုင်မာသန်စွမ်းရန် တစ်နေ့ကို ဖျော်ရည်တစ်ခွက်ခန့် သောက်သုံးပေးသင့်သည်။ နာနတ်သီးကို တခြားအစားအသောက်များနဲ့ ရောထွေးစားသောက်၊ ယှဉ်တွဲ စားသောက်ခြင်းထက် နာနတ်သီးတစ်ခုတည်း သီးသန့်သုံးဆောင်ပေးခြင်းက အကျိုးကျေးဇူးပိုမိုထိရောက်စေသည်။ နေ့လယ်စာစားသောက်ပြီးမှ သုံးဆောင်ပါက အစာကြေညက်မှုကို အထောက်အကူ ပြုသည်။ အခြားအစားအသောက်များနှင့် ယှဉ်တွဲစားသောက်လျှင် အစာခြေဖျက်မှုကို ကူညီပေးသည်။

နာနတ်သီးနှင့် အရေပြား တွန့်ခြင်းအား ကာကွယ်နည်း[ပြင်ဆင်ရန်]

နာနတ်သီးနှင့် သံလွင်ဆီတို့သည် အထူးသဖြင့် လည်ပင်းပိုင်းက အရေပြားတွန့်ခြင်းအတွက် ကောင်းစွာ ထိရောက်သည်။ သံလွင်ဆီနှစ်ဇွန်း (စားပွဲတင်ဇွန်း)၊နာနတ်သီး(လတ်လတ်ဆတ်ဆတ်) ရည်တစ်ခွက်နှင့် နှင်းဆီရည်တစ်ဇွန်း (လက်ဖက်ရည်သောက်ဇွန်း) ဖြင့် လည်ပင်း၊ မျက်နှာကို လိမ်းကျံသည့်အခါ မလိမ်းကျံခင် မျက်နှာကို သန့်စင်ဆေးကြောရသည်။ နို့ဖြင့် ဆေးကြောသောအခါ ပို၍ အာနိသင် ရသည်။ ဆေးကြောပြီးနောက် သံလွင်ဆီနှင့် မျက်နှာကို လိမ်းကျံပါ။ လက်ဖဝါးနှင့် အပေါ်ကို ပွတ်တင်၍ စက်ဝိုင်းပုံစံ နှိပ်နယ်ပေးခြင်းဖြင့် အရေပြားကနေ အဆီကို စုပ်ယူလိမ့်မည်။ ထို့နောက် နာနတ်ရည်နှင့် နှင်းဆီရည် အရောကို လိမ်းကျံရမည်။ မိနစ် ၂၀ ခန့် လိမ်းကျံပေးပြီးမှ မျက်နှာကို ရေသန့်ဖြင့် သစ်ပါ။ တစ်ပတ်တစ်ခါ လုပ်ဆောင်ခြင်းဖြင့် အသားအရေ မတွန့်စေပါ။

ပေါင်းတင်ခြင်း[ပြင်ဆင်ရန်]

နာနတ်သီးဖြင့် မျက်နှာကို တစ်ပတ်တစ်ခါ ပေါင်းတင်လျှင် နာနတ်သီးတွင် ပါဝင်သော အင်ဇိုင်းဓာတ်ကြောင့် အသားအရေကို ဝင်းစေပြီး အရေပြားတွန့်ခြင်းကို အထူးကာကွယ်သည်။ ပျက်စီးနေသည့် ဆဲလ်များကိုလည်း အမြန်ဆုံး ပြည်လည်ဖြည့်တင်းပေးသည်။ နာနတ်သီးဖျော်ရည် ၁ ဇွန်း (စားပွဲတင်ဇွန်း) သို့ နာနတ်သီးမှည့်မှည့် တစ်စိတ်ကို ယူပါ။ အရည်ဆိုလျှင် မျက်နှာကို လိမ်းကျံပြီး အစိတ်ဆိုပါက မျက်နှာပေါ်ပွတ်သပ် နှိပ်နယ် ပေးရမည်။ စေးကပ်တတ်ရာ လိမ်းပြီးပါက ရေဖြင့် သေချာ ဆေးကြောရန်လိုသည်။ လိမ်းကျံပြီးသည့်အခါ ဆယ်မိနစ်ခန့်စောင့်ရန် လိုသည်။ မျက်နှာအပြင် လည်ပင်း၊ ခန္ဓာကိုယ်နေရာ အစိတ်အပိုင်း တို့ကိုလည်း လိမ်းကျံပေးနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ တခြားအစိတ်အပိုင်းနေရာများကို လိမ်းကျံပါက နွားနို့ ဖန်ခွက် ဝက်ခန့်၊ သံပရာရည်၊ ကြက်ဥတစ်လုံး၊ နနွင်းမှုန့် အနည်းငယ်နှင့် ဂျုံမှုန့်အနည်းငယ်တို့ ရောစပ်ပြီးမှ လိမ်းရမည်။ လက်မောင်း၊ ခြေထောက်၊ ခြေသလုံး၊ နောက်ကျောဘက် နေရာနှင့် ဝမ်းပျဉ်းသားနေရာတို့ကို လိမ်းကျံပြီးပါက ရေနွေးနွေးနဲ့ ပြန်လည် ဆေးကြောပေးပါ။ နာနတ်သီးအစား သင်္ဘောသီးကို အစားထိုးအသုံးချနိုင်သည်။[၅]

ကိုးကား[ပြင်ဆင်ရန်]

  1. The Plant List: A Working List of All Plant Species။ 23 July 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 1 November 2021 တွင် ပြန်စစ်ပြီး။
  2. Morton၊ Julia F (1987)။ Pineapple, Ananas comosus။ 22 April 2011 တွင် ပြန်စစ်ပြီး။
  3. Pineapple Definition | Definition of Pineapple at Dictionary.com။ Dictionary.reference.com။ 6 December 2009 တွင် ပြန်စစ်ပြီး။
  4. မောင်သိန်းဇံ (ဇူလိုင် ၂၀၀၀)။ ရခိုင်မြန်မာဆေးအခေါ်ကွဲလွဲမှုများ။ နက္ခတ္တရောင်ခြည်။ p. ၂၈၁။
  5. Myanmar Market Journal