နဂါးမောက်သီး

ဝီကီပီးဒီးယား မှ
နဂါးမောက်သီး

Pitaya fruit အမည်ရှိပြီး Dragon Fruit ဟု အများစုက ခေါ်ကြသည်။ မြန်မာလို နဂါးမောက်သီး ဟုခေါ်သည်။ နဂါးမောက်သီး၏ မူရင်းဒေသမှာ အမေရိကန် တောင်ပိုင်းနှင့် အလယ်ပိုင်းဖြစ်သည်။ နဂါးမောက်သီးကို ကမ္ဘာတစ်ဝန်းရှိ အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းသည်။

နဂါးမောက်ပင်များသည် အမြင့်ပေ ၂၀ခန့် အထိသာ မြင့်တက်တတ်သည်။ ပူအိုက်ပြီး မိုးရေချိန်များသည့်ဒေသတွင် ရှင်သန်ဖြစ်ထွန်းသည်။ အေးမြသည့် ဆောင်းရာသီတွင် အပင်သေတတ်ပြီး အပူချိန်မြင့်မားသော အပူပိုင်းဒေသကို နှစ်သက်သည်။ အရှေ့တောင်အာရှမက္ကဆီကိုမလေးရှားဗီယက်နမ်နှင့် အစ္စရေးနိုင်ငံတို့တွင် စီးပွားဖြစ် စိုက်ပျိုးသည်။ မြန်မာနိုင်ငံတွင်လည်း မိတ္ထီလာမြို့ဝန်းကျင်နှင့် ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့ဝန်းကျင်တို့တွင် စီးပွားဖြစ် စိုက်ပျိုးကြသည်။

  • မြန်မာအမည် - နဂါးမောက်သီးပင်
  • အင်္ဂလိပ်အမည်- Dragon fruit
  • ရုက္ခဗေဒအမည်- Selenicereus (former- Hylocerus) sprecies
  • မျိုးရင်း - Cactaceae (ကန္တာရဆူးပင်)

နည်းစနစ်ကျ စိုက်ပျိုးခြင်း[ပြင်ဆင်ရန်]

နဂါးမောက်သီးမှာ မြန်မာနိုင်ငံအတွက် သစ်သီးပင် အသစ် တစ်မျိုးဖြစ်သည် ။ ဈေးကွက် အလားအလာကောင်း သဖြင့် စီးပွားဖြစ် စိုက်ပျိုးနိုင်သော သီးနှံ တစ်မျိုးဖြစ်သည်။ အသီး ပုံသဏ္ဌာန်နှင့် အသီးအခွံ အရောင်(အနီနှင့်ပန်းရောင်) မှာ ဆွဲဆောင်မှု ရှိသဖြင့် အိမ်နှင့် စားသောက်ဆိုင်များပန်းခြံများတွင် အလှပင်အဖြစ် စိုက်ပျိုးနိုင်သည်။ မူရင်းဒေသ မျိုးစု(Hylocerus) အောက်တွင်မျိုးစိပ်ပေါင်း(၂၆)ခုရှိရာ မျိုးစိတ်အလိုက် မူရင်းဒေသကွဲပြားပါသည်။ စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသောမျိုးများ၏ မူရင်းဒေသမှာ မက္ကဆီကိုနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည်။ ရာသီဥတု ရေငတ်ဒဏ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်မျိုးဖြစ်သည်။

ပူနွေးသော ရာသီဥတုကို ကြိုက်နှစ်သက် သည်။ နေရောင်ခြည်ကောင်းစွာ ရရှိသောနေရာဒေသ များတွင် ကောင်းစွာဖြစ် ထွန်းသည်။ အနိမ့်ဆုံးအပူချိန်( -၂) ဒီဂရီ စင်တီဂရိတ် အထိ ခံနိုင်ရည် ရှိသည်။ မြေအမျိုးအစား နဂါးမောက်ပင် စိုက်ပျိုးရန် သင့်တော်သောမြေချဉ်ငံကိန်း pH မှာ(၆)ဖြစ်သည်။ ရေစီးစိမ့်မှုကောင်းသောမြေမျိုး တွင်ကောင်း စွာဖြစ် ထွန်း သည်။ အပင်အမျိုးအစား တွယ်တက်ပင်နှင့်မြေပေါ်တွားသွား ၍ ပေါက်သောရေငတ် ဒဏ်ခံနိုင်သော ရှားစောင်း မျိုးနွယ်ဝင်အပင်ဖြစ်သည်။ ပင်စည်သုံးမြှောင့်ပုံရှိသည်။ ပင်စည် အနားတွင် ဆူးငယ် များ ရှိသည်။ မျိုးအလိုက် ဆူး အတိုအရှည်နှင့် ဆူး အရေအတွက် ကွာခြားသည်။ ပင်မပင်စည်မှ ထွက်လာသော ပင်စည်သစ်သည် သက်တမ်း နှစ်နှစ်သား ရှိလာလျှင် ပန်းပွင့်သည် ။ နေထွက်လျှင် ပန်းပွင့် ငုံသွားသည်။ ပွင့်ဖတ်သည် အစိမ်းရောင်သမ်းသော အဝါရောင် ရှိသည်။ ပွင့်ချပ်သည် နို့နှစ်ရောင်ဖြစ်သည်။ အသီးအရောင်မှာ မျိုးအလိုက် အနီရောင်၊ ပန်းရောင်၊ အဝါရောင် သမ်းသော ပန်းရောင် စသည့်ဖြင့် ရှိသည်။ အသီးလုံးပတ်လည်တွင် နဂါးအမောက် ကဲ့သို့ ကော့ပြန်နေသောအဖတ်များ ရှိသည်။ အတွင်းသား အရောင်အဖြူရောင် မျိုးနှင့်အနီရောင် မျိုးများကို စီးပွားဖြစ် စိုက်ပျိုးသည်။ အစေ့မှာ အမည်းရောင်ဖြစ်သည်။ မျိုးရွေးချယ်ခြင်း မျိုးတူသော်လညး် ပန်းပွင့်ခြင်း၊ အသီးသီးခြင်းနှင့် အသီးအရည်အသွေး တို့ကွာခြားနိုင်သည်။ သို့ဖြစ်၍ ကျန်းမာ သန်စွမ်းပြီး သီးထွက်ကောင်းသော အပင်မှ အစိမ်းရင့်ရောင်ရှိ ရှည်လျားသော ပင်စည်ကိုဖြတ်ယူ မျိုးပွားပါ။ ပျိုးပင် ထုတ်လုပ်ရန် အပင် ကိုထားရှိပါ။ စီးပွားဖြစ်စိုက်ပျိုးရန် ပျိုးပင်များ ကို ၎င်း အပင်မှ ပွားများ ရယူပါ။

စိုက်ပျိုးခြင်း[ပြင်ဆင်ရန်]

  • ပင်ခြား၊ တန်းခြား ၉x၁၂ ပေထား၍ ၄x၄ လက်မ(သို့) လုံးပတ်ထွာ ဆိုင် ရှိမျောတိုင်(သို့)အချင်း (၆) လက်မရှိ ကွန်ကရိပြွန် အခြေကို အင်္ဂတေဖြင့်လုံအောင် ပိတ်ပြီးမှ တိုင်စိုက်ပါ။ ကွန်ကရိပြွန် အတွင်းရေထည့်ပေးနိုင် ရန်ဖြစ်သည်။ တိုက်ထိပ်တွင် အကိုင်းများ တွဲခိုရန် (၄) ပေပတ်လည် သစ်သားခွေပြုလုပ်ပေးပါ။
  • (၃x ၃) ပေရှိ စိုက်ကျင်းကို တူးပြီး စိုက်ကျင်းများ ထဲသို့ N-P-K (၁၅း၁၅း၁၅)ဓာတ်မြေဩဇာ ဟင်းစားဇွန်း (၂)ဇွန်း၊ သဘာဝမြေဆွေး (၈)ပြည်ခန့်ကို အပေါ်ယံမြေနှင့်မြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး (Furadan,Regent, Losban) နှင့် သမအောင်ရောမွှေ ၍ဖြည့်ပေးပါ။ စိုက်ကျင်း အထက် (၆) လက်မအမြင့် သို့ဘောင်ပြုလုပ်ပါ ။ ရေဝပ်ပါ က ရေနုတ်မြောင်းပြုလုပ်ပေးရန်လိုသည်။
  • ကျင်း အလယ်တွင်မျောတိုင် စိုက်ပေး၍ မိခင်ပင် မှဖြတ်ထားသော နဂါးမောက် ပင်စည်ကိုင်းဖြတ် ကို ၄ လက်မခန့်မြေမြုပ် စိုက်ပျိုးပါ။ တစ်ကျင်းလျှင် ၂ပင်စိုက်ပါ။ ပင်စည်ကိုင်းပြတ်သည် အလျားအနည်းဆုံး ၈ လက်မရှိ သင့်သည်။ စိုက်ပျိုးပြီး အပင်ကိုနှစ်ပတ် အထိအရိပ်ပြုလုပ်ပေးပါ။
  • မျှောတိုင် တွင် မှီနေသာ အကိုင်းတစ်ကိုင်း သာရှိစေရန် ဘေးတက်များ ကို ဖဲ့ပေးပြီးတိုင်တွင် အကိုင်းအား ပလတ်စတစ်စဖြင့်ချည်ပေးပါ။
  • ရေ တစ်ပတ် တစ်ခါ ရွဲရွဲလောင်းပေးပါက လုံလောက်ပါသည်။ အပင်ပြုစုခြင်း ပေါင်းမြက် ကင်းရှင်းစေရန် တူရွင်း၊ပေါက်ပြား တို့ဖြင့် ရှင်းလင်းပေးခြင်း၊ အပင်ခြေပတ်လည် တွင်ကောက်ရိုး ၊မြက်ခြောက် စသောမြေဖုံး ပစ္စည်းများဖြင့် ဖုံးအုပ်ပေးခြင်း ၊ပေါင်းသတ်ဆေး အသုံးပြု၍ နှိမ်နှင်းပေးခြင်း များဖြင့်ဆောင် ရွက်နိုင်သည်။ သဘာဝမြေဩဇာရွက်ဖျန်းဆေးများ အသုံးပြုခြင်း စိုက်ပြီး ၁-၂ လ ကြာပြီး နောက် သဘာဝမြေဩဇာများ၊ ဘိုကာရှီ များကို ပင်စည်အားမထိစေဘဲ ဘေးပတ်ပတ်လည်မှ မြေဆွ၍ ကျွေးပေးပါ။
  • မိမိခြံမှ ထွက်သော သစ်ရွက်ခြောက်များ၊ ကောက်ရိုးများကိုအပင်ပတ်ပတ်လည်တွင် ဖုံးအုပ်ထားပေးခြင်းဖြင့် ရေလိုအပ်ချက် လျော့နည်းရုံမျှမက မြေကြီးအတွင်းမှ အဟာရဓာတ်များ အငွေ့ပျံ ပျောက်ဆုံးမှုမှ သက်သာစေသည့်အပြင် မြေကြီးတွင်းရှိ အကျိုးပြု အဏုဇီဝများ၏ ကောင်းမွန်သောလုပ်ဆောင်ချက်ကြောင့် အပင်ကြီးထွား သန်မာပြီး ရောဂါဒဏ်ခံနိုင်ရည်မြင့်တက် လာမည်ဖြစ်သည်။
  • သဘာဝရွက်ဖျန်းဆေးများ၊ အချဉ်ဖောက်ထားသော အရွက်ရည်/အသီးရည်၊ ဝါးပေါင်းခံရည်၊ အဏုဇီဝရည်များကိုလည်း ၁ ပတ် တစ်ခါ သို့မဟုတ် ၂ ပတ် တစ်ခါ ဖျန်းပေးသင့်ပါသည်။ ဓာတ်မြေဩဇာထည့်သွင်းပေးခြင်း အပင်စိုက်ပြီး (၂) လကြာသော အချိန်မှစ၍ NPK အချိုး (၁၅း၁၅း၁၅) ရှိသော ဓာတ်မြေဩဇာကို တစ်ပင်လျှင် ဟင်းစားဇွန်း (၂) ဇွန်းနှုန်း ထည့်သွင်းပေးပါ။ (၅) နှစ်သားကျော်ပါကNPK အချိုး ( ၁၃း၁၃း၂၁) နှင့် (၅း၂၄း၂၄) ဓာတ်မြေဩဇာ ကို တစ်ပင်လျှင် ဟင်းစားဇွန်း(၃) ဇွန်းနှုန်းဖြင့် (၂) လခြား တစ်ကြိမ် တစ်လှည့်စီ ထည့်သွင်းပေးပါ။

ပိုးမွှားကာကွယ်နှိမ်နှင်းခြင်း[ပြင်ဆင်ရန်]

နဂါးမောက်ပင်၏ အဓိကဖျက်ပိုးမှာ ပုရွက်ဆိတ်နီဖြစ် သည်။ အပင်၏ အဖျားပိုင်း အဖူးနုများနှင့်အသီးညှာ တို့တွင် ပုရွက်ဆိတ် များ စားသောက် ဖျက်ဆီး ပါသည်။ ပင်စည်ခြေကို ဖျက်ဆီးသော ပုရွက်ဆိတ်နီများ ကိုမြေအောင်း ပိုးသတ်ဆေး တစ်မျိုးမျိုး အသုံးပြု ၍နှိမ်နင်းနိုင်သည်။ ပင်စည်ပေါ်ပိုင်း ဖျက်ဆီးသော ပုရွက်ဆိတ်နီ များကို သဘာဝပိုးသတ်ဆေးများ သို့မဟုတ်ဆီဗင် (sevin) ပိုးသတ်ဆေးဖြင့်နှိမ်နင်းနိုင်သည် ။ ရောဂါ အနေဖြင့် ပင်စည်ပုပ်ရောဂါနှင့်အမြစ်ပုပ်ရောဂါများ ကျရောက်တတ်သည်။ ဝတ်မှုန်ကူးခြင်း ပင်တည်း ဝတ်မှုန်ကူးခြင်း ရှိသော်လည်း အသီးတင်နှုန်းများစေရန် ဝတ်မှုန်ကူးပေး ရမည်။

နဂါးမောက်သီး၏ပန်းပွင့်ချိန်မှာ ညပိုင်းမှာ ပွင့်သည့် အတွက်ကြောင့် ဝတ်မှုန်ကူးခြင်း ကို ညပိုင်းမှာပြုလုပ်ပေး ရသည်။ မိုးများပါကဝတ်မှုန်ကူးခြင်း ကို အဟန့်အတားဖြစ်သည့် အတွက် ဝတ်မှုန်ကူးပြီး လျှင်ပန်းပွင့်ကို ပလပ်စတစ်အိတ်ဖြင့် စွပ်ပေးထားသင့်သည်။ အသီးဆွတ်ခူးခြင်း လက်သန်းထိပ် အဆစ် အရွယ် အစိမ်းရောင်ရှိပွင့်ဖူး ကို ပင်စည် အဖျားပိုင်းတွင်တွေ့နိုင်သည်။ ဧပြီလ၊ ဇူလိုင်လ အတွင်းတွင် ပန်းပွင့်လေ့ရှိသည်။ ပန်းပွင့်ပြီး (၇) ပတ်မှ (၈) ပတ် အကြာတွင် အသီးဆွတ်ခူးနိုင်သည်။ အသီးပေါ်ရှိ အဖတ်များ အစိမ်းရောင်ပျောက်ပြီး အနီရောင်ပြောင်းလာလျှင် အသီး ဆွတ်ခူးနိုင်သည်။ အသီးရင့်ပြီးနောက် အပင်ပေါ်(၁၅) ရက်ခန့် ဆက်လက် ထားနိုင်သော်လည်းအသီးအရည်အသွေး (အနံ့အရသာ) လျော့သွားတတ်သည် ။ မေလ မှအောက်တိုဘာ လ ကာလအတွင်း သီးထွက်ရရှိသည် ။ နေရာဒေသနှင့် ရာသီဥတု အခြေအနေပေါ် မူတည်၍ အသီးထွက်ချိန်ကွာခြားသည်။

အလေးထားစားသုံးသင့်သည့်သစ်သီးဖြစ်ပြီး အာဟာရပြည့်ဝစေပြီး၊ ခွန်အားကို အမြန်ဆုံးပြန်လည်ပြည့်ဝစေခြင်း ၊ မောပန်းနွမ်းနယ်မှု ကို အမြန်ဆုံး သက်သာ၍ အစာမကြေ ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း ကို ချက်ချင်းပျောက်ကင်းစေပြီးဆီးချို၊သွေးချို၊ သွေးတိုး မတက်စေရန် အကူအညီပေးသည်။ ပန်းနာရင်ကြပ်သမားများ သက်သာပျောက်ကင်းစေသည် ။ နှလုံးရောဂါများ သက်သာစေသည်။

မဖြစ်မနေစားသုံးသင့်သူများ[ပြင်ဆင်ရန်]

  • ကျန်းမာဖွံ့ဖြိုးပြိး အသားအရေ လှပနုပျိုလိုသူ
  • နာတာရှည်ရောဂါ ခံစားနေရသူ
  • လေးဘက်နာ ၊နှလုံးရောဂါ ခံစားနေရသူ
  • ဆီးချို၊ သွေးချို၊သွေးတိုးရောဂါ ခံစားနေရသူ
  • အစာအိမ်နှင့် ပက်သက်သည့် ရောဂါရှိသူ
  • ကျောက်ကပ်ရောဂါရှိသူ၊ ဆီးကျောက်တည်သူ
  • ဆီးချုပ်၊ ဝမ်းချုပ်တတ်သူ
  • ဦးနှောက် မဖွံ့ဖြိုးသည့်ရောဂါရှိသူ
  • လေကောင်းလေသန့် မရရှိသော ပတ်ဝန်းကျင်တွင် လုပ်ကိုင်နေရသူ
  • စိတ်မောလူမောဖြစ်နေသူ
  • ကိုယ်အလေးချိန်လျော့ချချင်သူ
  • အားအင်ကုန်ခမ်းစိတ်ဓာတ်ကျနေသူ

အသီးတင်စေခြင်း နှင့်ပန်းပွင့်ခြင်း ပန်းပွင့်ရာသီရောက်သည်နှင့်နဂါးမောက်ကိုင်း၏ ဘေးစောင်းများတွင်း နီနီရဲရဲ အဖူးငုံလေးများ အစီအရီပေါ်လာတတ်သည်။ သက်တမ်းရင့်ကိုင်းတကိုင်းမှ အဖူးငုံ ၃ဖူးမှ ၅ဖူးကြားပေါ်လာတတ်ပြီး ထိုအဖူးများထဲမှ ၅၀~၇၀ % သည် ပန်းဖူးအဖြစ်သို့ရက်သတ္တပတ် ၂ပတ်ကြာလျှင် ရောက်ရှိသည်။ ထိုမှ နောက်ထပ် ၁၅ရက် မှ ရက် ၂၀ ကြာသောအခါ ပန်းပွင့် ဘဝသို့ ရောက်ရှိသည်။

ထို့ကြောင့် အဖူးငုံဘဝမှ ပန်းပွင့်ချိန်အထိ ပျမ်းမျှ ၂၅~ ၃၅ ရက် ကြာမြင့်ပါသည်။ ပုံမှန်အားဖြင့်ပန်းပွင့်များသည် ညနေ ၆နာရီမှ ၇နာရီကြားတွင် စတင်ပွင့်ကြပြီး ပန်းပွင့်အားလုံးအပွင့်အာဆုံး အနေအထားမှာည ၁၀နာရီဝန်းကျင်ခန့်တွင်ဖြစ်သည်။ ထို့နောက်ပန်းပွင့်အတွင်း ဝတ်မှုန်ကူးခြင်း ကိစ္စပြီးဆုံးသည့်နောက်တွင် ပန်းပွင့်မှာပြန်ငုံသွားပြီး တဖြည်းဖြည်းညှိုးသွားသည်။ ဝတ်မှုန်ကူးရန်ကျန်ရှိနေသေးသော ပန်းပွင့်တို့မှာမူ၁ရက်မှ ၂ရက်အထိအပွင့်အတိုင်းရှိနေတတ်သည်။ ဝတ်မှုန်ကူးရန်အကူအညီပေးသူများမှာလင်းနို့၊ ပျား၊ ပိတုန်း၊ ဖလံ၊ လိပ်ပြာတို့ဖြစ်သည်။

သို့သော်နဂါးမောက်ပန်းပွင့်သည် ညဘက်မှာသာ ပွင့်လေ့ရှိသောကြောင့် လင်းနို့ နှင့်ညဘက်ကျင်လည်လေ့ရှိသော ဖလံ များသည်သာ အဓိကဝတ်မှုန်ကူးသူများဟု လေ့လာတွေ့ရှိရသည်။ သို့သော် အသီးသီးချိန်တွင်မူအသီးများကို လင်းနို့များက ဖျက်ဆီးစားသောက် လေ့ရှိကြသည်။ ခြံသစ်စတည်ခါစအခြေအနေမျိုးတွင် ဝတ်မှုန်ကူးပေးသူတို့ မပေါများနိုင်ပေ။ ထိုအချိန်တွင် အသီးတင်နှုန်း နည်းပါတတ်သည်။ ထို့ပြင် စိုက်သက် ၁နှစ်သားဝန်းကျင် အပင်ငယ်ချိန်တွင်လည်း အသီးတင်နှုန်းနည်းပါးလေ့ရှိသည်မှာ ထုံးစံပင်ဖြစ်သည်။

တချို့သော စိုက်ပျိုးသူများသည် ပထမနှစ်ကိုအသီးမယူစေဘဲအပွင့်များ ခြွေပစ်လေ့ရှိသည်။ -ထို့ပြင် နောက်နှစ်သီးသောအသီးမျာတွင်လည်း သိမ်သော သေးသော အသီးများကို ခြွေပစ်ခြင်းဖြင့် ထွားကြိုင်းသော ကျန်ရှိအသီးများကို ရရှိကြသည်။ လေ့လာတွေ့ရှိချက်များအရ အာရှတိုက်မှ Hylocereus undatus အသီးခွံ အနီရောင် ရှိပြီး အတွင်းသားမှာ အဖြူရောင်မျိုးမှာ ပွင့်တည်းဝတ်မှုန်ကူးနိုင်သောမျိုးစိတ်ဖြစ်သည်။ ထိုမျိုးစိတ်ထဲမှ တချို့သည် ဝတ်မှုန်ကူး ပေးသူများပင် မလိုအပ်ဘဲ ပန်းငုံဘဝမှာပင်ဝတ်မှုန်ကူးခြင်းကိစ္စ အောင်မြင်သောမျိုးစိတ်ဖြစ်သည်။ အများစုမှာမူ ဝတ်မှုန်ကူးပေးသူလင်းနို့၊ ပျား၊ ပိတုန်း၊ ဖလံ၊ စသည်တို့ဖြင့် ဝတ်မှုန်ကူးခြင်းကိစ္စကိုပြီးမြောက်စေသည်။ Hylocereus megalanthus or Selenicereus megalanthus အတွင်းသာအဖြူ အသီးခွံအဝါမျိုးမှာ ဝတ်မှုန်ကူးပေးသူမလိုအပ်ဘဲ ၎င်းတို့ကိုယ်တိုင်ပွင့်တည်းဝတ်မှုန်ကူးခြင်းကိုဆောင်ရွက်နိုင်သောမျိုးဖြစ်သည်။ အကြောင်းမှာ ၎င်းမျိုး၏ ပန်းပွင့်တွင်ရှိသောဝတ်ဆံဖိုတိုင်နှင့် ဝတ်ဆံမတိုင်ထိပ်တို့၏ အမြင့်မှာတူညီနေသော ကြောင့် ပန်းပွင့်၏အငုံဘဝတွင်ပင် ၎င်းတို့ထိတွေ့နိုင်ကာ ဝတ်မှုံကူးခြင်းကိစ္စကို ပြီးမြောက်စေခြင်း ဖြစ်သည်။ Hylocereus costaricensisအတွင်းသားအနီမျိုးစိတ်များကိုမူ လေ့လာဆဲအနေထားမှာပင်ရှိပြီး ၎င်းတို့သည် လည်း ပွင့်တည်းဝတ်မှုကူးနိုင်သောမျိုး ဖြစ်နိုင်သည်ဟု သတ်မှတ်ကြသည်။

လေ့လာတွေ့ရှိချက်များအရ လက်ဖြင့်ဝတ်မှုကူးပေးသော အသီးများ (တနည်းပွင့်ခြားဝတ်မှုန်ကူး မျိုးစိတ်များ) သည် ဝတ်မှုန်ကူးပေးရန်မလိုအပ်သော အသီးများ(တနည်း ပွင့်တည်းဝတ်မှုန်ကူး မျိုးစိတ်များ - ၎င်းတို့မှာပင် သဘာ၀ ဝတ်မှုန်ကူးသူတို့လိုအပ်သောမျိုးနှင့် မလိုအပ်သော မျိုး ဟူ၍ ထပ်ခွဲနိုင်သည်။) ထက် အရွယ်အစားပိုမိုကြီးပြီး အလေးချိန်များသည်။ အသီးတို့၏ အလေးချိန်များခြင်း အသီးကြီးခြင်းကို ယေဘုယျလေ့လာရသော် အသီးအတွင်း အစေ့ပါဝင်မှုနှင့် များစွာသက်ဆိုင်နေကြောင်း တွေ့ရသည်။ တနည်းအားဖြင့် ထိုအစေ့များ ဖြစ်ပေါ်လာခြင်းသည် ဝတ်မှုန်ကူးနိုင်သော ပမာဏ အနည်းအများပေါ်မူတည်နေသည်ကို လေ့လာတွေ့ရှိရသည်။ လူက လက်ဖြင့် ဝတ်မှုန်ကူးပေးရသော အသီးတို့မှာကားဝတ်မှုန်ပမာဏ အများဆုံးကို ကူးပေးနိုင်ခြင်းကြောင့် ဖြစ်သည်ဟု သုံးသပ်မိပါသည်။ ပွင့်တည်းဝတ်မှုန်ကူးမျိုးမှအသီးများသည် ပျမ်းမျှအားဖြင့် ၃၅၀ မှ ၆၀၀ ဂရမ်ထိ ရှိတတ်သည်။ ပွင့်ခြားဝတ်မှုန် ကူးမျိုး (လက်ဖြင့် ဝတ်မှုန်ကူးရသောမျိုးစိတ်) မှ အသီးမျာသည် ၅၀၀ မှ ၉၀၀ ဂရမ်အထိ ရှိတတ်သည်။ မြန်မာနိုင်ငံတွင် အများသောအားဖြင့် တွေ့ရသော မျိုးများမှာပွင့်တည်းဝတ်မှုန်ကူး မျိုးများဖြစ်ကြောင်း သိရှိရသည်။ ထိုမျိုးစိတ်များသည် တခြားမျိုးကွဲများနှင့် ရောနှောစိုက်ခြင်းဖြင့် မျိုးကွဲများဖြစ်လာပြီးပွင့်ခြားဝတ်မှုန်ကူး မျိုးစိတ်အသွင်ပြောင်းလဲတတ်သည်ကိုလည်းလေ့လာတွေ့ရှိရသည်။

မိမိနဂါးမောက်မျိုးအားလက်ဖြင့်ဝတ်မှုန်ကူးပေးရန် လိုမလို အလွယ်ဆုံးစမ်းသပ်နည်းမှာ ပန်းပွင့်၏ဝတ်ဆံဖိုတိုင်ထိပ်နှင့် ဝတ်ဆံမတိုင်ထိပ်တို့ အမြင့်ချင်း တူညီနေလျှင် သို့မဟုတ် ကွာဟချက် ၂စင်တီမီတာ အောက်ရှိနေလျှင် လက်ဖြင့်ဝတ်မှုန်ကူးပေးရန် မလိုအပ်ကြောင်းလေ့လာတွေ့ရှိရသည်။ ထိုသို့မဟုတ်ဘဲတိုင်ထိပ်အမြင့်ကွာဟချက်မှာ များနေပါက ပျား၊ ပိတုန်းတို့ အကူအညီဖြင့်ပင်မရတတ်သည်ကို အနောက်တိုင်းသုတေသီများ၏ လေ့လာချက်များအရ သိရှိရသည်။ အကြောင်းမှာ ပျားပိတုန်းတို့၏ ခန္ဓာကိုယ် အရွယ်အစားနှင့် ပန်းပွင့်အရွယ်အစားမှာအလွန်ကွာဟနေသောကြောင့် ဝတ်မှုန်ကူးပေးရန် မလွယ်ကူပေ။ လင်းနို့များသည်မူ ၎င်းမျိုးစိတ်များအတွက်ဝတ်မှုန်ကူးပေးနိုင်သော သဘာဝမိတ်ဆွေပင်ဖြစ်သည်။ သို့သော် ၎င်းတို့သည် အသီးများရင့်မှည်လာချိန်တွင် အသီးအား လာရောက် စားသောက်လေ့ရှိသောကြောင့်ရန်သူအဖြစ်လဲ တည်ရှိနေပေသည်။ လက်ဖြင့်ဝတ်မှုန်ကူးပေးရန်လိုအပ်သော မျိုးစိတ်များအတွက် ဝတ်မှုန်ကူးနည်းမှာ ဝတ်ဆံဖိုတိုင်မှ ဝတ်မှုံများကို ဝတ်ဆံမတိုင်ထိပ်သို့ ဖြူးပေး ပွတ်ပေးခြင်းဖြင့် ဝတ်မှုန်ကူးစေခြင်းဖြစ်သည်။ ဝတ်မှုန်ဖိုများကို ပန်းပွင့်ပြီး ၂-၃ နာရီအတွင်း စုဆောင်းနိုင်သည်။

ညနေ၆နာရီတွင် ပုံမှန် ပန်းပွင့်သောကြောင့် ည ၈နာရီမှ ၉နာရီအတွင်း စုဆောင်းနိုင်သည်။ စုဆောင်းရာတွင် သန့်စင်ထားသော ကပ်ကြေးအသေး သို့မဟုတ် ဇာဂနာဖြင့် ဝတ်မှုန်ဖိုများကို ဇစ်ပါသောလေလုံ ပလက်စတစ်အိတ်အတွင်း စုဆောင်းပြီး အအေးခန်း (သို့မဟုတ်) အေးသောနေရာတွင်ထားကာ မနက်ခင်းအစော ၃-၅ နာရီတွင် နေမထွက်ခင်တွင်ဝတ်ဆံမတိုင်ထိပ်သို့ နားကြပ်တံ၊ စုတ်တံအသေးဖြင့် ညင်သာစွာပွတ်ပေးဖို့လိုသည်။ ပန်းပွင့် ၁ပွင့် သို့မဟုတ် ၂ပွင့်လောက်မှ ဝတ်မှုန်များကို စုဆောင်းပြီး တခြားပန်းပွင့်များသို့ လိုက်လံ ဝတ်မှုန်ကူးပေးရမည်ဖြစ်သည်။ ဝတ်မှုန်ကူးပြီးပါက ပန်းပွင့်အား အသီးစွတ်အိတ်များဖြင့် စွတ်ပေးခြင်းဖြင့် အရည်အသွေးကောင်းမွန်သောအလေးချိန်စီးသော အသီးများကို ရရှိစေပါမည်။ အလင်းရောင်နှင့် အပူချိန် ထို့ပြင် အလင်းရောင်နှင့်အပူချိန်တို့မှလည်း နဂါးမောက် ပန်းပွင့်ခြင်းကို သက်ရောက်မှုရှိနိုင်သည်။ လေ့လာတွေ့ရှိချက်များအရ ရေခဲမှတ်အောက် -2 ံC တွင်လည်းကောင်း။ အပူချိန် 4 5ံC ထက်ကျော်လွန်လျှင်သော်လည်းကောင်း နဂါးမောက်များ မရှင်သန်နိုင်တော့ပေ။ နှင်းကျထူထပ်သော အရပ်ဒေသများတွင် နဂါးမောက်ကို မစိုက်သင့်ပေ။ အပူအအေး ပြောင်းလဲမှုသည်အပင်ပေါ် ဆိုးကျိုးသက်ရောက်စေသည်။ အပင်ကိုင်းသားများ ဖူးရောင်၊ အက်ကွဲခြင်း၊ အဝါရောင်ပြောင်းလာခြင်း၊ အရည်များစိမ့်ထွက်လာပြီး တပင်လုံး ပျော့ခွေလာခြင်း စသည့်ဆိုးရွားသည့်လက္ခဏာများ ပေါ်ပေါက်တတ်သည်။

နဂါးမောက်၏မျိုးရင်းမှာ Cactus ရှားစောင်းမျိုးရင်မှန်သော်လည်း နဂါးမောက်မျိုးကိုမူ သဲကန္တာရတွင် စတင်တွေ့ရှိခြင်းမဟုတ်ဘဲ တောထဲတောင်ထဲ အရိပ်အနည်းငယ်ရသော ဒေသများမှာ တွေ့ရှိရခြင်းကြောင့် အလင်းရောင်ကို အပြည့်အဝမဟုတ်ဘဲ အတိုင်းအတာတခုအထိသာကြိုက်နှစ်သက်သော အပင်ဖြစ်သည်။ ပူနွေးမှုသည် ပန်းပွင့်ခြင်းကိုစောစီးစွာပွင့်စေပြီး အေးမြသောရာသီတို့တွင် ပန်းပွင့်ခြင်းမှာ နောက်ကျတတ်သည်။ နဂါမောက်သည် လင်းတာတုံ့ပြန်မှုရှိသော အပင်ဖြစ်သည့်အားလျော်စွာ လင်းတာရှည်သောနေ့များတွင် ပန်းပွင့်ခြင်းကို ဖြစ်ပေါ်စေသည်။ အတွေ့အကြုံရှိ စိုက်ပျိုးသူများ၏ ပြောစကားအရလပြည့်ညနှင့် လပြည့်မတိုင်ခင်ညများတွင် နဂါးမောက်များပိုမိုပွင့်လေ့ရှိ သည်ဟုဆိုသည်။ ထို့အပြင်ဗီယက်နမ်နိုင်ငံတွင် တနှစ်ပတ်လုံးနီးပါး အသီးရရှိစေရန်အတွက်အသီးမပွင့်ရာသီများတွင် မီးများထွန်းပေးခြင်းဖြင့်ပန်းပွင့်စေကာ အသီးတင်စေသည်။၇၅-၁၀၀ ဝပ်မီးလုံးများကို လူသွားလူလာလွတ်သောအမြင့် ၈ပေခန့်တွင် ကြိုးများဆိုင်းကာ၆-၁၀ ပေကြား အကွာအဝေးတွင် တလုံးနှုန်းဖြင့် ည ၇နာရီမှ သန်းခေါင်ယံအထိမီးဖွင့်ပေးကြသည်။ ပူသောရာသီများတွင် ၁၅-၂၀ရက်ခန့်၊ အေးသောရာသီများတွင် ၂၀-၂၅ရက်ခန့် တနေ့လျှင် ၄-၅နာရီနှုန်းဖြင့် မီးများအလင်းပေးလေ့ရှိကြသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် နဂါးမောက်ကို တနှစ်ပတ်လုံးသီးစေကာ ပုံမှန် အသီးမထွက်သောရာသီတွင် မိမိမှာဈေးကောင်းရရှိစေသည်။

ကိုးကား[ပြင်ဆင်ရန်]

ပြင်ပလင့်ခ်များ[ပြင်ဆင်ရန်]