ကန္တာရဆူးပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ကန္တာရဆူးပင်
Temporal range: 35–0 Ma
Late Eocene - Recent
Various Cactaceae.jpg
အမျိုးမျိုးသော ကန္တာရဆူးပင် မျိုးရင်းဝင် အပင်များ
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
မျိုးစဉ်: Caryophyllales
မျိုးရင်း: Cactaceae
Juss.[၁]
မျိုးရင်းခွဲများ
Synonyms[၂]
  • Opuntiaceae Desv.
  • Leuchtenbergiaceae Salm-Dyck ex Pfeiff.

ကန္တာရဆူးပင်ဆိုသည်မှာ ကွဲပြားသော အပင် မျိုးစိတ် အများအပြားကို ခြုံငုံ၍ ခေါ်ဆိုသုံးနှုန်းသော အမည်နာမတစ်ခုဖြစ်ပြီး ကက်တက်စ် ဟူ၍ သိပ္ပံအမည်ပေးထားသော အပင် မျိုးရင်းတစ်ခုလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အချို့သောဒေသများတွင် မိုးခေါင်ရေရှားအရပ်မှ ဆူးပင်များ ဟူ၍လည်းကောင်း၊ ရှားစောင်း(တစောင်း)ပင် ဟူ၍လည်းကောင်း ခေါ်ဆိုသုံးနှုန်းကြ၏။ မျိုးစု ၁၂၇ ခု၊ မျိုးစိတ်ပေါင်း ၁၇၅၀ ခန့်ပါဝင်ပြီး[၃] အပင်အရွယ်အစား ပုံစံများစွာ တည်ရှိကြသည်။ ကန္တာရဆူးပင် မျိုးစိတ်အချို့မှာ စိုစွတ်သော အရပ်ဒေသများ၌ ပေါက်ရောက်ကြသော်လည်း အများစုမှာမူ မိုးခေါင်ရေရှားသော ကန္တာရဒေသများတွင်သာ ပေါက်ရောက်ကြသည်။ ကန္တာရဆူးပင်များသည် ရေကိုကောင်းမွန်စွာ သိုလှောင်နိုင်သည့် အပင်များဖြစ်ကြသည်။ ကန္တာရဆူးပင်များ၌ စစ်မှန်သော အရွက်များ ရှိမနေကြဘဲ ရွက်ရိုးများဖြင့်သာ အလင်းမှီစုဖွဲ့မှုဖြင့် နေရောင်ခြည်မှ အစာချက်လုပ်ကြသည်။ ယင်းတို့ကို အထူးပြုပြင်ထားသော အရွက်များဟု ခေါ်ဆိုနိုင်သည်။ ကန္တာရဆူးပင်များသည် အမေရိကတိုက်တွင် အများဆုံးပေါက်ရောက်သည်ကို တွေ့ရသည်။ ကန္တာရဆူးပင်များကို အိမ်တွင်အလှဆင်ရန်အတွက်လည်း စိုက်ပျိုးလေ့ရှိကြသည်။ အချို့ကို အသီးအနှံအတွက် စိုက်ပျိုးကြသည်။

ရှားစောင်းမျိုးအားလုံးသည် ကန္တာရဆူးပင် ‘ကက်တာစီအီး’ မျိုးရင်းဝင်များ ဖြစ်ကြလေသည်။ ရှားစောင်းမျိုးစိတ်အမြောက်အမြားရှိရာ မျိုးစိတ်ပေါင်း ၁ဝဝဝ ခန့်ကို အမည်ပေးပြီးကြ လေပြီ။ ရှားစောင်းမျိုးသည် မျိုးစိတ်များပြားသလောက် ပုံသဏ္ဌာန်နှင့် အရွယ်တွင်လည်း အမျိုးမျိုး ကွဲပြားကြသည်။ ရှားစောင်းမျိုး အားလုံးလိုလိုပင် အမေရိကန်နိုင်ငံ၌ ပေါက်ရောက်လေ့ရှိကြ၍ မိုးပါးရာအရပ်များတွင် ပေါက်ရောက်ရန် အထူးသင့်လျော်သည်။ ကမ္ဘာ့အခြားနေရာများရှိ အပင်များသည် ယင်းတို့၏ အစာအတွက် ယင်းတို့ရှိ အရွက်များတွင် အစာကို လုပ်ယူကြသည်။ အရွက်များမှ ရေကိုလည်း စွန့်လွှတ်ပစ်ကြ သည်။ ရှားစောင်းမျိုးတွင်မူ ရေငွေ့ကို ပို၍ ကောင်းမွန်စွာ သိုလှောင်ထားနိုင်ရန်အတွက် အရွက်များသည် များသောအားဖြင့် ပျောက်ကွယ်၍ သွားကြသည်။ ရှားစောင်းမျိုးရှိ အသားများသော ပင်စည်များက အပင်အတွက် အစာကို လုပ်ပေးကြသည်။ ထိုပင်စည်များက ရေကို သိုလှောင်ထားနိုင်ကြသည်။ အချို့ ရှားစောင်းမျိုး၏ ပင်စည်ပုံသဏ္ဌာန်သည် စည်ကဲ့သို့ပင် ဖြစ်နေရာ ရှားစောင်းမျိုး၏ ထိပ်ပိုင်းကို ဓားဖြင့်လှီး၍ အတွင်းရှိ အသားကို ချေကြည့်လျှင် စေးကပ်သည့်အရည် ငါးဆယ်ဝင် ပုလင်းဖြင့် အများအပြား ရရှိသည်ကို တွေ့ရပေသည်။ ရှားစောင်းမျိုးတွင် များသောအားဖြင့် ချွန်ထက်သည့် ဆူးများရှိကြ၍ ထိုဆူးများက အပင်များကို ထိုဒေသနေ တိရစ္ဆာန်တို့၏ ဘေးရန်မှ ကာကွယ်ပေးနိုင်ကြသည်။ ရှားစောင်းမျိုး၏ အကိုင်းသစ်များနှင့် လှပသောအပွင့်များသည် ဆူးထွက်သည့် နေရာများမှ ထွက်ကြ ပွင့်ကြသည်။

ရှားစောင်းမျိုး၏ အမြစ်များသည် မြေမျက်နှာပြင်နှင့် ကပ်လျက် ရှိကြပြီးလျှင် ဖော့ကဲ့သို့သောအခေါက်များ ဖုံးအုပ်လျက် ရှိကြသည်။ ထိုသို့အမြစ်များ မြေမျက်နှာပြင်နှင့် ကပ်လျက် တည်ရှိကြခြင်းမှာ ထိုအပင်မျိုး ပေါက်ရောက်ရာ သဲကန္တာရ အတွင်း၌ မိုးအနည်းငယ် ရွာသွန်းသောအခါတွင် ဖြစ်စေ၊ လျင်မြန်စွာ ရေလွှမ်းမိုးသောအခါတွင် ဖြစ်စေ ရေကို ရုတ်တရက် ဖမ်းယူနိုင်ရန်အတွက်ဖြစ်သည်။ ထို့ပြင် ထိုအမြစ်များသည် အတော်ဝေးဝေးသို့တိုင်အောင် ဖြာထွက်လျက် ရှိကြသည်။ သုံးပေထက် ပို၍မမြင့်သော ရှားစောင်းမျိုး အပင်ကလေး တစ်ပင်တွင် ဆယ်ပေ၊ သို့မဟုတ် ထိုမျှမက ရှည်သော အမြစ်များ ရှိနိုင်လေသည်။

ရှားစောင်းမျိုးတွင် ပုံသဏ္ဌာန်နှင့် အရွယ်အမျိုးမျိုး ရှိသည့်အတိုင်း အချို့ရှားစောင်းမျိုးသည် နိမ့်၍ အားနည်းသည့်ချုံများသာ ဖြစ်ကြသည်။ အချို့ ရှားစောင်းမျိုးသည် စပျစ်ပင်ကဲ့သို့

ပေါက်ပြီးလျှင် အမြစ်များကို အပြင်သို့ ဖော်ထုတ်ထားကြသည်။ အချို့သည် ဖြောင့်မတ်စွာ ပေါက်ကြ၍ အချို့က သစ်ပင်ကြီးများကဲ့သို့ပင် ကြီးထွားကြသည်။ ရှားစောင်းမျိုး၌ အကြီးဆုံးသည် စီးရီးယပ်မျိုးစု၌ ပါဝင်သည်။ ဆဂွာရိုးခေါ် ရှားစောင်းကြီးမျိုးသည် ထိုအုပ်စု၌ ပါဝင်၏။ အယ်ရီဇိုးနားပြည်နယ်နေ တိုင်းရင်းသားများသည် ထိုရှားစောင်းကြီးမျိုး၏ သွေ့ခြောက်နေသော အသားများသည့် အကိုင်းများကို ထင်းအဖြစ် အသုံးပြုကြပြီးလျှင် သူတို့နေထိုင်သည့် အိမ်များကိုလည်း ထိုအကိုင်းများနှင့်ပင် ဆောက်လုပ်ကြသည်။ အဆိုပါ ရှားစောင်းကြီးမျိုး၏ အသီးများသည် ဇွန်နှင့် ဇူလိုင်လများတွင် အစိမ်းလိုက် ဖြစ်စေ၊ အခြောက်လှန်း၍ဖြစ်စေ စားကြသည်။ ထိုရှားစောင်းကြီးမျိုးသည် ပေ ၄ဝ မှ ၅ဝ ထိ ကြီးထွားကြပြီးလျှင် ခံ့ညားသည့်အပွင့်များ ပွင့်ကြလေသည်။

ပူသည့်ဒေသများတွင် ပေါက်ရောက်သောအပင်များကို စိုက်ပျိုးနိုင်ရန် အပူခံထားသည့် ဖန်အိမ်များတွင် စိုက်ပျိုးသည့် လှပသော ရှားစောင်းမျိုး အမြောက်အမြားသည်လည်း စီးရီးယပ်

အုပ်စုဝင်များ ဖြစ်ကြသည်။ ထိုအပင်များအနက် ညဉ့်ဘက်တွင် ပွင့်သော စီးရီးယပ်ပင်မျိုးသည် ညဉ့်အခါ၌ ကြီးမား၍ လှပသော ပန်းပွင့်ဖြူကြီးများကို ပွင့်ကြ၏။ သို့သော် ထိုပန်းပွင့်ကြီး

များသည် နေရောင်ရောက်ချိန်လောက်တွင် ညိုးနွမ်း၍ သွားကြလေသည်။

အချို့ရှားစောင်းမျိုးသည် အလွန်ဆူးများသည့် ဘောလုံးကဲ့သို့ ဖြစ်နေသည်။ အိုပန်ရှားမျိုးစုတွင် ပါဝင်သော ရှားစောင်းတစ်မျိုး၏ ပင်စည်သည် ပြားနေ၏။ ထိုအပင်မျိုးမှ အဝါ၊ သို့မဟုတ် နီကြန်ကြန် အပွင့်များ ပွင့်သည်။ အသီးမှာ ပန်းသီးပုံ သဏ္ဌာန်ဖြစ်၍ စားရာတွင် အရသာရှိပြီးလျှင် ရေငတ်ပြေစေသည်။

မက္ကဆီကို နိုင်ငံသားတို့သည် မိမိတို့ ပြည်တွင်း၌ ပေါက်ရောက်နေကြသော ရှားစောင်းမျိုး အမြောက်အမြားကို အသုံးချနိုင်ကြလေသည်။ အိုပန်ရှားခေါ် ရှားစောင်းတစ်မျိုး၏ အရွက်များသည် ပြားနေ၍ ထိုအရွက်ပြားများ၏ အညှာများကို မက္ကဆီကို ပြည်သားများက ပြုတ်၍ဖြစ်စေ၊ ကြော်၍ဖြစ်စေ စားသောက်ကြသည်။ အပွင့်များကိုမူ ဟင်းရွက်များအား သုတ်၍ စားကြရာတွင် ထည့်၍ စားကြသည်။ အရည်ရွှမ်းသော အသီးများကိုမူ အစိမ်းလိုက်ဖြစ်စေ၊ ချက်၍ဖြစ်စေ စားကြသည်။ ရှားစောင်းမျိုး အမြောက်အမြား၏ အစေ့များကို ထောင်း၍ ကိတ်မုံ့များ ပြုလုပ်ယူကြသည်။ ချုံသဖွယ် ပေါက်သည့် ရှားစောင်းမျိုးကို လူနေအိမ်၏ ပတ်လည်တွင် ခြံစည်းရိုးသဖွယ် စိုက်ပျိုးထားကြသည်။

လူသာ ဗားဗင့်ခေါ် အပင်မျိုးစပ် ပါရဂူတစ်ဦးက ရှားစောင်းတစ်မျိုးကို ဆူးမရှိသော ရှားစောင်းအဖြစ်သို့ ပြောင်းလဲပေးနိုင်သဖြင့် ထိုရှားစောင်းမျိုးသည် လူနှင့် တရိစ္ဆာန်အတွက် အစာပင် ဖြစ်သွားလေသည်။ ရှားစောင်းမျိုးသည် ရေကြိုက်သောအပင်မျိုး မဟုတ်သဖြင့် ရှားစောင်းမျိုးအငယ်များကို သဲများသည့် မြေဆီလွှာထည့်ထားသော အိုးငယ်များတွင် စိုက်၍ နေပူတွင်ထားတတ်ကြသည်။ ထိုအပင်များကို အလှစိုက်ပျိုးလေ့ ရှိကြသည်။ ရက်သတ္တ တစ်ပတ်လျှင် တစ်ကြိမ်ထက်ပို၍ ထိုအပင်မျိုးကို ရေမလောင်းရချေ။

ရှားစောင်းမျိုးများ ပေါက်ရောက်သော သဲကန္တာရအနီးနေ တိုင်းရင်းသားများသည် ရှားစောင်းမျိုး၏ ပင်စည်မှ ရရှိသော အရည်များကို ဆေးဝါးအဖြစ်သော်လည်းကောင်း၊ စိမ်ရည်အဖြစ်သော်လည်းကောင်း ပြုလုပ်၍ အသုံးပြုကြသည်။ [၄]



ကိုးကား[ပြင်ဆင်ရန်]

  1. Angiosperm Phylogeny Group (2009). "An update of the Angiosperm Phylogeny Group classification for the orders and families of flowering plants: APG III". Botanical Journal of the Linnean Society 161 (2): 105–121. doi:10.1111/j.1095-8339.2009.00996.x. 
  2. "Cactaceae" (Feb 14, 2017). GBIF Secretariat: GBIF Backbone Taxonomy. doi:10.15468/39omei. 
  3. "The number of known plants species in the world and its annual increase" (2016). Phytotaxa 261 (3): 201–217. doi:10.11646/phytotaxa.261.3.1. 
  4. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)