ဓာတ်အားပေးစက်ရုံ

ဝီကီပီးဒီးယား မှ

​မြောက်မြားစွာ​သော လျှပ်စစ်ဓာတ်အားများထုတ်လုပ်ရာ စက်ရုံကို ဓာတ်အား​ပေးစက်ရုံ (power station သို့မဟုတ် power plant)ဟု​ခေါ်သည်။ တာဘိုင်စက်များမှ စွမ်းအင်ပုံစံများမှ စက်မှုစွမ်းအင်ကို ​ပြောင်းသည်။​အော်တာနိတ်တာမှ စက်မှုစွမ်းအင်ကို လျှပ်စစ်စွမ်းအင် ​ပြောင်းလဲသည်။ ဓာတ်အား​ပေးစက်ရုံမှ ထွက်ရှိလာ​သော ဓာတ်အားများကို လျှပ်ကူးပစ္စည်းများ၏ အကူအညီဖြင့် သူံးစွဲသူများထံ ပို့​ဆောင်ဖြန့်ဖြူးသည်။

​လောင်စာအ​ပေါ်တွင် မူတည်၍ စွမ်းအင်တစ်ခုမှ လျှပ်စစ်စွမ်းအင်သို့ ကူး​ပြောင်း​ပေးသည့် ဓာတ်အား​ပေးစက်ရုံများကို ​အဓိကအားဖြင့် လေးမျိုးခွဲခြားနိုင်သည်။

  • ​ရေ​နွေး​ငွေ့သုံး ဓာတ်အား​ပေးစက်ရုံ
  • ​ရေအားလျှပ်စစ် ဓာတ်အား​ပေးစက်ရုံ
  • ဒီဇယ်စွမ်းအင်သုံး ဓာတ်အား​ပေးစက်ရုံ
  • နျူးကလီးယားစွမ်းအင်သုံး ဓာတ်အား​ပေးစက်ရုံတို့ဖြစ်သည်။[၁]
ကယားပြည်နယ်မှ ဘီလူး​ချောင်း အမှတ်၂ ဓာတ်အား​ပေးစက်ရုံ

သမိုင်း​ကြောင်း[ပြင်ဆင်ရန်]

၂ဝ ရာစုနှစ်မှအစပြု၍ လျှပ်စစ်ဓာတ်ထုတ်လုပ်ငန်းသည် အလွန်တိုးတက်လာခဲ့ရာ၊ ယခုအခါ တာဗိုအော်လတာနေတာ ခေါ် လျှပ်စစ်ဓာတ်အားထုတ်စက် တစ်ခုတည်းမှ ရရှိသော လျှပ်စစ်ဓာတ်၏ ပမာဏသည် လွန်ခဲ့သောနှစ်ပေါင်း ၅ဝ ခန့် က အင်္ဂလန်ပြည် တစ်ပြည်လုံးရှိ ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်နိုင်ခဲ့သည့် လျှပ်စစ်ဓာတ်၏ ပမာဏထက် များပြား လေသည်။ လျှပ်စစ်ဓာတ်ကို အကျိုးရှိရှိနှင့် ထုတ်လုပ်နိုင်သည့် အဓိကကျ​သော စက်နှစ်မျိုးမှာ ရေအားဖြင့်လည်သောစက်နှင့် ရေနွေးငွေ့အားဖြင့် လည်သောစက်များ ဖြစ်ကြသည်။

​ရေ​နွေး​​ငွေ့သုံး (သို့) အပူစွမ်းအင်သုံး ဓာတ်အား​ပေးစက်ရုံ[ပြင်ဆင်ရန်]

​ကျောက်မီး​သွေး​လောင်ကျွမ်းခြင်းမှ ရရှိလာ​သော အပူစွမ်းအင်ကို လျှပ်စစ်စွမ်းအင်အဖြစ်​ပြောင်းလဲ​ပေး​သော ဓာတ်အား​ပေးစက်ရုံကို ​ရေ​နွေး​​ငွေ့သုံး (သို့) အပူစွမ်းအင်သုံး ဓာတ်အား​ပေးစက်ရုံ (steam power station)ဟု​ခေါ်သည်။ တစ်နည်းအားဖြင့် ​ရေကိုမီးပြင်းတိုက်၍ ဆူပွက်​စေရာမှထွက်လာသည့် ​ရေ​​နွေး​ငွေ့၏ ကြီးမားလှ​သော တွန်းကန်အားဖြင့် တာဘိုင်ကို လည်ပတ်​စေခြင်းဖြစ်သည်။

လည်ပတ်ပုံ[ပြင်ဆင်ရန်]

​​ကျောက်မီး​သွေး​လောင်ကျွမ်းခြင်းမှ ရရှိလာ​သော အပူမှ ဘွိုင်လာထဲတွင် ​ရေ​နွေး​ငွေ့ ထုတ်လုပ်သည်။ ထို့​နောက် တာဘိုင်ထဲတွင် ကျယ်ပြန့်လာပြီး ကွန်တန်ဆာ(condenser)တွင် ​ငွေ့ရည်ဖွဲ့​စေကာ ဘွိုင်လာထဲ ထပ်ဖြတ်သည်။​ရေ​နွေး​ငွေ့တာဘိုင်သည် ​အော်တာနိတ်တာ (alternator)ကို အလုပ်လုပ်​စေပြီး စက်မှုစွမ်းအင်မှ လျှပ်စစ်စွမ်းအင်ကို ​ပြောင်းလဲ​စေသည်။

​ကောင်းကျိုးများ[ပြင်ဆင်ရန်]

  • ​လောင်စာသည် အင်မတန် ​ဈေး​ပေါသည်။
  • အခြားနည်းများနှင့် ယှဉ်လျှင် ကနဦး ကုန်ကျရိတ်နည်းသည်။
  • ​မည်သည့်​နေ​ရာတွင်မဆို စက်ရုံတည်​ဆောက်နိုင်သည်။​လောင်စာကို ရထား (သို့) ကားလမ်းဖြင့် သယ်နိုင်သည်။
  • ​ရေအားလျှပ်စစ်နှင့်ယှဉ်လျှင် ​နေရာအနည်းငယ်သာယူသည်။
  • ထုတ်လုပ်စရိတ်မှာ ဒီဇယ်စွမ်းအင်သုံးစက်ရုံထက်နည်းသည်။

ဆိုးကျိုးများ[ပြင်ဆင်ရန်]

  • မီးခိုးနှင့် အမှုန့်များစွာ​ကြောင့် ပတ်ဝန်းကျင် ညစ်ညမ်း​စေသည်။
  • လည်ပတ်စရိတ်မှာ ​ရေအားလျှပ်စစ်ထက် များပြားသည်။
  • ​​ကျောက်မီး​သွေးမှာ တွင်းထွက်ဖြစ်၍ ကုန်ဆုံးနိုင်ခြင်း
ရေအားလျှပ်စစ်ဓာတ်အားပေးစက် အလုပ်လုပ်ပုံ။

ထုတ်လုပ်နည်းများ[ပြင်ဆင်ရန်]

ခေတ်သစ် ဓာတ်အားပေးစက်ရုံကို ဆောက်လုပ်ရန် ငါးနှစ် သို့မဟုတ် ငါးနှစ်ထက်ပို၍ ကြာ၏။ ကုန်ကျသည်မှာလည်း ငွေပေါင်း သန်းနှင့်ချီ၍ ကုန်ကျလေသည်။ ထိုစက်မျိုးသည် တစ်နေ့လျှင် ကျောက်မီးသွေး တန်ချိန် ၂ဝဝဝ နှင့် ရေဂါလံ ၁ဝ သန်းမှ ၁၂ သန်းအထိ အသုံးပြုသည်။

စက်ရုံသည် လျှပ်စစ်ဓာတ်ကို အသုံးပြုသည့် အရပ် ဒေသနှင့် နီးကပ်စွာရှိရသည်။ စက်ရုံတည်နေရာသည် ဝန် အလေးများစွာကို ဆောင်ထားနိုင်ရန်အတွက် အောက်ခြေခိုင်ခံ့ရ ပေသည်။ (တာဗိုင်စက်တစ်ခုတည်းပင်လျှင် ဗွိုင်လာအိုးများ မပါဘဲ တန်ချိန် ၁၅ဝဝ အထိလေးသည်။)

ဓာတ်အားပေးစက်ရုံတွင် လုပ်ကိုင်သော အစီအစဉ်ကို ပုံဖြင့် ပြထားသည်။ စက်ရုံတွင် ကျောက်မီးသွေး ရောက်သည့်အချိန်မှ စ၍၊ လျှပ်စစ်ဓာတ်ထွက်သည့် အချိန်အထိ ဖြစ်ပျက်ပုံကို လေ့လာနိုင်သည်။ စက်ရုံတွင် ရေနွေးငွေ့ထုတ်ယူပုံကို ကြည့်ရှု ကြပါစို့။

စက်ရုံတွင် ကျောက်မီးသွေးကို အလွန်များပြားစွာ အသုံးပြု သောကြောင့်၊ ယင်းကို ရေလမ်း သို့မဟုတ် မီးရထားလမ်းဖြင့် ယူဆောင်လာရသည်။ ရေလမ်းဖြင့်ယူဆောင်လာသော ကျောက် မီးသွေးကို သင်္ဘောမှ စက်မောင်းဖြင့် ချယူသည်။ မီးရထားဖြင့် ယူလာသော ကျောက်မီးသွေးကိုမူ မီးရထားတွဲလိုက် သွန်၍ ယူ သည်။

(ယခုခေတ်တွင် ကျောက်မီးသွေးကို ကော်ပြားဖြင့် ကော်ချနေလျှင် အချိန်ဖြုန်းရာကျပေမည်။) ဤကျောက်မီးသွေး များသည် စက်ဖြင့်လည်၍ ဗွိုင်လာရေနွေးအိုးခန်း သို့မဟုတ် ကျောက်မီးသွေးသိုလှောင်ခန်းသို့ ရောက်ရှိသွားသည်။ ယခု ခေတ် စက်ရုံများတွင် ကျောက်မီးသွေးကို တန်ချိန် ၃၅ဝဝဝ အထိ သိုလှောင်ထားတတ်ကြသည်။ အချို့စက်ရုံများတွင် အကယ်၍ ပြင်ပမှ ကျောက်မီးသွေးများ မရောက်ရှိခဲ့သော်၊ အကျပ်အတည်းနှင့် မတွေ့ရအောင် ကျောက်မီးသွေးအပို သိုလှောင်ထားသော အခန်းများရှိလေသည်။

ကျောက်မီးသွေးသည် ဗွိုင်လာခန်းအပေါက်မှ ကျဆင်းသွား၍၊ အလိုအလျောက် မီးထိုးပေးသည့် မီးဖိုကြီးသို့ ရောက်ရှိသွား သည်။ ယင်းမီးဖိုကြီးတို့အနက် အသုံးများသည့်အမျိုးမှာ 'ကြိုး မီးဖိုကြီး'မျိုးပင်ဖြစ်သည်။ ဤမီးဖိုတွင် သံကြိုးများသည် လျှပ်စစ်ဓာတ်ဖြင့် ဘီးများကို လှည့်ပတ်နေကြသည်။ သံကြိုး ပေါ်တွင် သံတန်းများပါရှိလေရာ၊ ကျောက်မီးသွေးသည် ထို သံတန်းများပေါ်၌ မီးစွဲလောင်ကာ၊ တဘက်အစွန်းမှ လိုက်ပါ သွားသည်။ အခြားတဘက်အစွန်းသို့ ရောက်သောအခါ၊ မီး ကျွမ်းသွားပြီးလျှင် ပြာမှုန့်များဖြစ်၍ အောက်သို့ကျသွားသည်။

အချို့စက်ရုံများတွင် မီးသွေးအမှုန့်ကို အသုံးပြုသည်။ အသုံး ပြုပုံမှာ မီးသွေးကို ပထမဦးစွာ အမှုန့်ဖြစ်အောင် ကြိတ်၍၊ မီးလောင်ခန်းအတွင်းသို့ မှုတ်သွင်းပေးလိုက်သည်။ ထိုအခါ မီးသွေးမှုန့်တို့သည် ဓာတ်ငွေ့ကဲ့သို့ လောင်ကျွမ်းသွားကြသည်။

မီးသွေးမှုန့်များကို အသုံးပြုရာ၌ စရိတ်ကြီးလေးသည့်အပြင်၊ အလွန်သေးငယ်သော ပြာမှုန်များ ခေါင်းတိုင်သို့မရောက်အောင် တားဆီးရသည့် အခက်အခဲနှင့် တွေ့ကြုံကြရလေသည်။

သို့သော် မီးကို အလိုရှိသကဲ့သို့ အုပ်ထိန်းထားနိုင်ခြင်းနှင့် ညံ့ဖျင်း သော ကျောက်မီးသွေးကို အသုံးပြုနိုင်ခြင်းတို့ကြောင့် မီးသွေး မှုန့်ကိုလည်း သုံးကြရသည်။ ခေတ်စက်ရုံများတွင် မီးဖို၏ကြမ်း ပြင်သည် သန့်ရှင်းလျက်ရှိသည့်အပြင်၊ မီးအကြောင်းကိုသိရှိရန် မီးဖိုးကိုကြည့်ဖို့ မလိုချေ။ မီးဖိုတွင် တပ်ဆင်ထားသည့် ကရိယာများကို ကြည့်၍၊ ဗွိုင်လာအိုး၏ ဝန်၊ နေရာအနှံ့အပြား ရှိ အပူချိန်၊ မီးခိုးတိုင်မှ ထွက်လာသည့် ဓာတ်ငွေ့များတွင် ပါရှိသော ကာဗွန်ဒိုင်အောက်ဆိုက် ရာခိုင်နှုန်း စသည်တို့ကို သိရှိရသည်။

(ကာဗွန်ဒိုင် အောက်ဆိုက်ရာခိုင်နှုန်းသည် လေ အနည်းအများကို သိရှိစေရသည်။) ဤအချက်သည် ဗွိုင်လာအိုး တွင် အလွန်အရေးကြီးသော အချက်ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် ဗွိုင်လာအိုး၏ အစွမ်းအားသည် ယပ်ကြီးများဖြင့် လေ ကို မနည်းမများရအောင် မှန်မှန်သွင်းပေးနိုင်မှုအပေါ်တွင် တည် သောကြောင့်ဖြစ်သည်။


ကျောက်မီးသွေးလောင်ကျွမ်း၍ ဖြစ်ပေါ်လာသည့် ဓာတ်ငွေ့ များသည် ရေနွေးငွေ့ ထုတ်လုပ်ရာတွင် အပူကို တတ်နိုင် သလောက် ပေးလိုက်ရသဖြင့်၊ အတော်အတန် အေးသွားပြီးမှ အီကော်နိုမိုင်ဇာသို့ ရောက်ရှိသွားသည်။ အီကော်နိုမိုင်ဇာမှာ ပိုက်လုံးများဖြစ်၏။ ဗွိုင်လာအိုးတွင် သွင်းပေးရန်ရေသည် ထိုပိုက်လုံးများကို ဖြတ်သန်းသွားရသည်။ ထိုကြောင့် ထိုရေမှာ ဗွိုင်လာအိုးသို့ မရောက်မီပူသွားသည်။ အီကော်နိုမိုင်ဇာမှ ဓာတ် ငွေ့သည် လေသွင်းပေးသော ယပ်များဆီသို့ ရောက်ပြီးသော အခါ၊ ထိုယပ်များမှတဆင့် ချော်မှုန့်ဖမ်းကရိယာသို့ ရောက် သွားသည်။

အကယ်၍ ချော်မှုန့်များကို ပထမဦးစွာ ဖယ်ရှား မပစ်ဘဲ၊ ခေါင်းတိုင်မှဓာတ်ငွေ့များကို မှုတ်လွှတ်လိုက်ပါမူ၊ အနီးအနား နေရာများတွင် ချော်မှုန့်များသည် နေ့စဉ် တန်နှင့် ချီ၍ ကျရောက်ပေလိမ့်မည်။ ထိုကြောင့် ချော်တုန်းကြီးများကို ဆိုင်ကလုန်းခေါ် ကတော့ပုံအခန်းများတွင် ထုတ်ယူသည်။

ထုတ်ယူပုံမှာ ဓာတ်ငွေ့ကို ဆိုင်ကလုန်းအထဲ၌ အရှိန်ပြင်းစွာဖြင့် လှည့်ပတ်သွားစေသည်။ ချော်တုံးများသည် ဓာတ်ငွေ့ထက်လေး သဖြင့်၊ ဓာတ်ငွေ့မှ ခွဲထွက်လာပြီးလျှင် ဆိုင်ကလုန်းအိမ်တွင်းရှိ အပေါက်များတွင် တင်ကျန်ခဲ့ကြသည်။ အလွန်ညက်သော အမှုန့်များကိုမူ အီလက်ထရိုစတက်တစ် အနည်ထိုင်စက်များဖြင့် ဖမ်းယူပြန်သည်။

လေပူကို ပြွန်တန်းများတွင် ဖြတ်သန်းသွားစေ သည်။ ထိုပြွန်တန်းများတွင် လျှပ်စစ်ဗို့အား အလွန်ကြီးသော ဓာတ်လိုက်ပစ္စည်းများပါရှိရာ၊ ချော်မှုန့်များသည် ထိုဓာတ်လိုက် ပစ္စည်းများ၌ ကပ်၍ကျန်ရစ်သည်။ ထိုချော်မှုန့်များကို ပုံးများ တွင်စုရုံး၍ ဖယ်ရှားပစ်သည်။ ချော်မှုန့်များကို စစ်ထုတ်ပြီးသော အခါ၊ ဓာတ်ငွေ့ကို ခေါင်းတိုင်များမှ ထုတ်ပစ်လိုက်သည်။ ထို ခေါင်းတိုင်များသည် ပေ ၃ဝဝ အထိပင် မြင့်မားတတ်ကြသည်။

ကျွန်ုပ်တို့အိမ်တွင် တစ်နေ့လျှင် ပြာတစ်ပုံးခန့် ထွက်သည် ကိုပင် ရှင်းလင်းပစ်ရန် အနှောင့်အရှက်ဖြစ်ခဲ့သော်၊ တစ်နေ့ လျှင် တန်ချိန်နှစ်ရာ သို့မဟုတ် သုံးရာခန့်ထွက်သော ဓာတ် အားပေးစက်ရုံတွင် မည်မျှလောက် အနှောင့်အရှက်ဖြစ်မည်ကို ချင့်ချိန်ကြည့်နိုင်ပေသည်။ ဓာတ်အားပေးစက်ရုံများတွင် ပြာကို နည်းအမျိုးမျိုးဖြင့် ဖယ်ရှင်းပစ်သည်။ အလွန်အသုံးများသော နည်းတစ်နည်းတွင် ပြာကို ရေဖြင့်တွင်းထဲသို့ မျှောချသည်။

ထိုတွင်းမှ ရေကိုထုတ်ယူပြီးနောက် တစ်ဖန် ပြာကိုမျှောချရန် အသုံးပြုပြန်သည်။ တွင်းထဲမှပြာကိုမူ လော်ရီကားများဖြင့် သယ်၍ ဖယ်ရှားပစ်သည်။ အကယ်၍ ပြာကို အသုံးတစ်မျိုးမျိုး အတွက် မရောင်းချနိုင်ခဲ့သော်၊ ထိုပြာကို ကျောက်တွင်းဟောင်း များတွင် ဖို့ပစ်လေ့ရှိသည်။

ကျွန်ုပ်တို့သည် ကျောက်မီးသွေးကို သယ်ယူလာသည်မှ ထို မီးသွေးကို ချော်နှင့်ပြာအဖြစ် စွန့်ထုတ်ပစ်လိုက်သည့်အထိ သိခဲ့ ကြရပြီ။ ယခု ကျွန်ုပ်တို့သည် ရေမှ ရေနွေးငွေ့ဖြစ်လာပုံနှင့် ရေနွေးငွေ့ကို အသုံးချပုံအကြောင်းကို စစ်ဆေးကြည့်ကြမည်။

ဗွိုင်လာသည် များသောအားဖြင့် ရေပြွန်များဖြစ်၍ အလွန်ကြီး မားသည်။ ယခုခေတ်သုံး ဗွိုင်လာသည် သာမန်အိမ်ထက်ပင် ကြီးသည်။ ထိုဗွိုင်လာများသည် တစ်နာရီလျှင် ရေပေါင်ချိန် ၂၅ဝဝဝဝ ခန့်ကို အငွေ့ပျံစေနိုင်သည်။ ရေနွေးငွေ့၏ဖိအား သည် စတုရန်းတစ်လက်မလျှင် ပေါင် ၆ဝဝ မှ ၂ဝဝဝ အထိ ရှိသည်။

အပူကဲထားသော ရေနွေးငွေ့၏အပူချိန်သည် ဖာရင် ဟိုက်ဒီဂရီ ၁ဝဝဝ နီးပါးမျှပင်ရှိသည်။ တစ်ခါတစ်ရံ တာဗိုင် တစ်ခုတွင် ဗွိုင်လာသုံးလုံး တွဲထားတတ်သည်။

ဗွိုင်လာမှရေနွေးငွေ့သည် ပထမဦးစွာ တာဗိုင်ဆီသို့ရောက် သည်။ တာဗိုင်တွင် ရေနွေးငွေ့စွမ်းအင်ကို ဒလက်များက ထုတ် ယူလိုက်၍၊ ထိုစွမ်းအင်သည် ရှပ်ခေါ် ဝင်ရိုးသို့ ရောက်ရှိသွား သည်။ တာဗိုင်အိမ်အတွင်း၌ ရေနွေးငွေ့သည် ပေအနည်းငယ် ခန့် သွားပြီးသောအခါ၊ အောက်ပါအတိုင်း ပြောင်းလဲသွား သည်။

ရေနွေးငွေ့သည် အလွန်ပြန့်ကျယ်သွား၍၊ ထိုရေနွေးငွေ့ ၏ အပူချိန်သည် ရေနွေးကရားမှထွက်သည့် ရေနွေးငွေ့အပူ ချိန်လောက် နိမ့်ကျသွားသည်။ ဖိအားသည်လည်း မူလက စတုရန်းတစ်လက်မလျှင် ပေါင်ရာပေါင်းများစွာ ရှိခဲ့ရာမှ၊ ယခု အခါ လေထု၏ ဖိအားအောက်သို့ လျှောကျနိမ့်ဆင်းသွားလေ သည်။

အကယ်၍ တာဗိုင်တွင် ရေနွေးငွေ့ကို လေထု၏ဖိအား လောက် ပြန့်ကျယ်အောင် ပြုလုပ်ပြီးနောက်၊ မီးရထားစက် ခေါင်းမှာကဲ့သို့ ခေါင်းတိုင်မှ ထုတ်လွှတ်လိုက်သော်၊ လိုလား ချက်နှင့် မကိုက်ညီသောအခြင်းအရာများဖြစ်ပေါ်လာပေလိမ့် မည်။

ပထမအချက်မှာ တာဗိုင်သည် ရေနွေးငွေ့ကို လေထု၏ ဖိအားအောက် နိမ့်ကျသွားအောင် ပြန့်ကျယ်စေသဖြင့်၊ တာဗိုင် ၏ စွမ်းအားသည် လျော့သွားဖွယ်ရာအကြောင်းရှိသည်။ ဒုတိယ အချက်မှာ ဗွိုင်လာကို ရေနွေးပူဖြင့်မဟုတ်ဘဲ ရေအေးထည့်ပေး ရသည့်အတွက်၊ အပူများစွာ ဆုံးရှုံးသွားပေမည်။ နောက်ဆုံး အချက်မှာ ဗွိုင်လာတွင် လိုသလောက်ရေကို ထည့်ပေးရန် ခဲယဉ်းသည့်အပြင်၊ ရေနွေးငွေ့ကို ထုတ်ပစ်ရာ၌လည်း အခက် အခဲနှင့် တွေ့ကြုံရပေမည်။

ထိုကြောင့် တာဗိုင်မှထွက်လာသော ရေနွေးငွေ့များကို တာဗိုင်အောက်နားတွင်ရှိသော ကွန်ဒင်ဆာထဲ သို့ ထုတ်လွှတ်သည်။ ကွန်ဒင်ဆာမှာ အခြားမဟုတ်၊ ပိုက်လုံး များပါရှိသော အခန်းတခန်းပင်ဖြစ်သည်။ ထိုပိုက်လုံးများ အပြင်ဘက်တွင် ရေအေးဖြတ်စီးလျက်ရှိရာ၊ ပိုက်လုံးများ အတွင်းသို့ ဝင်ရောက်လာသော ရေနွေးငွေ့သည် အရည်ဖွဲ့၍ ရေပူဖြစ်သွားသည်။ ဤရေပူကို အီကော်နော်မိုင်ဇာမှတဆင့် ဗွိုင်လာသို့ ပို့ပေးသည်။

တောင်အာဖရိကရှိ Athlone ဓာတ်အားပေးစက်ရုံ

ရေနွေးငွေ့တွင်ပါရှိသည့် ငွေ့ပျံအောင်းပူသည် အခန်းတွင်း၌ ဖြတ်သန်းလျက်စီးနေသော ရေသို့ကူးစက်သွားသဖြင့်၊ အကယ်၍ ထိုရေမှအပူကို လျင်မြန်စွာ ထုတ်မပစ်ဘဲထားလျှင် ထိုရေသည် လည်း ဆူလာပေမည်။ ဓာတ်အားပေးစက်ရုံသည် မြစ်ကမ်းပါ၌ ရှိလျှင်၊ ရေကို တစ်နာရီလျှင် ဂါလံပေါင်း သန်းနှင့်ချီ၍ စုတ် ယူအသုံး ပြုပြီးလျှင်၊ ထိုရေကို မြစ်၏အောက်ပိုင်းတွင် ထုတ် လွှတ်လိုက်သည်။

အကယ်၍ ဓာတ်အားပေးစက်ရုံသည် မြစ်ကမ်းပါးပေါ်၌ မရှိခဲ့သော်၊ စက်တွင်လိုသည့်ရေကို မည်သည့် ရေပေးကုမ္ပဏီမှ လုံလောက်စွာ မပေးနိုင်သဖြင့်၊ ရေကို အအေးခံပြီးလျှင် ထပ်တ လဲလဲ အသုံးပြုကြရသည်။ ထိုသို့ အအေးခံရာတွင် မျှော်စင် ကဲ့သို့ အဆောက်အအုံကြီးများကို သုံးလေ့ရှိသည်။ မျှောင်စင် များကို သံခံအင်္ဂတေဖြင့် ဆောက်လုပ်ထားသည်။ မျှော်စင်၏ အမြင့် သုံးပုံတစ်ပုံခန့်၌ သေးငယ်သော အပေါက်များပါရှိသည့် ပိုက်လုံးများစွာ တပ်ထားသည်။ ဤပိုက်လုံးများတွင် ကွန်ဒင် ဆာ၌ အသုံးပြုခဲ့သည့်ရေကို ပန်းသွင်းပေးသည်။

ထိုအခါ ပိုက်လုံးများမှ ရေပန်းထွက်လာ၍၊ အောက်ဘက်၌ရှိသော ကန်ထဲသို့ ကျရောက်သည်။ ထိုသို့ ကျရောက်စဉ် လမ်း၌ လေအေးနှင့် ထိတွေ့သဖြင့် အေးသွားသည်။ မျှော်စင်ကို မီးခိုးတိုင်များကဲ့သို့ မြင့်မားစွာ ဆောက်လုပ်ထားခြင်းမှာ ရေပူသည် လေကောင်း ကောင်းရရှိ၍၊ အေးသွားစေရန်အတွက် ဖြစ်သည်။ ဤမျှော်စင် ၏ အောက်ခြေတွင် လေဝင်ရောက်နိုင်အောင် အပေါက်များ ဖောက်ထားသည်။

အအေးပေးရာ၌ ရေကို ထပ်တလဲလဲ အသုံးပြုလျက်ရှိသော် လည်း၊ ထိုသို့အသုံးပြုရာ၌ အငွေ့ပျံတက်ခြင်းဖြင့် ရေအမြောက် အမြား ဆုံးရှုံးသည်။ ထိုသို့ ဆုံးရှုံးသွားသည့်ရေကို အစားထိုး ပေးရသည်မှာ တစ်နာရီလျှင် ဂါလံ ၁ဝဝဝဝဝ ခန့်ပင်ရှိသဖြင့်၊ မြစ်ရေကိုသုံး၍ အအေးခံသည်ဖြစ်စေ၊ သို့မဟုတ် မျှော်စင်၌ အအေးခံသည်ဖြစ်စေ၊ ဓာတ်အားပေးစက်ရုံသည် ရေအမြောက် အမြားကို လိုပေသည်။

ဓာတ်အားပေးစက်ရုံသည် လျှပ်စစ်ဓာတ် သုံးစွဲသည်မှာ တာဗိုင်ရှပ်နှင့် အောလတာနေတာတို့ ဆက်ထားသည့်နေရာမှ အစပြုသည်။ ခေတ်ဓာတ်အားပေးစက်ရုံများတွင် အလည်မြန် သော စက်မျိုးကိုသာ အသုံးပြုသည်။ အသုံးများသောစက် နှစ်မျိုးမှာ တစ်မိနစ်လျှင် အပတ်ပေါင်း ၁၅ဝဝ မျှလည်နိုင်သော ပိုစွန်းလေးစွန်းရှိ စက်မျိုးနှင့် တစ်မိနစ်လျှင် အပတ်ပေါင်း ၃ဝဝဝ မျှလည်နိုင်သော ပိုစွန်းနှစ်စွန်းရှိ စက်မျိုးဖြစ်သည်။

မက်ဂါ ဝပ် ၆ဝ (ကီလိုဝပ် ၆ဝဝဝဝ)ရှိသောစက်မှာ အသုံးများ သောစက်မျိုးဖြစ်သော်လည်း၊ တစ်ခါတစ်ရံ မက်ဂါဝပ် ၁ဝဝ ရှိ သည့် စက်ကိုလည်း အသုံးပြုကြသည်။

အော်လတာနေတာများကို ဟိုက်ဒရိုဂျင်ဖြင့် အအေးခံရန် အစီအစဉ်မှာ၊ မကြာသေးမီကမှ အောင်မြင်ခဲ့သော တိုးတက်မှု တစ်ရပ်ဖြစ်သည်။ ရစ်ပတ်းထားသည့် ဝိုင်ယာ၏ ခုခံအားသည် အပူအသင့်အတင့်ကို ဖြစ်ပေါ်စေသဖြင့်၊ ထိုအပူကို ဖယ်ရှား ပစ်ရန် လိုပေသည်။ အော်လတာနေတာကို ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ပါသော အခန်းတွင် ပိတ်ထားသောအခါ၊ (ဟိုက်ဒရို ဂျင်တွင် အပူစွမ်းရည်သည် လေထက်ကြီးမားသောကြောင့်) အော်လတာနေတာသည် အေးလျက်နေသည့်ပြင်၊ အော်လတာ နေတာမှ ထုတ်လုပ်ပေးသည့် ဗို့အားမှာ ၁၁ဝဝဝ ဖြစ်သည်။

တစ်ခါတစ်ရံ ဗို့အား ၃၃ဝဝဝ ထုတ်လုပ်ပေးသည့် အော်လတာ နေတာများကိုပင် ဆောက်လုပ်အသုံးပြုကြသည်။ လျှပ်စစ်ဓာတ်ကို အော်လတာနေတာမှ စက်ရုံနှင့် တသီး တခြား ဆောက်လုပ်ထားသော ဆွစ်ဂီယာသို့ ပို့ဆောင်ပေး သည်။ ဓာတ်အားပေးစက်ရုံ၌ လျှပ်စစ်ဓာတ်ကို တသမတ်တည်း ပို့ဆောင်ပေးရန် အရေးအကြီးဆုံး ဖြစ်သဖြင့်၊ ခလုတ်များကို အကာအကွယ်များလုပ်၍ စီစဉ်ထားရသည်မှာ အလွန်တရာ ရှုပ်ထွေးပေသည်။

သင်၏အိမ်တွင် လျှပ်စစ်ဓာတ်ကြိုးကို စံနစ်တကျ သွယ် ထားလျှင်၊ လျှပ်စစ်မီးဖို၊ သို့မဟုတ် မီးတိုင်၏ချို့ယွင်းမှုကြောင့် ဖြစ်သော ရှော့ဆာကစ်သည် ဝိုင်ယာကြိုးများမှတဆင့် အိမ်ကို မီးမလောင်စေဘဲ၊ ဒဏ်ခံကြိုးကိုသာလျှင် အရည်ပျော်စေသည်။ ထိုအခါတွင် လျှပ်စစ်ဓာတ် ဆာကစ်သည်ပြတ်သွား၍၊ ကျန် ဆာကစ်များမှာ အကောင်းပကတိ ကျန်ရစ်သည်။ ဆာကစ်သည် လျှပ်စစ်ဓာတ် လှည့်ပတ်သောလမ်း ဖြစ်သည်။ ထိုလမ်းစ ပြတ် သွားလျှင်၊ လျှပ်စစ်ဓာတ်ကြိုး ပြတ်တတ်သည်။ ဤအခြင်းအရာ ကို ရှော့ဆာကစ်ဟု အင်္ဂလိပ်လိုခေါ်သည်။

ဓာတ်အားပေးစက်ရုံတွင်လည်း ဤအတိုင်းပင်ဖြစ်သည်။ သို့ သော် စီစဉ်ထားပုံမှာ အိမ်များမှာထက် ကြီးကျယ်သည်။ ဓာတ် အားပေးစက် ကရိယာများကို တည်ဆောက်ရာ၌ တတ်နိုင်သမျှ ဂရုတစိုက် ဆောက်လုပ်ပေးထားသော်လည်း၊ ထိုကရိယာများမှာ မပျက်ဘဲမနေကြချေ။ မည်သည့်အကြောင်းကြောင့်ပင်ဖြစ်စေ စက်ပျက်သွားခဲ့သော်၊ ထိုပျက်စီးသွားရာကို ပြုပြင်ပေးရန် အစီ အစဉ် အသင့်ရှိရပေမည်။

ပုံပမာ အော်လတာနေတာတွင် လျှပ်စစ်ဓာတ်ပျက်စီး၍ ရှော့ဆာကစ် ဖြစ်သွားသောအခါ၊ အသင့်ရှိသော အန္တရာယ်ထိန်းဂီယာသည် ဆိုင်ရာခလုတ်ကို ချက်ချင်းပိတ်လိုက်၍၊ ထိုအော်လတာနေတာကို ဆာကစ်မှ ဖယ်ရှားပစ်လိုက်သည်။ ထိုပြင် အလိုအလျောက် မီးငြိမ်းသတ် သော စက်ကိုလည်း ဖွင့်ပေးလိုက်သည်။ အကယ်၍ ကြေးနန်း ကြိုးတွင် ချို့ယွင်းမှု ပေါ်ပေါက်ခဲ့သော်၊ အခြားအပိုင်းကို အနှောင့်အရှက် မပြုရအောင်၊ ချို့ယွင်းနေသော အပိုင်းက ခလုတ်များကို ပိတ်၍၊ လျှပ်စစ်ဓာတ်စီးကို ဖြတ်တောက်ပစ် လိုက်သည်။

ထိုနောက် အင်ဂျင်နီယာများဖြင့် ချို့ယွင်းနေသော အပိုင်းကို ပြန်လည်ကောင်းမွန်လာအောင် ပြင်ဆင်ယူကြသည်။ ဆာကစ်ဖြတ်ခုတ်များသည် အမ်ပီယာ ထောင်ချီ၍ရှိသော လျှပ်စစ်ဓာတ်စီးကို ဖြတ်တောက်နိုင်အောင် ကြီးမား၍ ခိုင်ခန့် ကြသည်။ အများအားဖြင့် ထိုခလုတ်များကို ဆီကန်တွင် စိမ် ထား၍၊ အုပ်ထိန်းသည့်အခန်းမှနေပြီးလျှင် လျှပ်စစ်ဓာတ်ကို ပိတ်လိုက် ဖွင့်လိုက် ပြုလုပ်ပေးသည်။

ဤအခန်းတွင် ဆာကစ်ကြီးများမှ လျှပ်စစ်ဓာတ်ကို ဖြတ်တောက် ပစ်နိုင်သည့် ကရိယာများ၊ ချို့ယွင်းချက် တစုံတရာရှိလျှင် ချို့ယွင်းချက်ကို သိနိုင်သည့် ကရိယာများ၊ လျှပ်စစ်ဓာတ်စီး ပြတ်တောက်မသွားရအောင် အလိုအလျောက် ထိန်းပေးသည့် ကရိယာများ၊ ဂျင်နရေတာတစ်ခုစီ၌ရှိသော လျှပ်စစ်ဓာတ်ဝန်ကို သိနိုင်သော ကရိယာများရှိကြသည်။ ဤနေရာမှနေ၍ အင်ဂျင်နီယာ များသည်လျှပ်စစ်ဓာတ်ကို အရပ်ရပ်သို့ ဖြန့်ချိပေးလေသည်။[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. https://www.amazon.co.uk/Principles-Power-System-V-K-Mehta/dp/8121924960
  2. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )