မာတိကာသို့ ခုန်သွားရန်

ရေအားလျှပ်စစ်စက်ရုံ

ဝီကီပီးဒီးယား မှ
(ရေအားသုံးလျှပ်စစ်စက်များ မှ ပြန်ညွှန်းထားသည်)
ရေအားလျှပ်စစ်စက်ရုံပုံ
တရုတ်နိုင်ငံအလယ်ပိုင်းရှိ ကမ္ဘာ့အကြီးဆုံး Three Gorges Dam ရေအားလျှပ်စစ်စက်ရုံပုံ

ရေအားလျှပ်စစ်စက်ရုံ ဆိုသည်မှာ ရေစီးအားဖြင့် လည်ပတ်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်သောစက်ရုံ ဖြစ်သည်။ ရေအားလျှပ်စစ် စက်ရုံတွင် ရေလှောင်တမံ၊ ရေယူအဆောက်အအုံများ၊ ဓာတ်အားစက်ရုံတို့ပါဝင်သည်။

လူတို့ သုံးစွဲလျက်ရှိသော အရာများတွင် ရေအားသည်သာလျှင် ရုတ်တရက် ကုန်ဆုံး၍ မသွားနိုင်ချေ။ အလုပ်လုပ်ရန် အတွက် စက်ကိုလည်စေရာတွင် ကျောက်မီးသွေးကို သုံးသည် ဖြစ်စေ၊ ဓာတ်ဆီကို သုံးသည်ဖြစ်စေ လူသည် အစားပြန်၍ မထိုးနိုင်သောပစ္စည်းကို အသုံးပြုနေရခြင်း ဖြစ်ပေသည်။

အက်တမ်တစ်ခု၏ နျူကလိယတ်အတွင်းရှိ မြောက်မြားစွာသော စွမ်းအင်ကို အသုံးပြုရာ၌ပင် စွမ်းအင်ကိုဖြစ်စေသည့် အက်တမ်ကို ဖျက်ဆီးပစ်နေခြင်း ဖြစ်ပေသည်။ ရေအားကို အသုံးပြုသော အခါတွင်မူ သဘာဝအလျောက် အစဉ်ဖြစ်ပေါ်နေခြင်းကို အသုံးပြုခြင်းသာ ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် နေ၏ အပူကြောင့် ပင်လယ်သမုဒ္ဒရာနှင့် အခြားနေရာများရှိ ရေအချို့သည် လေထုအတွင်းသို့ ရေငွေ့အဖြစ်နှင့် ပျံတက်ကုန်ကြသည်။ ထိုနောက် ထိုရေငွေ့များက တိမ်များဖြစ်လာကြပြီးလျှင် တောင်များပေါ်တွင် မိုးအဖြစ်နှင့်ဖြစ်စေ၊ နှင်းအဖြစ်နှင့်ဖြစ်စေ ကျလာရာမှ တစ်ဖန် ပင်လယ်၊ သမုဒ္ဒရာနှင့် အခြားအင်းအိုင်များသို့ ပြန်၍ ရောက်ကြပြန်သည်။ နေရှိနေသရွေ့ ထိုနည်းဖြင့် ရေသည် သံသရာလည်လျက် ရှိနေလေသည်။

ရေ၏စွမ်းအားကို အသုံးပြုရာတွင် လူသည် ကမ္ဘာ့ဆွဲအားကို အသုံးပြုလေသည်။ ထိုသို့အသုံးပြုရာတွင် ရေ၏အလေးချိန်နှင့် ရေမြင့်အားကို အသုံးပြုရပေသည်။ ရေမြင့်အားဆိုသည်မှာ ရေစ၍ စီးသည့်နေရာကို မတိုင်းတာရဘဲ ရေစ၍ စီးသည့်နေရာနှင့် အောက်တည့်တည့် မြေမျက်နှာပြင်ကိုသာ တိုင်းရသည်။ ကမ္ဘာ့ဆွဲအားကြောင့် ရေကုဗပေ တစ်ပေတိုင်းတွင် ရေအလေးချိန် ၆၂ .၄ ပေါင် ဖြစ်ပေါ်လေသည်။ ထိုကြောင့် ပေသုံးဆယ်၏ အောက်ခြေရှိ စတုရန်းတစ်ပေရှိသောနေရာတွင် ရေအလေးချိန်သည် ၃ဝ ၆၂ ့၄Ó၁၈၇၂ ပေါင် ရှိလေသည်။ ထိုအလေးချိန်က စက်၏ဘီးကို ရိုက်ခတ်လိုက်သောအခါ ဘီးသည် လည် ပြီးလျှင် အသုံးဝင်သော စွမ်းအင်ကို ဖြစ်စေလေသည်။ စွမ်းအင်စ၍ ဖြစ်ပေါ်သောနေရာနှင့် ဘီးကိုကား ထိနေစေရပေသည်။ လူတို့သည် စီးနေသည့် ရေမှ စွမ်းအားကို ထုတ်ယူသုံးစွဲခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပေပြီ။ ရှေးအခါက အင်္ဂလန်နိုင်ငံရှိ ကျေးလက်များတွင် ရေဖြင့်လည်စေသည့် စက် များဖြင့် ကောက်ပဲသီးနှံများကို ကြိတ်ယူခဲ့ကြလေသည်။ ထိုသို့ သုံးစွဲကြရာတွင် ဘီး၏နှုတ်ခမ်း၌ ရေပုံးများကို ချိတ်ထားကြသည်။ ပုံးများထဲသို့ ဝင်လာသောအခါ ရေ၏အလေးချိန်ကြောင့် ဘီးလည်သွားသည်။ ပုံးထဲရှိရေသည် ဘီးလည်၍ အောက်ဘက်သို့ ရောက်သွားသောအခါ ထွက်သွားလေသည်။ အကြီးဆုံး ရေဘီးကို အိုင်းအော့မန်းကျွန်း၌ တည်ဆောက်ထားခဲ့ကြသည်။ ထိုဘီး၏ အချင်းမှာ ၇၂ ၁/၂ ပေ ရှိ၍ မြင်းအား ၁၃ဝ မှ ၁၅ဝ ထိ ပေးနိုင်စွမ်း ရှိလေသည်။

ဒိုင်နမိုများကို ရေအားဖြင့် လည်စေပြီးလျှင် ရရှိလာသည့် လျှပ်စစ်ဓာတ်ကို အဖိုးနှုန်းချိုသာစွာနှင့် ထုတ်ယူနိုင်လိမ့်မည် ဟု များသောအားဖြင့် ထင်မှတ်တတ်ကြလေသည်။ လက်တွေ့ လုပ်ရာတွင်မူ အလွန်စရိတ်ကြီး လေးသောကြောင့် ရေနွေးငွေ့ ဖြင့် လည်စေသည့်စက်ကဲ့သို့ပင် စရိတ်ကုန်ကျသည်ကို တွေ့ကြ ရတတ်သည်။ တစ်ခါတစ်ရံတွင် ရေနွေးငွေ့ဖြင့် လည်စေသည့် စက်ထက်ပင် စရိတ်ပို၍ ကြီးလေးတတ်ပေသေးသည်။ ရေအားဖြင့် လည်စေမည့်စက်များကို မတည်ဆောက်မီက တစ်နှစ်ပတ်လုံး ရေလုံလုံလောက်လောက် ရရှိမည် မရရှိမည်ကို ရှေးဦးစွာ သိရှိရပေမည်။ စက်ကို ဆောက်လုပ်ပြီးမှ နွေရာသီ တွင် စက်ကို ရပ်ထားရမည်ဆိုသော် အကျိုးရှိနိုင်မည် မဟုတ် ချေ။ ထိုကြောင့် သာမန်အားဖြင့် အထူးကောင်းမွန်မည်ဟု ထင်ရသော နေရာများပင် အမှန်အားဖြင့် မသင့်တော်သော နေရာများ ဖြစ်တတ်ပေသည်။

ရေ၏စွမ်းအားကိုအသုံးပြုရာတွင် လူသည် တဖြည်းဖြည်း ပို၍ ကောင်းမွန်သည့်နည်းများကို အသုံးပြုလာနိုင်လေသည်။ ရေလျှံသောအခါတွင် ရေများကို လျှံမကျစေရန် ဆည်ရိုးများဖြင့် သိုလှောင်ထားနိုင်ကြလေသည်။ ထို့ပြင် ဆည်ရိုးများဖြင့် ရေ၏ မျက်နှာပြင်ကိုလည်း မြင့်တက်စေနိုင်သည်။ ထိုနည်းဖြင့် ရေမြင့် အားကို ပို၍ ကြီးမားစေနိုင်ကြလေသည်။

၁၈ဝဝ ပြည့်နှစ်သို့ ရောက်သောအခါတွင် လူတို့သည် ရေ၏စွမ်းအားကို အသုံးပြုရာ၌ ထိရောက်သည့် စက်များကို အသုံးပြုလာနိုင်ကြပြီးလျှင် ၁၈၅ဝ ပြည့်နှစ်သို့ ရောက်သော အခါတွင်မူ တာဗိုင်ရဟတ်စက်များကို ထွင်လာနိုင်ကြသဖြင့် ရေအားဖြင့် လည်စေသည့် တာဗိုင်ရဟတ်စက်များကို တီထွင် ကာ လျှပ်စစ်ဓာတ်ကို ဖြစ်ပေါ်စေနိုင်ကြသည်။ ပြည်ထောင်စုမြန်မာနိုင်ငံတွင်လည်း ယခုအခါ ကယား ပြည်နယ်ရှိ ဘီလူးချောင်းမှ ရေအားဖြင့် လျှပ်စစ်ဓာတ်ကို စတင်၍ ထုတ်လုပ်အသုံးချလျက် ရှိပေပြီ။[]


ရေလှောင်တမံ
[ပြင်ဆင်ရန်]

ရေလှောင်တမံသည်မြစ်၊ ချောင်းကိုပိတ်ပြီးလိုအပ်သောရေအမြင့် ရနိုင်စေရန်ပြုလုပ်ထားသည်။ တမံအား မြေသား၊ ကျောက်ဖြည့်မြေသား၊ ကွန်ကရစ်တို့ဖြင့်ဆောက်လုပ်သည်။ ရေများလာသောအခါ ရေထုတ်ပစ်ရန်ရေပိုလွှဲ၊ ရေတံခါးများ၊ နှုန်းများစုပုံလာပါက ထုတ်ပစ်ရန်နှုန်းထုတ်ပေါက်များ၊ ရေလွှဲဥမင်များပါဝင်သည်။ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရန်အတွက် ရေယူဥမင်ပါဝင်သည်။

ရေယူအဆောက်အအုံများ
[ပြင်ဆင်ရန်]

တမံရေဝင်ပေါက်မှဝင်လာသောရေသည် ရေယူဥမင်နှင်တဆက်တည်းရှိသော သံမဏိပိုက်လိုင်းမှတဆင့် ဓာတ်အားပေးစက်ရုံထဲရောက်လာပြီး တာဘိုင်ဟုခေါ်သည့် ဘီးများကိုလည်ပတ်စေသည်။

ဓာတ်အားပေးစက်များ
[ပြင်ဆင်ရန်]

တာဘိုင်များသည် ဓာတ်အားပေးစက်၏ရိုတာနှင့်ဝင်ရိုးတစ်ဆက်တည်းတပ်ဆင်ထားသည်။ တာဘိုင်များလည်သောအခါ ရိုတာလည်ပြီး စတေတာအခွေမှ ဓာတ်အားထွက်ရှိလာသည်။ ဓာတ်အားထွက်ရှိရန်အတွက် ရိုတာပေါ်ရှိ ဝါယာခွေများအား တိုက်ရိုက်လျှပ်စီး(ဒီစီ)ထည့်ပေးရသည်။ သံလိုက်စက်ကွင်းဖန်တီးရန်ဖြစ်သည်။ ယင်းကိုဆွခြင်း(Excitation) ဟုခေါ်သည်။ စက်ငယ်များတွင် အမြဲတမ်းသံလိုက်ကိုအသုံးပြုသည်ဖြစ်ရာ သံလိုက်စက်ကွင်းဖန်တီးရန်မလိုပေ။ ဓာတ်အားပေးစက်ကြီးများတွင်သာလိုအပ်သည်။ လျှပ်စစ်သဘောတရားအရ သံလိုက်စက်ကွင်းအတွင်းတွင် ဝါယာခွေတစ်ခုလှုပ်ရှားနေပါက အေစီဓာတ်အား(ပြန်လှန်လျှပ်စစ်)ထွက်ပေါ်သည်။ ဓာတ်အားပေးစက်တွင်လည်း သံလိုက်စက်ကွင်းအတွင်းတွင် ရိုတာဝါယာခွေလည်နေသည်ဖြစ်ရာ စတေတာမှ ဓာတ်အားထွက်ပေါ်လာသည်။ ထွက်ပေါ်လာသောဓာတ်အားကိုအဝေးပို့နိုင်ရန်အတွက် လျှပ်တာ‌ပြောင်း(Transformer)များဖြင့် ဗို့အားအမြင့်စားအဖြစ်ဖန်တီး၍ ဓာတ်အားသုံးစွဲမည့်မြို့များသို့ပို့လွှတ်သည်။ (ဗို့အားနိမ့်ဖြင့်ပို့လွှတ်ပါက လေလွင့်မှုများလွန်းသည်။) ၎င်းမြို့များရောက်မှ ဓာတ်အားခွဲရုံများတွင် ဗို့အားနှိမ့်ချပြီး အသုံးပြုကြသည်။

တာဘိုင်မှထွက်လာသောရေသည် ဆွဲပြွန်(Draft tube)မှတဆင့် စက်ထွက်(Tailrace) သို့ရောက်သည်။ ထိုမှသည်မြစ်၊ ချောင်းထဲပြန်စီးဝင်သွားသည်။


ကိုးကား

[ပြင်ဆင်ရန်]
  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)