ဓာတ်ပုံရှုကာ ပူမီးဖြာ

ဝီကီပီးဒီးယား မှ

ဓာတ်ပုံရှုကာ ပူမီးဖြာ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

သုံးဆယ်မြို့တွင် မောင်းထောင်ဆရာတော် ပျံလွန်တော်မူသည့်အခါ အလောင်းစင်၌ တင်ထားသော အလောင်းတော်ကို ဓာတ်ပုံရိုက်ကာ မောင်းထောင်သို့ ပို့သည်။ မောင်းထောင်ရှိ ရဟန်းသာမဏေ၊ ဒါယကာ၊ ဒါယကာမတို့သည် လွမ်းဆွတ်တသ ဖြစ်ကြရသည်။ ဤအကြောင်းကို ဖွဲ့ဆိုထားသည်။

ဓာတ်ပုံရှုကာ ပူမီးဖြာ[ပြင်ဆင်ရန်]

မြေပထဗျာ နေရာကောင်းတဲ့၊ ရွှေမောင်းရွာသာဂီရိက၊ ဇာတိတော်မူပထမံ့ပ၊ သူရကန်မြူအလျှံပျောက်ဖို့၊ ဖန်တောက်ပုံဥဏ္ဏဂူကဲ့သို့၊ ဂုဏ်တဆူဒီပါကျော်တဲ့၊ ဆရာတော်မဟာဘုန်းငဲ့၊ ခွင်သုံးဖြာရာမညတွင်မှာ၊ ဆုံးကွယ်ပဇီဝိတံ။

ဓာတ်လေးထွေ သွေးလေသလိပ်ကယ်ကြောင့်၊ မှေးမှိတ်ကာဖြေမသာဘု၊ ဝေဒနာမခံချိလို့၊ ကံဝိပါကြမ္မာညှဉ်းသော်ကြောင့်၊ မာမြင်းအောင် မျှော်ခေါ်သည့်၊ သမားတော်ဇီဝကတွေသို့၊ လူ့ပြေတွင်ကုပေကြသော်လဲ၊ ဧကဝိသတာနှင့်၊ သောရီမှာသုညာဂဏန်းပ၊ ငုံပန်းခိုင် ခွာညိုဆင်တဲ့၊ ပြာသိုခွင်ခုနှစ်ရက်၏ညာဝက်မှာအခါမှန်သည့်၊ နာရီပြန်နှစ်ချက် မထိုးခင်ပ၊ ထက်မိုးဗွေပဟိန်၌ မေဃဝိန်သိကြားကျောင်းသို့၊ ဘဝဟောင်းကို မပျော်မွေ့သော်ကြောင့်၊ ပြောင်းစုတေ့ပြန်။

နုသိဿာ သိဿာတပည့်တို့၊ ရှုကြည့်ကာ မျက်ရည်သုတ်လို့၊ လက်အုပ်ချီကိုယ်စီဖူးကြ၊ ကလာပ်ကျန်၊ ဓာတ်မှန်နှင့်ကူးလိုက်တော့၊ စံမူးရေ ရွှေသိင်္ဂါနှင့်၊ စိန်ရတနာကြာညောင် စောင်းတွင်မှ၊ အညောင်းပြေ ခြေတော်လက်ကယ်တို့ လျောင်းစက်သည့်မူသဏ္ဌာန်၊ ရုပကံခွေနွမ်း။

သမာဓိန်ညာဏိန္ဒြေနှင့်၊ မဟာအစိန္တေ (သိန္တေကုသိံ) တွင်မှ၊ နီရောဓဇောလျှံချုပ်တော့၊ နုရုဒ္ဓါရှင်အာနန်နှင့်၊ သာဝကံပုထုဇာန်ရဟန်းသွေတို့၊ သင်္ကန်းထည်ကိုင် ဒုကုဋ်ကယ်နှင့်၊ လက်အုပ်ချီဆယ်စုံဖူးလေသို့၊ ပုံကူးကာဓာတ်မှာရိုက်လို့၊ စာတိုက်လွှာအညာထိပေးသောကြောင့်၊ ငိုကြွေးကာ ရှင်ရဟန်းနှင့်၊ ပင်ပန်းစွာ ဒကာဒကာမတို့၊ ကျေးရွာနေဝေးကွာလှသော်ကြောင့်၊ တွေးစာနာရှေး (ဘဂဝါ အရဟ) ကဲ့သို့၊ ဆွေးတလို့လွမ်း။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ပထဗျာ = မြေကြီး။

၂။ ဂီရိ = တောင်။

၃။ သူရကန် = နေမင်း။

၄။ ဥဏ္ဏဂူ = နေမင်း။

၅။ ဧကဝိသထာ = တစ်ထောင့်နှစ်ရာ။

၆။ သောရီမှာသုညာ = ခုနစ်ဂဏန်းနှင့် သုညဂဏန်း (၁၂၇၀ ဟုဆိုလိုသည်)။

၇။ မေဃဝိန် = သိကြားမင်း။

၈။ နုသိဿာ = ဆရာစဉ် တပည့်အဆက်ဆက်တို့။

၉။ သိန္နေကုသ် = ကုဿိန္နာရုံ အင်ကြင်းတော။

၁၀။ နိရောဓ = နိရောဓ၊ ချုပ်ငြိမ်းခြင်း။

၁၁။ ဘဂဝါအရဟ = ဘုရားရှင်။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။