ဓမ္မဝိလာသမထေရ်၊ သျှင်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

သျှင်ဓမ္မဝိလာသမထေရ် (၅၂ဝ ခန့်-၅၈ဝ ခန့်)[ပြင်ဆင်ရန်]

သျှင်ဓမ္မဝိလာသမထေရ်သည် မြန်မာပြည် အောက်ပိုင်း ဒလမြို့စီရင်စု၊ ပတိဗ္ဗဇေယျ (ပတိဗ္ဗတေယျ) ရွာ၌ ဖွားမြင်သည်။ ဘွဲ့မည်မှာ သျှင်သာရိပုတ္တရာဖြစ်၏။ သာမဏေဘဝမှပင် ပုဂံ နေပြည်တော်သို့ လာရောက်၍ သျှင်အာနန္ဒာမထေရ်ထံ၌ ခိုဝင်ကာ စာပေပရိယတ်များကို သင်ကြား ဆည်းပူးလေသည်။

သျှင်သာရိပုတ္တရာ၏ ဆရာဖြစ်သော သျှင်အာနန္ဒာမထေရ်ကား မြန်မာပြည်သား ရဟန်းတော်တစ်ပါး မဟုတ်ပေ။ သျှင်ဆပဋမထေရ်နှင့် သီဟိုဠ်ပြည် မှ လိုက်ပါလာပြီး ပုဂံနေပြည်တော်တွင် သီတင်းသုံးနေသော ဆရာတော်ဖြစ်သည်။ သာမဏေသျှင်သာရိပုတ္တရာသည် ထိုဆရာတော်အထံ၌ သင်ရိုးကျမ်းစာများကို သင်ကြားပြီးနောက် အသက် ၂ဝ-ပြည့်၍ ရဟန်းပြုသောအခါ၌ လည်း မိမိဆရာရင်းဖြစ်သော သျှင်အာနန္ဒာမထေရ်ကိုပင် ဥပဇ္ဈာယ်ပြု၍ ရဟန်းခံလေသည်။

သျှင်သာရိပုတ္တရာသည် ပါဠိဘာသာ သဒ္ဒါကျမ်းဂန်ုတို့၌ အထူးအားဖြင့် တတ်ကျွမ်း လိမ္မာတော်မူသည်။ ထို့ကြောင့်လည်း သဒ္ဒဝုတ္တိဋီကာနှင့် သမ္ဗန္ဓစိန္တာဋီကာကျမ်းတို့ကို ပါဠိဘာသာဖြင့် ရေးသားစီရင်တော်မူလေသည်။ နောင်အခါတွင် ပုဂံသားဖြစ်သော သျှင်အဘယမထေရ်က သမ္ဗန္ဓစိန္တာဋီကာကို ထပ်မံရေးသားပြန်သောကြောင့် သျှင်သာရိပုတ္တရာရေးသော ဋီကာမှာ ဋီကာဟောင်းဟူ၍ ပိဋကတ်သမိုင်းတွင် ထင်ရှားလေသည်။ ထိုကျမ်းများသည် မင်းလှူသော ဘွဲ့တံဆိပ် မရမီက ရေးသားဟန်တူပေသည်။ ထို့ကြောင့်လည်း ဓမ္မဝိလာသဟူသော အမည်က မထင်ရှားဘဲသျှင်သာရိပုတ္တရာဟူ၍သာ အသိများလေသည်။

သက္ကရာဇ် ၅၃၆-ခုနှစ်တွင် နရပတိစည်သူမင်းကြီးသည် ပုဂံပြည်၌ ထီးနန်းဆက်ခံ၍မင်းပြုသည်။ ထိုအခါ မင်းကြီးသည် သျှင်သာရိပုတ္တရာ၏ ကျော်စောသော စာပေ ဂုဏ်သတ္တိကို ကြားသိတော်မူသဖြင့် မှူးမတ်မင်းချင်းတိုအား ကျောင်းသို့ သွားရောက်၍ ဆရာတော်၏ စာပေအရည်အသွေးကို စုံစမ်းစေလေသည်။ မင်းချင်းတို့လည်း ဆရာတော်သီတင်းသုံးရာကျောင်း သို့ သွားရောက်ပြီး စာပေအရည်အသွေးကိုလည်းကောင်း၊ အဆင်းရူပကာယကိုလည်းကောင်း စုံစမ်းလေ့လာကြသည်။ ထိုသို့ လေ့လာပြီးနောက် မင်းချင်းတို့သည် မင်းကြီးအား အကြောင်းစုံကို လျှောက်တင်ကြသည်။

နရပတိစည်သူမင်းကြီးသည် သျှင်သာရိပုတ္တရာ၏ စာပေဂုဏ်သတ္တိကိုယုံကြည်တော် မူသဖြင့် များစွာသော ပူဇော်သက္ကာရတို့ကို ပြုတော်မူသည်။ ဆရာတော်အား ' ဓမ္မဝိလာသ 'ဟူသော ဘွဲတံဆိပ်တော်ကိုလည်း ပေးအပ်လှူဒါန်းလေသည်။ ထိုအခါမှစ၍ သျှင်သာရိပုတ္တရာသည် ဓမ္မဝိလာသဟူသော အမည်ဖြင့် ထင်ရှားလေသည်။

ပုဂံပြည့်ရှင် နရပတိစည်သူမင်းကြီးသည် ဆရာတော် သျှင်ဓမ္မဝိလာသမထေရ်အား အရှင်ဘုရား၊ ရာမညတိုင်း၌ သာသနာတော်ကို ထွန်းပပါစေဘုရား၊ ဟု လျှောက်ထားသည်။ ထို့ကြောင့် သျှင်ဓမ္မဝိလာသမထေရ်သည် မိမိဒေသဖြစ်သော ဒလမြို့သို့ ကြွရောက်၍ စာပေများကို ပို့သတော်မူရင်း ရာမညတိုင်း သာသနာကို ကျယ်ပြန့်စွာ ပြုစုတော်မူလေသည်။ ယနေ့ မြန်မာစာပေတွင် ထင်ရှားနေသော ' ဓမ္မဝိလာသဓမ္မသတ် ' သည် ဒလမြို့ရောက်မှပင် ရေးသားကြောင်း -

တံဆိပ်မည် ဓမ္မဝိလာသပုဂ္ဂိုလ်သူမြတ် ဒလမြို့တွင် သီတင်းသုံးနေစဉ် မနုရင်းဓမ္မသတ် ကိုမှီ၍ စီရင်သည့် ဓမ္မဝိလာသဓမ္မသတ်၊ - ဟူသော ကဝိလက္ခဏဒီပနီကျမ်းလာ စကားဖြင့် ထင်ရှားပေသည်။

မြန်မာစာညွန့်ပေါင်းကျမ်းတွင် ဓမ္မဝိလာသဓမ္မသတ်နှင့် ပတ်သက်၍ ကင်းဝန်မင်းကြီး၏ အဆိုအမိန့်ကို ဤသို့ ဖော်ပြထားသည်။

ကင်းဝန်မင်းကြီး စီရင်သော ဓမ္မသတ်ပေါင်းချုပ်အရ ဓမ္မဝိလာသဓမ္မသတ်သည်

သက္ကရာဇ် ၄၅၅-ခုနှစ်၌ ရေးသည်ဖြစ်သောကြောင့် ထိုကျမ်းသည် မြန်မာသက္ကရာဇ် ၄၅၅- ခု နန်းတက်တော်မူသော အလောင်းစည်သူမင်း လက်ထက်၌ ရေးသည် ဆိုသင့်သည်။ ထို ဓမ္မသတ်သည် ယခုတွေ့ရှိရသော မြန်မာစကားပြင် ကျမ်းတို့တွင် ရှေးအကျဆုံး ကျမ်းစာ

ဖြစ်သတည်း။

သျှင်ဓမ္မဝိလာသ အကြောင့်နှင့် ပတ်သက်၍ ကလျာဏီကျောက်စာတို့တွင် အလောင်းစည်သူမင်း လက်ထက်ဟူ၍ မပါရှိပေ။ သျှင်ဓမ္မဝိလာသမထေရ်၏ ဆရာဖြစ်သော သျှင်အာနန္ဒာမထေရ်သည်ပင် အလောင်းစည်သူမင်းလက်ထက်၌ ပုဂံနေပြည်တော်သို့ မရောက်လာသေးပေ။ သက္ကရာဇ် ၅၄၃-ခုနှစ်တွင် သျှင်ဆပဋမထေရ်နှင့် အတူပါလာရာ ၄၅၅-ခုတွင် နန်းတက်သောအလောင်းစည်သူမင်းလက်ထက်နှင့်ဆိုလျှင် နှစ်ပေါင်းများစွာ ကွာခြားနေပေသည်။ ထို့ကြောင့် ကလျာဏီကျောက်စာ၊ ကဝိလက္ခဏဒီပနီ၊ ပိဋကတ်သမိုင်းစာတမ်းစသည်တို့၏ အလိုကို လိုက်၍ရေးသားရခြင်း ဖြစ်ပေသည်။

မှော်ဘီဆရာသိန်း၏ ရှေးဖြစ်စာတမ်း အဆိုအရလည်း ဓမ္မဝိလာသဘွဲ့ရ သျှင်သာရိပုတ္တရာကို ' သျှင်ဆပဒ ' ဟုလည်းခေါ်တွင်ကြောင်း ရေးသားထားပြန်ပါသည်။ ထိုအဆိုမှာ သီဟိုဠ်ပြန် သျှင်သဒ္ဓမ္မဇောတိပါလဘွဲ့ခံ ပုသိမ်မြို့ကျေး ဆပဋရွာသား ဖြစ်သော သျှင်ဆပဋနှင့်အရေးအမှတ်မှားဟန် တူပါသည်။

ဓမ္မဝိလာသဘွဲ့တံဆိပ်တော်ရ သျှင်သာရိပုတ္တရာ အရှင်မြတ်၏ စုတိသောသက္ကရာဇ်စသည်တို့ကို အမှတ်အသား မတွေ့ရဘဲရှိပေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) ကလျာဏီကျောက်စာနိသျ၊ ကဝိလက္ခဏဒီပနီကျမ်း၊ ကဗျာကြေးမုံ ပိဋကတ်ကြေးမုံကျမ်း၊ ပေဖူးလွှာ၊ မြန်မာစာညွန့်ပေါင်းကျမ်း-ပထမတွဲ၊ ပိဋကတ်သမိုင်းစာတမ်း၊ ရှေးဖြစ်စာတမ်း၊