ဓညဝတီမြို့ဟောင်း

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

ဓညဝတီမြို့ဟောင်းသည် ရခိုင်လူမျိုးတို့၏ ခေတ်လေးခေတ်တွင် ပထမဆုံးခေတ်ဖြစ်သော ဓညဝတီခေတ် မြို့တော်ဖြစ်သည်။ မြို့တော်ကို ယနေ့တိုင် ထင်ထင်ရှားရှားမြင်နိုင်သေးသည်။

တည်နေရာ[ပြင်ဆင်ရန်]

ဓညဝတီမြို့ဟောင်းသည် ရခိုင်ပြည်နယ် ကျောက်တော်မြို့ အရှေ့ဘက် ၆ မိုင်အကွာ သရီကျောင်းလက်ယာဘက် အရှေ့လောင်ဂျီကျူး ၉၃° ၃ နှင့် မြောက်လတ္တီကျူ ၂၀° ၅၂ ဆုံရာတွင် တည်ရှိသည်။

ပုံသဏ္ဌာန်[ပြင်ဆင်ရန်]

ဓညဝတီမြို့ဟောင်း ပုံသဏ္ဌာန်မှာ စက်ဝိုင်းပျက် ပုံသဏ္ဌာန်ဖြစ်ပြီး မြို့ရိုးသုံးထပ်ရှိသည်။ ဧရိယာ ၂ စတုရန်းမိုင်မျှ ရှိသည်။ အပြင်ဘက်မြို့ရိုး တစ်ထပ်၊ နန်းမြို့ရိုး နှစ်ထပ် ဖြစ်သည်။ အပြင်ဘက်မြို့ရိုးသည် တောင်မြောက် ပေ ၈၉၀၀၊ ရှေ့နောက် ပေ ၇၆၀၀ ကျယ်ဝန်းသည်။ နန်းမြို့ရိုးသည် ရှေ့နောက် ပေ ၂၁၀၀၊ တောင်မြောက် ပေ ၁၇၀၀ ကျယ်ဝန်းသည်။ ဓညဝတီ နန်းတော်ကို ပေ ၇၀ ခန့်ရှိသော ရေကျုံးများဖြင့် ဝန်းရံထားသည်။ နန်းမြို့ရိုးများကို အုတ်ဖြင့် တည်ဆောက်ထားသည်။ နန်းမြို့တံခါးများမှာ အထဲသို့ကွေ့ဝင်သွားသည့် ပုံစံဖြစ်သည်။ နန်းမြို့ရိုး အနောက်တောင်ထောင့်တွင် မြောက်ဦးခေတ်လက်ရာ ဂူစေတီတစ်ဆူ ပြိုကျလျက်ရှိသည်။ မြို့၏အရှေ့ဖက်တွင် တောင်တန်းကြီးရှိပြီး အနောက်ဘက်တွင် သီရိမာနဒီခေါ် သရေကျောင်းရှိပြီး သဘာဝအရံအတား အဖြစ် ရပ်တည်နေသည်။

ရာဇဝင်[ပြင်ဆင်ရန်]

ရာဇဝင်များအရ ဤမြို့တော်သည် မာရယုမင်း စတင် တည်ထောင်ခဲ့သည်။ မာရယုမင်းဆက်များ ပျက်သုဉ်းပြီးနောက် တကောင်းမှ ရောက်လာသော ကံရာဇာကြီးသည် မြို့တော်ကို ပြန်လည်တည်ထောင်ခဲ့သည်။ ကံရာဇာကြီး မှ ၂၈ ဆက်မြောက် စန္ဒသူရိယဘုရင်သည် မြို့တော်ကို ပြန်လည်ပြုပြင်ခဲ့သည်။ ထိုမင်းလက်ထက်တွင် ဘုရားရှင် ကြွရောက်လာပြီး မဟာမုနိဘုရားအား သွန်းလုပ်ကိုးကွယ်ခဲ့သည်။ ၆ ဆက်မြောက် သူရိယစက္ကမင်း လက်ထက်တွင် အာသောကမင်းကြီး၏ ဆန္ဒတော်အရ မဟာရေဝတမထေရ်သည် ဓာတ်တော်များဖြင့် ရခိုင်ပြည်သို့ ကြွချီလာခဲ့သည်။ ရခိုင်ပြည်အနှံ့ စေတီများ ကိုးကွယ်ခဲ့သည်။ စန္ဒသူရိယမင်းမှစ၍ ဆက်လက်စိုးစံသောမင်းများသည် သူရိယ အမည်ကိုဆက်လက်ယူကြသောကြောင့် သူရိယ မင်းဆက်ဟု ခေါ်သည်။ ထိုမင်းဆက်မှ ၁၄ ဆက်မြောက် သူရိယကုလမင်း လှူသော စကြာမုနိဘုရားမှာ စစ်တွေမြို့ လောကာနန္ဒာဘုရားတွင် ရှိလေသည်။

စာပေ[ပြင်ဆင်ရန်]

ဓညဝတီခေတ်တွင် ရေးထိုးခဲ့သော ထောင်ပေါက်ကြီးကျောက်စာသည် ဗြဟ္မီ အက္ခရာကို သုံးထားပြီး ရခိုင်ပြည်သို့ ဘုရားကြွချီတော်မူလာသည့်အကြောင်း ရေးထိုးထားသည်။ သူရိယစက္ကမင်း ရေးထိုးခဲ့သည်ဟု ခန့်မှန်းကြသည်။ ယခုအခါ ပျက်စီးပျောက်ဆုံးသွားပြီ ဖြစ်သည်။

ဝေသာလီမြို့ဟောင်း အရှေ့ဘက် ၃ မိုင်ခန့်တွင် အုတ်စေတီပျက်တစ်ဆူမှ ဘုရားဝမ်းပူ ဆင်းတု နောက်တွင် ဗြဟ္မီအက္ခရာဖြင့် သစ္စကပရိဗာကဇိန ဟုရေးသားထားသည်။ ဗြဟ္မီအက္ခရာ ဖြင့်ရေးထား၍ ဝေသာလီခေတ်လက်ရာ မဟုတ်ဘဲ ဓညဝတီခေတ်လက်ရာဟု ဆုံးဖြတ်ထားသည်။

မဟာမုနိဘုရား[ပြင်ဆင်ရန်]

မဟာမုနိဘုရားသည် နန်းမြို့၏ အရှေ့မြောက် အရပ်တွင် တည်ရှိသည်။ အဆင့် ၃ ဆင့် ပြုထားသည်။ မဟာမုနိကုန်းတော်ထက်တွင် ဝေသာလီခေတ် လက်ရာရုပ်တုများ ရှိသည်။ ကျောက်ဖြင့် ထုဆစ်ထားသည်။ နဂါးမရုပ်တု၊ နဂါးဘုရင်ရုပ်တု၊ ကိန္နရီ၊ ကိန္နရာ စသည့် ရုပ်တုများ စုစုပေါင်း ၂၀ ခု ရှိသည်။ ရုပ်တုတစ်ခုတွင် ကျောက်စာရေးထိုးပါရှိကာ ယက္ခသေနပတိပနာဒ သာဖတ်ရှု၍ ရနိုင်တော့သည်။ လက်ရေးလက်သားအရ အေဒီ ၄ရာစု နှင့် ၅ ရာစု အတွင်း ရေးခဲ့သည်ဟု ခန့်မှန်းကြသည်။

ရုပ်တုများ[ပြင်ဆင်ရန်]

၁၉၂၃ ခု ကျောက်တော်တောင်ခြေ ဆင်မကျပ်အရပ်တွင် ဓမ္မစကြာတရား ဟောဟန်ရုပ်ကြွ၊ စန္ဒသူရိယဘုရင်နှင့် မြတ်စွာဘုရားရုပ်တုတို့ကို တူးဖော်တွေ့ရှိခဲ့သည်။ ၁၉၇၃ခုနှစ်တွင် ထိုအရပ်မှပင် ရုပ်တုငါးခု ထပ်မံတွေ့ရှိပြန်သည်။ ကျောက်ဆစ်ရုပ်တုများသည် အရွယ်အစား ကြီးကြီးမားမားမတွေ့ရဘဲ အလျား၂ ပေကျော် ၃ ပေခန့်၊ အနံ၁ ပေကျော် ၂ ပေခန့်၊ ထု ၆ လက်မ ၈ လက်မခန့်သာ တွေ့ရသည်။ လက်ရာနှင့် စိတ်ကူးမှာ အထူးပြောင်မြောက်ကြသည်။ ကာလကို အေဒီ ၁ ရာစုနှင့် ၂ ရာစု ဟု ခန့်မှန်းကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တတိယဓညဝတီမြို့တော်
  2. မြောက်ဦးလမ်းညွန်