ဒေးဗစ် အေဘယ်လ်

ဝီကီပီးဒီးယား မှ

ဒေးဗစ် အေဘယ်လ် အင်္ဂလိပ်: David Oliver Abel (၁၉၃၅ ဖေဖော်ဝါရီ ၂၈ - ၂၀၁၉ ဇန်နဝါရီ ၂ဝ) သည် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)အစိုးရအဖွဲ့တွင် ကုန်သွယ်ရေးဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးများအဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီလက်ထက်တွင်လည်း ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးအဖြစ်လည်း တာဝန်ယူခဲ့သူဖြစ်ကာ[၁] ဗိုလ်မှူးချုပ်ဖြစ် အငြိမ်းစားယူခဲ့သူဖြစ်သည်။ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC) ကို ၁၉၇၇ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး ၁၉၉၀ ခုနှစ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံ စီးပွားရေး ဦးပိုင် လီမီတက် (UMEHL) ကို စစ်မှုထမ်းများ သက်သာချောင်ချိရေး အတွက် နိုင်ငံတော်ဘဏ္ဍာကျပ်ငွေ ၁၀ ဘီလီယံအသုံးပြု မတည် တည်ထောင်ခဲ့သည်။ ဗိုလ်မှူးချုပ်ဟောင်း အေဘယ်လ်သည် နိုင်ငံတော်သမ္မတ ဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီးစန်းယု၏ ကိုယ်ရေးအရာရှိဖြစ်ခဲ့သလို ခြေလျပ်တပ်ရင်းများတွင်လည်း ဒုတိယ ဗိုလ်မှူးကြီးရာထူးနှင့် တာဝန်ထမ်းဆောင်ခဲ့သည်။

ငယ်ဘဝနှင့်ပညာရေး[ပြင်ဆင်ရန်]

၁၉၃၅ ခု၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အိန္ဒိယ-ဂျူး သွေးနှော မီးရထားအင်ဂျင်နီယာ အဲဖရတ် အေဘယ်လ် (Alfred. T. Abel) နှင့် အထက်တန်းပြဆရာမ ဒေါ်ချိုင်တို့မှ အင်းစိန်၌ မွေးသည်။ အဲလက် အေဘယ်လ် (Alexander Abel) ဟူသော မွေးချင်းတယောက်ရှိသည်။

၁၉၅၁ ခုတွင် မေမြို့ စိန့်အဲလဘတ် ကတ်သလစ်သာသနာပြုကျောင်းမှ အထက်တန်းအောင်သည်။ မန္တလေးကောလိပ်၌ ဆေးပညာသင်စဉ် အထက်မြန်မာပြည်၌ ဆူပူသောကြောင့် ကျောင်းများပိတ်လေရာ ကျောင်းမပြီးလိုက်။

စစ်မှုထမ်းဘဝ[ပြင်ဆင်ရန်]

၁၉၅၃-၅၆ ကာလတွင် ဗြိတိန်နိုင်ငံ ဆင်းဟာ့ တော်ဝင်စစ်တက္ကသိုလ်တက်ကာ ဘောဂဗဒဖြင့် ဘွဲ့ရသည်။ မြန်မာပြည် ပြန်လာသည့်နောက် ဗိုလ်ချုပ် စန်းယု၏ ကိုယ်ရေးအရာရှိအဖြစ် စတင်အမှုထမ်းသည်။ ခြေလျင်တပ်ရင်းများတွင် ဗိုလ်မှူးကြီးရာထူးအထိ တာဝန်ထမ်းသည်။

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နအဖ) မှ အာဏာသိမ်းသည့်နောက် ဗမာမဟုတ်သော တဦးတည်းသော လူမျိုးခြားအဖွဲ့ဝင် ဖြစ်လာသည်။ ၁၉၉၁ ခုအထိ စက်လက်နက်ပစ္စည်းဝယ်ယူရေး (ကကဝယ်) ညွှန်ကြားရေးမှူး ဖြစ်သည်။

၁၉၈၉-၉၂ ကာလတွင် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့်စီးပွားရေးတိုးတက်မှုဝန်ကြီးဌာနတို့၏ ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ) ဥက္ကဋ္ဌရုံး၏ ဝန်ကြီးလည်း ဖြစ်သည်။

အခြားလုပ်ငန်း ၁၂ ခုတွင် ရှယ်ယာသွင်းကာ ၁၉၉၀ ခု၌ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့်ကို နိုင်ငံဘဏ္ဍာငွေ ကျပ် သန်း ၁၀,၀၀၀ ဖြင့် တည်ထောင်သည်။

၁၉၉၇ ခု၊ အာရှစီးပွားပျက်ကပ်နောက်ပိုင်း သူ၏ စီးပွားရေးမူဝါဒကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က သဘောမတွေ့တော့သောကြောင့် ၂၀၀၃ ခု၊ ဩဂုတ်လ ၅ ရက်တွင် ဗိုလ်မှူးချုပ်အဆင့်ဖြင့် တပ်မတော်မှ အနားယူရသည်။

မိသားစုဘဝ[ပြင်ဆင်ရန်]

ဗိုလ်မှူး ခင်သိန်းမူနှင့် လက်ထပ်သည်။ သားသမီးများမှာ

  • အော်ရီဒူးမြန်မာ ဒါရိုက်တာ ကျော်သီဟ (Denzil Abel) နှင့်
  • ချိုချိုခိုင် တို့ ဖြစ်ကြသည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၂၀၁၉ ခု၊ ဇန်နဝါရီလ ၂၀ ရက်တွင် နှလုံးဖောက်၍ ကွယ်လွန်သည်။ ဇန်နဝါရီ ၂၂ ရက်တွင် ရေဝေး ခရစ်ယာန်ဂိုဏ်းပေါင်းစုံဥယျာဉ်တော်၌ သင်္ဂြိုဟ်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]