ထွန်းမြင့်ထွန်း

ဝီကီပီးဒီးယား မှ

ဒါရိုက်တာ ထွန်းမြင့်ထွန်း (၁၅ အောက်တိုဘာ ၁၉၂၇–၁၁ ဖေဖော်ဝါရီ ၁၉၈၉) သည် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရ ဒါရိုက်တာ ဖြစ်သည်။ အဖ ဦးဘမောင်၊ အမိ ဒေါ်အမာတို့က ၁၉၂၇ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ ဦးထွန်းမြင့် ဖြစ်သည်။ ဇနီးသည်မှာ ဒေါ်တင်ရီဖြစ်ပြီး သားသမီး ၅ ဦး ထွန်းကားခဲ့သည်။ သားသမီးများအနက် သမီးကြီး ခင်လေးသိမ့်မှာ ရုပ်ရှင်ဇာတ်ညွှန်းရေးသူအဖြစ်လည်းကောင်း၊ တတိယမြောက်သမီး ခင်သီတာထွန်းမှာ ရုပ်ရှင်မင်းသမီးအဖြစ်လည်းကောင်း ထင်ရှားသည်။ ဒါရိုက်တာ ထွန်းမြင့်ထွန်း၏မျိုးဆက်ဖြစ်သော မြေး ကြည်ဖြူသျှင် (အကယ်ဒမီ ခင်လေးသိမ့်၏သမီး)သည် ရုပ်ရှင် ဗွီဒီယို ဒါရိုက်တာအဖြစ် ဆောင်ရွက်လျက်ရှိသည်။

ထွန်းမြင့်ထွန်းသည် ဒါရိုက်တာ ဦးလှမင်း၏ အေသုံးလုံးရုပ်ရှင်ကုမ္ပဏီမှ ရိုက်ကူးသည့် တွေ့ဆုံသည့်တိုင် ဇာတ်ကားကို ထုတ်လုပ်သူအဖြစ် တာဝန်ယူလုပ်ကိုင်ရာမှ ရုပ်ရှင်လောကသို့ ဝင်ရောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် တော်ဝင်ထွန်းရုပ်ရှင်ကုမ္ပဏီကို တည်ထောင်ပြီး ဒါရိုက်တာအဖြစ် ကိုလှတင်ကို ဆောင်ရွက်စေလျက် မေ့အတွက်မောင့်သဲ ဇာတ်ကားကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။ ၁၉၆၂ ခုနှစ်တွင် နှောင်း ဇာတ်ကားကို သရုပ်ဆောင် ဒါရိုက်တာ ထွန်းလွင် အမည်ဖြင့် ပါဝင်သရုပ်ဆောင်ရိုက်ကူးခဲ့သည်။ ထို့နောက် ဒါရိုက်တာ၊ ထုတ်လုပ်သူအဖြစ် ရုပ်ရှင်ဇာတ်ကားများစွာကို ရိုက်ကူးထုတ်လုပ်ခဲ့သည်။ သမီးဖြစ်သူ သုံးထပ်ဆင့် အကယ်ဒမီ ခင်သီတာထွန်းနှင့်တကွ အကယ်ဒမီ မြင့်နိုင်၊ အကယ်ဒမီ ထွန်းထွန်းနိုင်၊ ပြုံးမောင်မောင်၊ အကယ်ဒမီ ခိုင်ခင်ဦး၊ ဝင်းဝင်းမော်၊ အကယ်ဒမီ ရန်အောင် အစရှိသည့် ရုပ်ရှင်သရုပ်ဆောင်များကို ပြုစုပျိုးထောင်ပေးခဲ့သည်။

ထွန်းမြင့်ထွန်းသည် ဣတ္ထိယခေါ် မိန်းမတို့သည် ဇာတ်ကားဖြင့် ၁၉၈၃ ခုနှစ်အတွက် ဒါရိုက်တာဆု ဆွတ်ခူးရရှိခဲ့သည်။ ယင်းဇာတ်ကားဖြင့်ပင် သမီးဖြစ်သူ ခင်သီတာထွန်းသည် ဒုတိယအကြိမ်မြောက် အမျိုးသမီးဇာတ်ဆောင်ဆု ရရှိခဲ့သည်။

ဒါရိုက်တာ အကယ်ဒမီ ထွန်းမြင့်ထွန်းသည် ရုပ်ရှင်လုပ်ငန်းများ လုပ်ဆောင်ရင်း ၁၉၈၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်းနှစ်ချုပ်။ စာပေဗိမာန်၊ ၁၉၉၀။