ထွဋ်ခေါင်ဆရာတော်
ဤဆောင်းပါးကို ထွဋ်ခေါင်ဆရာတော်ဘုရားကြီး အရှင်ဉာဏဝန္တ နှင့် ပေါင်းစပ်ရန် အကြံပြုထားပါသည်။ (ဆွေးနွေးရန်) |
ထွဋ်ခေါင်ဆရာတော်
[ပြင်ဆင်ရန်]ထွဋ်ခေါင်ဆရာတော် (၁၇၉၉-၁၈၈ဝ) သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့အနီး၊ မြင်းကုန်းရွာ၌၊ လယ်ရှင်ဖြစ်သော ဦးလူကြီး၊ ဒေါ်မေတို့မှ သက္ကရာဇ် ၁၁၆ဝ ပြည့်နှစ် တပေါင်းလပြည့် (19 March 1799) အင်္ဂါနေ့ နံနက်တွင် ဖွားမြင်သည်။ ငယ်မည်မှာ မောင်စိုဟုတွင်၏။ သက္ကရာဇ် ၁၁၇၃ (1811/1812) ခုနှစ် မောင်စို၏အသက် ၁၃ နှစ်အရွယ်တွင်၊ အင်းဝမြို့မှ မန်ကျည်းတော ဆရာတော် ကြွတော်မူလာ၍၊ လေးမျက်နှာမြို့နယ် ငါးတရော် ကျွဲခေါင်းကျောင်း၌ ခေတ္တ သီတင်းသုံးနေတော်မူခိုက်ဝယ်၊ ထိုဆရာတော်ကြီးအထံ၌ သာမဏေရ ပဗဇ္ဇမင်္ဂလာကို ခံယူလေသည်။ ရှင်သာမဏေဘွဲ့မှာ ဉာဏဝံသဖြစ်သည်။
မန်ကျည်းတောဆရာတော် အင်းဝသို့ ပြန်ကြွတော်မူသော အခါ၊ ရှင်ဉာဏဝံသသည် ဥပဇ္ဈာယ်ဆရာမြတ်နှင့်အတူ စာပေ သင်ကြားလိုသောကြောင့်၊ အင်းဝသို့ လိုက်ပါသွားလေသည်။ ရှင်ဉာဏဝံသသည် စာပေကို အထူး ကြိုးစားသင်ကြားရာ၌၊ ရှင်သာမဏေဖြစ်လျက် သင်ရိုးစာပေများကို ပေါက်ရောက်၍၊ ကြည်ညိုဖွယ်ရှိလောက်အောင် ကိုယ်နှုတ်တည်ငြိမ် အိန္ဒြိယ သံဝရ သီလနှင့် ပြည့်စုံလေသည်။ ထိုကြောင့် နောင်အခါတွင် ဘကြီးတော်မင်းဟု ထင်ရှားလတ္တံ့သော ဘိုးတော်ဗဒုံမင်းတရား၏ မြေးတော်၊ အိမ်ရှေ့မင်း၏ မိဖုရားက ပစ္စည်း ၄ ပါးတို့ဖြင့် ထောက်ပံ့ချီးမြှင့်ခြင်းကို ခံယူရလေသည်။
ထိုနောက် ဘိုးတော်မင်းတရားလက်ထက် သက္ကရာဇ် ၁၁၈ဝ (1818/1819) ပြည့်နှစ်၌ ရှင်ဉာဏဝံသသည် သာမဏေအဖြစ်နှင့် ပင်လျှင်၊ သုဓမ္မာ ပထမပြန်ပွဲကြီး၌ ပထမကျော်အောင်မြင်လေသည်။ ထိုအခါတွင် မိဖုရားကြီးက ရှင်ဉာဏဝံသ၏ ဆွေမျိုးသားချင်းတို့ကို နေပြည်တော်သို့ခေါ်ယူကာ၊ ချမ်းသာအောင် ချီးမြှောက်ထောက်မ ထားခဲ့လေသည်။
မိဖုရားခေါင်ကြီးသည်ပင် ပဉ္စင်းဒါယိကာမပြု၍ ပစ္စည်းပရိက္ခရာတို့ဖြင့် လှူဒါန်းကာ၊ မန်ကျည်းတောဆရာတော်က ဥပဇ္ဈာယ်ဆရာအဖြစ်ဖြင့် ချီးမြှောက်တော်မူအပ်သောကြောင့် မန်ကျည်းတောကျောင်းတိုက်၌ပင်လျှင် ရှင်ဉာဏဝံသသည် ၁၁၈၁ (1819/1820) ခုနှစ်၌ ရဟန်းမြတ်အဖြစ်သို့ ကူးမြာက်လေသည်။
ရဟန်းအဖြစ်သို့ ရောက်ပြီးသည့်နောက် ရှစ်ဝါပတ်လုံး ပရိယတ္တိသာသနာ ဂန္ထဓူရကို ဆက်လက်အားသွန် ဆောင် ရွက်တော်မူ၍ မန်ကျည်းတောဆရာတော်ကြီးထံမှ နည်းနိသျ ယူတော်မူပြီးလျှင်၊ ၁၁၈၈ (1826/1827) ခုနှစ်တွင် မင်းဝံတောင်၏ အနောက် တောင်ခြေ၌တည်ရှိသော စည်းခုံစေတီတော်ကြီး၏ အနီးသို့ ကြွရောက် တောရဆောက်တည်တော်မူသည်။ ထိုနောက် မကြာမီ မင်းဝံတောင်ရိုးပေါ်၌တည်ရှိသော ရတနာထွဋ်ခေါင်စေတီတော်မြတ်အနီးသို့ ကြွရောက်ရွှေ့ပြောင်း သီတင်းသုံးတော်မူလေသည်။ ထိုသို့ ရတနာထွဋ်ခေါင်စေတီတော်အနီး၌ သီတင်းသုံးနေတော်မူသည်မှစ၍ ရတနာထွဋ်ခေါင်ဆရာတော်၊ အလွယ်အားဖြင့် ထွဋ်ခေါင်ဆရာတော်ဟူ၍ ခေါ်ဝေါ်ကြလေသည်။
ထွဋ်ခေါင်ဆရာတော်သည် ထွဋ်ခေါင်တောရကျောင်းမှအနောက်မြောက် မြန်မာ ၂ တိုင်ခန့်ကွာသော မြင်းမွေးတောရကျောင်း၌၎င်း၊ လက်လုပ်တောရ၊ ပေါက်တောကန်တောရ၊ ပဲက တိုးတောရကျောင်းများ၌၎င်း လှည့်၍ သီတင်းသုံးတော်မူလေသည်။ ယင်းသို့လျှင် ထွဋ်ခေါင်ဆရာတော်သည် ရဟန်းသိက္ခာတော် ရှစ်ဝါမှစ၍ အရညကင် တောခိုဝင်အောင်းလျက် ဧက စာရီသီတင်းသုံးတော်မူခဲ့ရာ၊ ပုဂံမင်းလက်ထက် သက္ကရာဇ် ၁၂ဝ၈ (1846/1847) ခုနှစ်၌ ပုဂံမင်းညီတော်များဖြစ်သော မင်းတုန်းမြို့စား၊ ကနောင်မြို့စား မင်းညီမင်းသား ညီနောင်တို့သည် ရွှေဘိုသို့ထွက်ကြရာတွင် ထွဋ်ခေါင်ဆရာတော်ကို ဖူးမြော် တရားတော်ကို နာကြားရသဖြင့် သဒ္ဓါတရား ဖြစ်ပေါ်ကာ၊ တောချုံပုပ္ပေါင်းထူထပ်၍ လူသွားလူလာ နည်းပါးသော ဆင်မချောင်ဌာန၌ ညီနောင်နှစ်ဦးတို့သည် ကျောက်တုံးကျောက်ခဲများကို ကိုယ်တိုင် ထမ်းပိုးရှင်းလင်း သုတ်သင်ပြီးလျှင်၊ နောင်တော်က ဘုံသုံးဆင့် နှင့် ကျောင်းမကို၎င်း၊ ညီတော်က စင်္ကြန်ကျောင်းကို၎င်း ဆောက်လုပ်လှူဒါန်းကြ၏။ ဆင်မချောင်ခေါ်သည်မှာ ထိုဌာန၌ တောင်ကြီးနှစ်ခုတို့အကြားရှိ၊ တောချုံသစ်ပင်များ ထူထပ်စွာ ပေါက်ရောက်လျက်ရှိသော ရှိုမြောင်ကြီးအတွင်း ဘုရင့်ဆင်မများကို လွှတ်ကျောင်းသောကြောင့် ဖြစ်သည်ဟု ဆိုလေသည်။
၁၂၁၄ (1853) ခုနှစ်တွင် မင်းတုန်းမင်းတရားကြီး အထွတ်အမြတ် သို့ ရောက်တော်မူပြီးသောအခါ၊ ထွဋ်ခေါင်ဆရာတော်အား ရွှေနန်းတော်သို့ပင့်၍၊ ရာဇာဂုရုခတ်နှိပ်သော မင်းဆရာတံဆိပ်တော်ကို လှူဒါန်းရာ၊ 'ဤတံဆိပ်တုံးသည် အသုံးမကျချေ။ ငါသေလျှင် တံဆိပ်တုံးကြီးကို ခေါင်းအုံးနံဘေးချထားမည်ကို ငါရှက်နိုးလှသည်'ဟု ပယ်တော်မူ၍၊ ကျောင်းသို့ပြန်ကြွလာခဲ့သည်ဟူ၏။ သို့လင့်ကစား မင်းတုန်းမင်းတရားကြီးသည် သဒ္ဓါဟုန် တိုးကြွ၊ အလွန်လျှင်မြတ်နိုး ကြည်ညိုတော်မူလှ သည်နှင့် ပစ္စည်းလေးပါးအလို့ငှာ ဝတ်မိုးဝတ်မြေများကို လှူတော်မူသည်။ ဆင်မချောင်ကိုလည်း ဓမ္မိကချောင်ဟု ကမ္ပည်း စိုက်ထူပြီးလျှင်၊ အခိုင်အမာ ပြုပြင်လှူဒါန်းလေသည်။ ဘုရင် မင်းမြတ်သာလျှင်မဟုတ်၊ မင်းမိဖုရား၊ မှူးမတ်ကြီးငယ်တို့သည်လည်း ကြည်ညိုဆည်းကပ်၍၊ ဆောက်လုပ်လှူဒါန်းအပ်သော အဆောက်အဦတို့ကား များလှစွာ၏။
ဓမ္မိကချောင်၌ ဝိပဿနာ ဓူရာဝဟဖြစ်ကုန်သော ပဋိပတ္တိ သာသနဝန်ထမ်း ရဟန်းသံဃာတော် သုံးရာ ကျော်ရှိသည့်ပြင်၊ လူသူလေးပါးတို့နှင့် ရောပြွမ်းထွေးရှက် ဝင်ထွက် သွားလာခြင်း တို့ဖြင့် ဝိဝေက မရလောက်အောင် စည်ကားပြည့်သိပ်လာသည်ဖြစ်၍၊ ထွဋ်ခေါင်ဆရာတော်သည် ဝါလနီးတိုင်း ဓမ္မိကချောင်မှ မြောက် မြန်မာ ၆ တိုင်ဝေးကွာသော မင်းကွန်း ရွှေမြင်တင်တောင်သို့ ကြွရောက်၍ ဝါကပ်တော်မူလေသည်။
ယင်းသို့လျှင် မင်းတရားကြီးနှင့်တကွ နန်းသူနန်းသား တို့မှစ၍ တိုင်းသူပြည်သားဒါယကာ၊ ဒါယိကာမတို့သည် ပစ္စည်းလေးပါးဖြင့် ထောက်ပံ့လှူဒါန်းလျက်၊ ရွှန်းရွှန်းတောက် ပြည့်ဝချမ်းသာ ဘုန်းကံကြီးမားတော်မူစွာနှင့် ဝိပဿနာဓူရကို ထမ်းဆောင်တော်မူခဲ့ရာ၊ သက်တော် ၈၁ နှစ် ရဟန်းသိက္ခာ ဝါတော် ၆၁ ဝါရ၊ သက္ကရာဇ် ၁၂၄၂ ခုနှစ် ပထမဝါဆိုလဆန်း ၁ ရက်နေ့ (8 June 1880) နံနက် မြန်မာတချက်တီးအချိန်တွင် ခန္ဓာကမ္မဇရုပ် ချုပ်ငြိမ်းကာ ဘဝပြောင်းတော်မူလေသည်။
ထွဋ်ခေါင်ဆရာတော်သည် ပါမောဇ္ဇကျမ်းပေါင်း ၁၃ ကျမ်း ရေးသားတော်မူခဲ့သော်လည်း၊ ပြန်လွန်တော်မူသောအခါ အချို့ကျမ်းများ ပျောက်ဆုံးကုန်သဖြင့်၊ (၁) ရာဇပါမောဇ္ဇကျမ်း (မင်းတုန်းမင်းတရားကြီး တောင်းပန်လျှောက်ထား၍ ရေးသား စီရင်သည်။) (၂) ဓမ္မပါမောဇ္ဇကျမ်း၊ (၃) ပကိဏ္ဏက ပါမောဇ္ဇကျမ်း၊ (၄) ပီတိ ပါမောဇ္ဇကျမ်း၊ (၅) သံဝေဂ ပါမောဇ္ဇကျမ်း၊ (၆) အဇ္ဈာသယ ပါမောဇ္ဇကျမ်း၊ (၇) သမန္တပါမောဇ္ဇကျမ်း၊ (၈) သာဓုဇန ပါမောဇ္ဇကျမ်းတို့သာ ယခုထင်ရှားရှိတော့၏။ ရှင်လူ အများတို့သည်ကား ကမ္မဋ္ဌာန်း လင်္ကာမျှလောက်ကိုသာ သိကြလေသည်။ ဆရာတော်များ[၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၅)