ထွဋ်ခေါင်ဆရာတော်ဘုရားကြီး အရှင်ဉာဏဝန္တ

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်

ထွဋ်ခေါင်ဆရာတော်ဘုရားကြီး အရှင်ဉာဏဝန္တ(ကောဇာသက္ကရာဇ် ၁၁၆၀ ~ ၁၂၄၂)[ပြင်ဆင်ရန်]

ထွဋ်ခေါင်ဆရာတော် အလောင်းအလျာအား ဟင်္သာတမြို့နယ်၊ လေးမျက်နှာမြို့အနီး မြင်းကကုန်းရွာတွင် အဖ ဦးလူကြီး၊ အမိ ဒေါ်မေတို့မှ ၁၁၆၀ ပြည့်နှစ် တပေါင်းလပြည့် အင်္ဂါနေ့ နေတက်ချိန်၌ မီးရှုးသန့်စင် ဖွားမြင်ခဲ့၏။ ငယ်အမည်မှာ မောင်စို ဖြစ်၏။ သားချင်းမှာ အစ်မ မငွေ တစ်ဦးသာ ရှိ၏။

မောင်စို ၁၃နှစ် အရွယ် ရောက်သောအခါ အင်းဝမြို့မှ ကျမ်းတတ်အကျော် မန်ကျဉ်းတောရ ဆရာတော်ကြီးသည် အကြောင်းအားလျော်စွာ လေးမျက်နှာမြို့နယ် ငတရော် ကျွဲခေါင်းကျောင်း၌ သီတင်းသုံးခိုက်နှင့် ကြုံကြိုက်ရ၍ မိဘများက ထိုဆရာတော်ထံ အပ်နှံပြီး မကြာမီ ရှင်သာမဏေ ပြုပေးကြသည်။ ဘွဲ့မှာ ရှင်ဉာဏဝန္တ ဖြစ်၏။

မန်ကျည်းတောရ ဆရာတော်ကြီးနှင့်အတူ အင်းဝသို့ လိုက်ပါ၍ စာပေ ပရိယတ္တိကို ကြိုးစားသင်ယူ၏။ ဉာဏ်ပညာ ထက်မြက်၍ အသက်နှင့် မလိုက်အောင် သင်ရိုးတတ်မြောက်သည်။ “ရတနာရှိရာ ရတနာစု” ဟူသကဲ့သို့ တော်သူများ၌ အားလုံးတော်တတ်သည့်အတိုင်း အကျင့်သီလ ဖြူစင်၍ ကျင့်ဝတ်စရဏဘက်တွင်လည်း လိုနေသည် မရှိပေ။ ထိုအချိန်ကား အမရပူရ နေပြည်တော်၌ ဘိုးတော် မင်းတရားကြီး ထီးနန်းစိုးစံခိုက်ဖြစ်၍ ‘သီရိ ပဝရ တိလောကမဟာရာဇိန္ဒာ ရတနာဒေဝီ’ ဘွဲ့ချီသော မိဖုရားခေါင်ကြီး၏ ပစ္စည်းလေးပါး အထောက်အပံ့ကိုလည်း ခံယူရ၏။

ရှင်ဉာဏဝန္တသည် ရှင်သာမဏေ ဘဝဖြင့်ပင် ပိဋက သင်ရိုးပေါက်ကာ ‘သုဓမ္မာ ပထမပြန်ပွဲကြီး’ ၌ ဝင်ရောက်၍ မှတ်ကျောက်တင်ရာ ပထမကျော်ဘွဲ့ကို ဆွတ်ခူးနိုင်ခဲ့၏။ ပထမကျော်အောင်ပြီး ၁၁၈၁-ခုနှစ်တွင် ရှင်ဉာဏဝန္တ ရဟန်းအဖြစ်သို့ ရောက်၏။

ရဟန်း ရှစ်ဝါအထိ ပရိယတ် ဝန်ဆောင်၍ ၁၁၈၈-ခုနှစ်တွင် ဂုဏ်ကျက်သရေ ကြီးမားလှသော မင်း, မိဖုရား အကိုးကွယ်ခံ၊ ရွှေကျောင်းစံ စာချဆရာတော်လေး အဖြစ်မှ သစ်တစ်ပင်ရင်း ဝါးတစ်ပင်အောက်သို့ နောက်ပါအဖော်မမှီးပဲ မင်းဝံ ခေါ် စစ်ကိုင်းတောင် အနောက်ဘက်တောင်ခြေရှိ စည်းခုံစေတီတော်ကြီး အနီးအပါးသို့ တစ်ကိုယ်တည်း တောထွက်တော်မူ၏။ နောက် မကြာမီ တောင်ပေါ်ရှိ ရတနာထွဋ်ခေါင်စေတီ အနောက်ဘက် စောင်းတန်းဦး၏ တောင်ဘက်သို့ ရွေ့ပြောင်း သီတင်းသုံးခဲ့၏။ ထိုအခါမှ စ၍ “ရတနာ ထွဋ်ခေါင်ဘုန်းကြီးလေး”ဟု ခေါ်တွင်စ ပြုကြလေ၏။

ဆရာတော်သည် အခြေခံဖြစ်သော ရဟန်းသီလကို မြဲမြံ လုံခြုံစွာ ဖြည့်စည်း၍ ဓုတင် ၁၃-ပါးကိုလည်း အလျဉ်းသင့်သလို ဆောင်တော်မူ၏။ ရဟန်း ရှစ်ဝါမှ စ၍ အနှစ် ၂၀ ကျော် ၃၀ နီးပါး နေရာ အတည်တကျ မထားပဲ မင်းဝံတောင်ကြီးကို ဗဟိုပြု၍ တစ်တောဝင် တစ်တောင်ထွက် လှည့်လည် သီတင်းသုံးခဲ့၏။ {ဈာနလာဘီ အရှင်မုနိန္ဒဃောသ ခေါ် ကမ္မဋ္ဌာန်း နည်းပြဘုန်းတော်ကြီးလည်း ပဘာချောင်၌ သီတင်းသုံးခိုက် ရှိပေသည်။ (အကျယ်ကိုကား အောက်၌ ဖော်ပြထားသော ကျမ်း (စာ ၁၂၁)၌ ရှုပါရန်)}

ဆရာတော်သည် ရဟန်း ၈-ဝါမှ ၂၇-ဝါထိ (သက္ကရာဇ် ၁၂၀၈-ခု၊ ပုဂံမင်းလက်ထက်) နေရာအတည်တကျ မရှိဘဲ သီတင်းသုံးတော်မူရာ ၂၇-ဝါအရတွင် စစ်ကိုင်းတောင်ရိုး ဆင်မချောက် ခေါ် ဆင်မချောင်၌ သီတင်းသုံးခဲ့ရာ ရွှေဘိုမင်း၏သား ပုဂံမင်း၏ ညီတော် မင်းတုန်းမြို့စားနှင့် ကနောင်မြို့စား ညီနောာင်နှစ်ပါး ရုပ်ဖျက်၍ တိတ်တဆိတ် ရောက်လာပြီး ဝတ်ဖြည့်ခဲ့ကြ၏။ ထို့နောက် ၃၄-ဝါအရ ၁၂၁၄-ခုနှစ်တွင် နောင်တော် ပုဂံမင်းကို နန်းချ၍ မင်းတုန်းမင်းသား နန်းတက်ပြီး ညီတော် ကနောင်မင်းသားကား အိမ်ရှေ့ ဥပရာဇာ ဖြစ်တည်၍ ဆင်မချောင်အား ‘ဓမ္မိကချောင်’ဟု ကျောက်စာကမ္ပည်း ထိုးလှူခဲ့ကြ၏။

ဆရာတော်ကြီးသည် မန္တလေးခေတ်တွင် မင်းမိဖုရားတို့ အလွန် ကြည်ညိုလေးစားကြသကဲ့သို့ တိုင်းသူပြည်သားများကလည်း ကြည်ညိုလေးစားကြ၏။ မင်းရေးမင်းခွင့်သာ၍ မင်းထက်မင်း ဖြစ်တော်မူသည်ကို အခွင့်ကောင်းယူကာ မင်းပြစ်မင်းဒဏ် ခံရသူများသည် ဆရာတော့်ထံ အသနား ခံလာကြ၏။ ထိုခေတ်က ဓမ္မိကချောင်မှာ လွှတ်တော်ကြီးပမာ ဖြစ်၍ ဆရာတော်ထံမှာ ရာဇဝတ်သားတို့၏ အားထား မှီခိုရာကြီး ဖြစ်ခဲ့ရပြန်၏။ ဒုက္ခိတ သတ္တဝါတို့၏ အသက်ဘေး ဖြစ်၍လည်း ဆရာတော်ကြီးသည် မပါလိုသော်လည်း မရှောင်သာ ဖြစ်ခဲ့ရ၏။ ဒုစရိုက်သမား လူကြမ်းများကို တရားရေအေးဖြင့် ယဉ်ကျေးစေတော်မူခဲ့၏။

ဆရာတော်ကြီးသည် တောထဲမှာနေရင်းက မင်းဆရာ ဖြစ်တော်မူခဲ့၏။ ဘုရင်မင်းမြတ်က ဂဏဝိမုတ် လည်း သမုတ်ခွင့် ပြုတော်မူ၏။ ‘ဂဏဝိမုတ်’ ဟူသည် ရှင်ဘုရင်က ခန့်ထားသော သာသနာပိုင် အမှူးရှိသည့် သုဓမ္မာဝင်ဆရာတော်များအဖွဲ့က မည်သည့်ကိစ္စနှင့်မျှ ဆင့်ဆို ခေါ်ယူနိုင်ခြင်း မရှိစေရ။ ဂိုဏ်းလွတ်အဖြစ် သီးခြားရပ်တည်ခွင့် ပြုခြင်းပင်တည်း။

သက်တော်ကြီးရင့်သော နောက်ပိုင်းကာလ၌ ဆရာတော်ကြီး ဝါကပ်သည်မှာ မင်းကွန်းတောင်ရိုး ရွှေမြင်တောရ ဖြစ်၏။ မင်းတုန်းမင်းကြီး တောင်းပန်၍ ၁၂၂၀-ပြည့်နှစ်၊ တပေါင်းလတွင် “ရာဇပါမောဇ္ဇကျမ်း”ကို ရေးသားရာ ဌာနလည်း ဖြစ်ပေ၏။

မင်းတုန်းမင်း လက်ထက်တွင် ယောဂီ အများအပြား မှီခိုရလောက်အောင် ပဋိပတ် သာသနာပြုနိုင်သူမှာ ထွဋ်ခေါင်ဆရာတော်ဘုရားကြီးပင် ဖြစ်၏။ သီပေါမင်း၏ မယ်တော် လောင်းရှည်မိဖုရားကြီးသည်ပင် ဆရာတော်ထံ သီလရှင် ဝတ်၍ နေခဲ့၏။ နန်းတွင်းသူ မိဖုရား အပျိုတော်များပင် ‘ဝဋ်ကြောင်ကို လွတ်အောင် ရုန်းမယ်ပ၊ ထွဋ်ခေါင်ဘုန်းထံဝယ်’ဟု နန်းတွင်းသူ ဘဝ ငြီးငွေ့ကြသေကာအခါ ထွဋ်ခေါင်ဆရာတော်အပါးမှာ တရားအားထုတ်ရသည်ကိုပင် ဂုဏ်ယူရကောင်းမှန်း သိကြလေသည်။ ပရိသတ် များပြား၍ ငြီးငွေ့တော်မူသောကြောင့် အနည်းဆုံး တစ်ဝါတွင်းကာလ ပရိသတ်နှင့် ခွဲခွာ၍ နေတော်မူလေ့ရှိ၏။

ဤသို့ မင်းမိဖုရားတို့၏ အကိုးကွယ်ခံယူရသော်လည်း အလိုနည်း၍ အကျင့် ခေါင်းပါးသည်။ ရေနှင့် အဖျော်များကို သောက်သုံးသောအခါ အုန်းမှုတ်ခွက်ကိုသာ သုံးတော်မူ၏။ ဆရာတော်ကြီး၏ အနားရှိ ဆွမ်းချက်သူရော ဆွမ်းကပ်သူပါ (ကုဋ္ဌနူနာ) အနာကြီးရောဂါသည်များ ဖြစ်သော်လည်း (အပ္ပဋိကူလသညာ=မရွံ့ရှာ မစက်ဆုတ်သော) သူတော်ကောင်း လက္ခဏာဖြင့် စိတ်မနော မြင့်မြတ်လှပေရာ ပြောစမှတ်ကြီး ဖြစ်လေတော့သည်။ (ပုထုဇဉ်တို့အဖို့ အူထွက်လောက်အောင် ပျို့အန်ပေလိမ့်မည်)


(ရွံ့စရာကောင်းသောအာရုံ၌ မရွံ့ရှာခြင်း၊ နှစ်သက်စရာကောင်းသော အာရုံ၌ စက်ဆုပ်ခြင်းတို့ကို ‘ပဋိကူလေ အပ္ပဋိကူလသညာ၊ အပ္ပဋိကူလေ ပဋိကူလသညာ’ ဟု ခေါ်သည်။ ဆိုးဆိုးကောင်းကောင်း မပြောင်းလဲသော သဘောကို ‘တာဒိဂုဏ်’ ဟုလည်း ခေါ်သည်။ ‘ဆဠင်္ဂုပေက္ခာ’ ဟုလည်း ခေါ်၏။ ‘အရိယိဒိ (အရိယာတို့၏တန်ခိုး) ဟုပင် (တန်ခိုး ၁၀-ပါးတွင် ပါဝင်ကြောင်း) ‘သမ္ပသာဒနိယသုတ်၊ ပဋိသမ႓ိဒါမဂ်၊ ဝိသုဒ္ဓိမဂ်’ တို့၌ ဟောတော်မူ၏။)


ဆရာတော်ကြီးသည် ငယ်စဉ်က စ၍ ဘုန်းကံကြီးမား လာဘ်ပေါများသူ ဖြစ်လေသည်။ (မန္တလေးခေတ်တွင် သူမတူအောင် ဘုန်းကံကြီးမား လာဘ်များကြောင်း သိမီခဲ့သူ မန္တလေး အနောက်ပြင် ငါးဆူဆရာတော်ဘုရားကြီးက ပြောကြားဖူးခဲ့၏။) နံနက် အရုဏ်ဆွမ်းကို ဟင်းခွက် ငါးဆယ်ဖြင့် ဘုဉ်းပေးတော်မူရ၏။ နံနက်ဆွမ်းပြီးလျှင် ခေတ္တခဏ စောင့်ငံ့၍ ဆွမ်းခံကြွသည်။ မန္တလေး၊ အမရပူရ၊ စစ်ကိုင်း၊ အင်းဝ စသည်တို့မှ ဆွမ်းလောင်းလှူသူများသည် ဆရာတော် မကြွမီကတည်းက အုတ်ဇရပ်ကြီး၌ အသင့်စောင့်လင့်နေကြမြဲ ဖြစ်၏။


ဆရာတော်ကြီး၏ ဘာဝနာတရားကို စဉ်းစားတွေးကြံ လက်ခံနှစ်သက်သူများတွင် မြန်မာများသာမက ထိုခေတ်က ရှိသော ဥရောပတိုက်သားများလည်း ပါဝင်၏။ ထိုအထဲတွင် မင်းတုန်းမင်းကြီး၏ ဘုရင့်ရိက္ခာတော်ရ ဂျာမဏီလူမျိုး သမားတော်ကြီး မာဘိကား ရှေ့တန်းမှ ပါဝင်လေ၏။ သမားတော်ကြီး မာဘိကား ခရစ်ယန်ဘာသာမှ ဗုဒ္ဓဘာသာအဖြစ် ကူးပြောင်းကာ ဥပါသကာ ဖြစ်ရုံမျှမက ဓမ္မိကချောင်၌ပင် ကျောင်းတစ်ဆောင် ဆောက်လှူ၍ ကျောင်းဒကာအဖြစ်သို့ပင် ရောက်ခဲ့သူ ဖြစ်၏။


လာဘ်လာဘ များပြားသည့် အရွယ်၌ အတိုင်းမသိ များပြားခြင်း၊ ခေါင်းပါးသည့် အချိန်၌ ဖြစ်သလို စားသောက်နေထိုင်ရခြင်းဟူသော အစွန်းနှစ်ဖက်လုံး၌ ချိန်ချက်ကျကာ မဇ္ဈိမပဋိပဒါ ‘တာဒိဂုဏ်’နှင့် လျှော်စွာ ဘဝတစ်သက်တာကို လွန်စေခဲ့သော သူတော်ကောင်းကြီး ဖြစ်ပေ၏။


ဆရာတော်ဘုရားကြီးသည် ပဋိပတ္တိအရာတွင် ကျော်ကြားသကဲ့သို့ ပရိယတ္တိမှာလည်း ထူးခြားလှသည်။ အရှင်သာမဏေဘဝကပင် ပထမကျော်အောင်၍ ပရိယတ္တိ စွမ်းရည်ဖြင့်လည်း ဆွေမျိုးများ၏ အားကိုးရာ ဖြစ်ခဲ့သည်။

ဆရာတော်ဘုရားကြီး ရေးသားပြုစုခဲ့သော ကျမ်းများမှာ ~

(ရာဇပါမောဇ္ဇကျမ်း၊ ဓမ္မ၊ ပီတ၊ ပကိဏ္ဍက၊ သံဝေဂ၊ အဇ္ဈာသယ၊ သမန္တ၊ သာဓုဇနပါမောဇ္ဖ …) စသော ပါမ္မောဇ္ဇ အမည်ရှိ ကျမ်း ၁၃ကျမ်း ထက်ပင် သာသနာပြု ခရီးတွင်ခဲ့ကြ၏။


မိမိကိုယ်ကို ဦးစွာ အနွံတာခံ၍ သတ္တဝါ အများ၏ အကျိုးကို သည်ပိုးရာ၌ အတိုင်းမသိ အင်အားကြီးမားလှသော ပဋိပတ်လုပ်ငန်းဖြင့် အမျိုးဘာသာ သာသနာပြုတော်မူခဲ့သော ထွဋ်ခေါင်ဆရာတော်ဘုရားကြီးသည် ၁၂၄၂-ခုနှစ် ပထမ ဝါဆိုလဆန်း ၁-ရက်နေ့ နံနက် မြန်မာနာရီ ၁-ချက်တီးအချိန်၊ သက်တော် ၈၁၊ သိက္ခာတော် ၆၁-ဝါအရ ဓမ္မိကချောင်ရှိ ဂျာမဏီဆရာဝန်ကြီး မာဘိ၏ ကျောင်း၌ပင် စုတိကမ္မဇ ချူပ်ငြိမ်းတော်မူလေ၏။


ပျံလွန်တော်မူပြီး မကြာမီ ထိုကျောင်းလည်း မီးခပျက်စီးလေ၏။ အရိုးဓာတ် စေတီကိုမူ ဓမ္မိကချောင်၏ အရှေ့ တာလေးရာအကွာ မြေညီရာ၌ တည်ထားကိုးကွယ်ကြသည်။ ဓမ္မိကချောင်၌ ဆရာတော် သီတင်းသုံးသွားသောဂူနှင့် ‘ဆရာတော်နှင့် တူလှသည်’ဟု သိမီသူတို့ အံ့ဩရသော သစ်သားပုံတူ ရုပ်တုတော်ကိုလည်း ဖူးမြော်နိုင်ကြသည်။

ကိုးကား[ပြင်ဆင်ရန်]

  • [၁၃၀၁-ခုနှစ် မန္တလေး လှခင် အင် ဆန်း ပုံနှိပ်တိုက်မှ ဒုတိယအကြိမ် ရိုက်နှိပ်ခဲ့သော စစ်ကိုင်းတောင် ရွှေဟင်္သာဆရာတော်ဘုရားကြီး (ဥုးပဏ္ဍိတ) စုဆောင်းရေးသားခဲ့သော ‘ထွဋ်ခေါင်ဆရာတော်ဘုရားကြီး အကြောင်း’ မှ ]
  • မြန်မာနိုင်ငံ ပဋိပတ္တိ သာသနာဝင် ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ - ဓမ္မာစရိယ ဦးဌေးလှိုင် (စာ ၁၅၆-၁၈၃) မှ