ထိုင်ဝမ် တိုင်းရင်းသား လူမျိုးများ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
ထိုင်ဝမ် တိုင်းရင်းသား လူမျိုးများ
Rukai chief.jpg
ရူခိုင်လူမျိုး၏ အကြီးအကဲ၊ ဂျပန်ကိုလိုနီခေတ်အတွင်း တိုကျိုတက္ကသိုလ် မနုဿဗေဒ စာသင်ခန်းတွင် ရိုက်ကူးသည်။
လူဦးရေ
၄၉၄,၀၀၀ ခန့်[၁]
နေထိုင်ရာဒေသ
ထိုင်ဝမ်
ဘာသာစကား
ဩစထြိုနေးရှား ဘာသာစကား[၂]
ဆက်နွယ်သည့် လူမျိုးများ
  • အရှေ့တောင်အာရှရှိ ကျွန်းစုများ၊ အာဖရိက မာဒါဂါစကာကျွန်း၊ မိုက်ခရိုနေးရှား၊ မယ်လာနေးရှား၊ ပေါ်လီနေးရှား စသည့် ဒေသများမှ ဩစထြိုနေးရှား လူမျိုးများနှင့် ဆက်နွယ်မှုရှိသည်။

ထိုင်ဝမ် မူလဒေသခံ တိုင်းရင်းသား လူမျိုးများ ဆိုသည်မှာ ထိုင်ဝမ်သို့ ဟန့်တရုတ်လူမျိုးများ မပြောင်းရွှေ့လာမှီ ထိုင်ဝမ်သို့ အစောဆုံး ရောက်ရှိလာသည့် လူမျိုးများကို ညွှန်းဆိုသည်။ တိုင်းရင်းသား လူမျိုးအသီးသီးတွင် မိမိတို့၏ ရင်းမြစ်နှင့် စပ်လျဉ်း၍ ဒဏ္ဍာရီပုံပြင်များ ရှိသော်လည်း ဘာသာဗေဒ၊ မနုဿဗေဒနှင့် ရှေးဟောင်း သုတေသန ပညာရပ်များ၏ လေ့လာချက်များအရ ဟန့်တရုတ်လူမျိုးများ ထိုင်ဝမ်သို့ ပြောင်းရွှေ့လာသည့် ၁၇ ရာစုနှစ် မတိုင်မှီ ထိုင်ဝမ်ကျွန်းပေါ်တွင် မူလဒေသခံ တိုင်းရင်းသား လူမျိုးများ ကျက်စားနေထိုင်ခဲ့သည်မှာ နှစ်ပေါင်း ၈၀၀၀ ကျော်ခန့်ရှိပြီဟု တွေ့ရှိရသည်။ [၃] မျိုးဗီဇဗေဒ (Genetic) နှင့် ဘာသာဗေဒအရ ထိုင်ဝမ် တိုင်းရင်းသား လူမျိုးများသည် ဩစထြိုနေးရှားလူမျိုးများ(Austronesian)အဖြစ် ခွဲခြားထားပြီး ဖိလစ်ပိုင်မလေးရှားအင်ဒိုနီးရှား၊ မာဒါဂါစကာနှင့် ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ ကျွန်းစုများပေါ်တွင် နေထိုင်ကြသည့် ဩစထြိုနေးရှားလူမျိုးများနှင့် နီးနီးကပ်ကပ် ဆက်နွယ်လျက်ရှိသည်။ [၄][၅]

ရာစုနှစ်ပေါင်းများစွာအတွင်း ထိုင်ဝမ်တိုင်းရင်းသားများသည် ဒပ်ခ်ျ၊ ဂျပန်စသည့် ကိုလိုနီ အုပ်ချုပ်သူများနှင့် စစ်မက်များစွာ ဖြစ်ပွားခဲ့သည်။ ထိုစဉ်အခါက ကိုလိုနီအစိုးရသည် တိုင်းရင်းသားများ၏ မိခင်ဘာသာစကားနှင့် ယဉ်ကျေးမှုကို တားမြစ်ခဲ့ကြသလို လူမျိုးကွဲခြင်း လက်ထပ်ပေါင်းစည်းကြသဖြင့် ဘာသာစကားအချို့ ပျောက်ကွယ်လုနီးပါး ဖြစ်စေခဲ့သည်။ သာဓကပြရလျှင် လက်ရှိ ပညာရှင်များ သိရှိထားသည့် ထိုင်ဝမ်တိုင်းရင်းသား ဘာသာစကား (ထိုင်ဝမ်ဩစထြိုနေးရှား ဘာသာစကား သို့ ဖော်မိုဆန် ဘာသာစကား) ၂၆ မျိုးရှိသည့်အနက် ၁၀ မျိုးမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ၅ မျိုးမှာ ပျောက်ကွယ်လုနီး အန္တရာယ်နှင့် ရင်ဆိုင်နေရသည်။ [၆] အခြားဘာသာစကားများမှာမူ တိမ်ကောမှု အနည်းအကျဉ်း ရှိနေကြောင်း တွေ့ရသည်။ ဘာသာဗေဒ ပညာရှင်များက ထိုင်ဝမ်သည် ဩစထြိုနေးရှား ဘာသားစကား အရင်းခံရာ ဒေသဖြစ်ကြောင်း တွေ့ရှိလာပြီးနောက် ဤဘာသာစကားများသည် လူ့ယဉ်ကျေးမှုသမိုင်းတွင် အရေးပါသည့် အုပ်တစ်ချပ် သဲတစ်ပွင့် ဖြစ်လာသည်။[၃]

ထိုင်ဝမ်တိုင်းရင်းသားများသည် မူလက ထိုင်ဝမ်ကျွန်း၏ တောင်တန်းဒေသများ (အထူးသဖြင့် အလယ်ပိုင်းဒေသ) တွင် ကျယ်ကျယ်ပျံ့ပျံ့ နေထိုင်ကြသည်။ မြစ်ဝှမ်းဒေသတလျှောက်တွင် ရွာငယ်များ ဖွဲ့တည်လေ့ရှိသည်။ သို့သော် မျက်မှောက်ခေတ် တိုင်းရင်းသား လူမျိုးများသည် သမားရိုးကျ နေထိုင်ရာ ဒေသများတွင်သာမက မြို့ပြကြီးများတွင်လည်း နေထိုင်လာကြပြီဖြစ်သည်။ ၂၀၀၈ ခုနှစ် ဒီဇင်ဘာလတွင် ကောက်ယူထားသည့် စစ်တမ်းအရ ထိုင်ဝမ်တွင် နေထိုင်သည့် တိုင်းရင်းသား ဦးရေပေါင်း ၄၉၄,၀၀၀ ခန့်ရှိပြီး ထိုင်ဝမ် လူဦးရေ၏ ၂.၁ % ဖြစ်သည်။ [၁][၇]

ထိုင်ဝမ်တိုင်းရင်းသား လူမျိုးများသည် လက်ရှိတွင် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အခက်အခဲများကို ရင်ဆိုင်နေရသည်။ ဥပမာအားဖြင့် အလုပ်လက်မဲနှုန်း မြင့်မားခြင်း၊ ပညာရေးတွင် အခြားလူမျိုးများနှင့် ကွာဟမှုရှိခြင်းတို့ဖြစ်သည်။ ၁၉၈၀ ပြည့်လွန်နှစ်ဦးပိုင်းတွင် တိုင်းရင်းသား လူမျိုးများသည် မိမိတို့အရေးကိစ္စများကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်နှင့် စွီးပွားရေး ဖွံ့ဖြိုးရေးတို့ကို တက်တက်ကြွကြွ တောင်းဆိုလာကြသည်။ [၈] တိုင်းရင်းသားလူမျိုးများသည် မိမိတို့၏ ဇာတိမာန်များကို နယ်ပယ်အသီးသီးတွင် ဖော်ပြလာကြသည်။ ဥပမာအားဖြင့် ခေတ်ပေါ်တေးဂီတများတွင် တိုင်းရင်းသား ဂီတများ၊ စာသားများ ထည့်သွင်းရေးစပ်ခြင်း၊ ခေတ်ပေါ် အဝတ်အစားများနှင့် အသုံးအဆောင်ပစ္စည်းများတွင် တိုင်းရင်းသား ရိုးရာရုပ်ပုံ သင်္ကေတများ ထည့်သွင်း ချုပ်လုပ်ခြင်းတို့ ပါဝင်သည်။ တိုင်းရင်းသားများ၏ ရိုးရာကျေးလက်ဒေသများတွင်မူ မိမိတို့၏ ထုံးတမ်းစဉ်လာများ၊ မိခင်ဘာသာစကားများ ဆက်လက် ထွန်းကားသွားစေရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြသည်။ တိုင်းရင်းသား ကျေးရွာအသီးသီးကလည်း ခရီးသွားလုပ်ငန်းများကို ဖော်ဆောင်ကာ မိမိဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် ကြိုးပမ်းလျက်ရှိသည်။ [၉]

တောင်ပေါ်၊ မြေပြန့်တိုင်းရင်းသား သတ်မှတ်ချက်[ပြင်ဆင်ရန်]

၁၈၉၅ ခုနှစ် ချင်းမင်းဆက်ကာလ သစ်ထွင်းပန်းချီ၊ တိုင်းရင်းသား အကြီးအကဲနှင့် အမျိုးသမီးပုံ။

သမိုင်းမှတ်တမ်းများအတွင်း မတူသည့် အုပ်ချုပ်သူများမှ ထိုင်ဝမ်တိုင်းရင်းသားများအား သတ်မှတ်ပုံနှင့် အုပ်ချုပ်ပုံ ကွဲပြားကြသည်။ အုပ်ချုပ်သူများ၏ ယဉ်ကျေးမှုနှင့် ဆင်တူသည့် အတိုင်းအတာ၊ အလေ့အထ၊ ကျက်စားရာဒေသ၊ မျက်နှာအသွင်အပြင်နှင့် ဆက်ဆံထိတွေ့မှု အခြေအနေအလိုက် တိုင်းရင်းသားများအား ခွဲခြားသတ်မှတ်လေ့ရှိသည်။ [၁၀] ဤကဲ့သို့သော သတ်မှတ်ချက်များသည် တိုင်းရင်းသားများ၏ မိမိဘာသာ ပုံဖော်သတ်မှတ်ချက်နှင့် တူညီချက်ရှိသလို ကွာဟချက်များလည်း ရှိသည်။

၁၆၀၃ ခုနှစ် မင်မင်းဆက်ကာလ ချန်တိ ရေးသားသည့် မှတ်တမ်းတွင် ထိုင်ဝမ်တိုင်းရင်းသားများအား “တုန်းဖန်း” (東番 း အရှေ့တိုင်း လူရိုင်းမျိုးနွယ်) ဟု ရေးသားထားသည်။ ထိုကာလအတွင်း ထိုင်ဝမ်ရှိ ဒပ်ခ်ျ ကိုလိုနီအစိုးရမှာမူ မလေးရှားတွင် အုပ်ချုပ်ခဲ့သည့် အတွေ့အကြုံကို အစွဲပြုကာ ထိုင်ဝမ်တိုင်းရင်းသားများအား Indias သို့ Blacks ဟု ခေါ်ဝေါ်ကြသည်။ [၁၁]

၁၈ ရာစုခေတ်ဦးပိုင်း ချင်းမင်းဆက် (မန်ချူးမင်းဆက်) ထိုင်ဝမ်ကို အုပ်ချုပ်လာပြီးနောက် အင်အားကြီးသည့် (တရုတ်) ယဉ်ကျေးမှုနှင့် ရင်းနှီးဆက်စပ်မှု၊ ချင်းမင်းဆက်အပေါ် ဩဇာခံမှု အတိုင်းအတာအလိုက် ထိုင်ဝမ်တိုင်းရင်းသားများအား ပြောင်းလဲသတ်မှတ်ခဲ့သည်။ ချင်းမင်းဆက်၏ ဩဇာကို မခံယူသူများအား စိမ်းဖန်း (生番 း မရင်းနှီးသည့် လူရိုင်း) ဟူ၍ လည်းကောင်း၊ ချင်းမင်းဆက်အပေါ် ဩဇာခံကာ အခွန်ပေးဆောင်သူများအား စိုဖန်း (熟番 း ရင်းနှီးသည့် လူရိုင်း) ဟူ၍လည်းကောင်း သတ်မှတ်ခဲ့သည်။ ချန်လုန်ဧကရာဇ်နှင့် နောက်ပိုင်းကာလ စံများအရ စိုဖန်းများသည် တရုတ်အဖြစ် ပုံသွင်းခံရပြီးသော ချင်းမင်းဆက်အပေါ် ဩဇာခံသော တိုင်းရင်းသားများ ဖြစ်သော်လည်း ယဉ်ကျေးမှုအားဖြင့် ကွာဟချက်ရှိပြီး လက်တွေ့တွင် တရုတ်လူမျိုးမဟုတ်သောကြောင့် နှိမ်သည့် သဘောဆောင်သည့် ဖန်း (番 း လူရိုင်း) ဆိုသည့် ဝေါဟာရကို ဆက်လက် အသုံးပြုခဲ့သည်။[၁၀][၁၂]

၁၉ ရာစုနှစ်နှောင်းပိုင်းကာလတွင် ထိုင်ဝမ်မြေပြန့်ဒေသ၌ ချင်းမင်းဆက်၏ အုပ်ချုပ်ရေး ခိုင်မြဲလာပြီးနောက် တောင်တန်းဒေသသို့ ဆက်လက် ထိုးဖောက်လာသည့်အလျောက် ဖိန်ဖူဖန်း(平埔番 း မြေပြန့်လူရိုင်း) နှင့် ကောင်းဆန်းဖန်း(高山番 း တောင်ပေါ်လူရိုင်း) ဟူသည့် ဝေါရအသစ် နှစ်ခု ပေါ်ပေါက်လာပြီး စိမ်းဖန်း၊ စိုဖန်း တို့နှင့် အပြန်အလှန် အစားထိုး အသုံးပြုလာသည်။[၁၁] နှစ်ပေါင်း ၅၀ နီးပါးကြာမြင့်သည့် ဂျပန်ကိုလိုနီခေတ်တွင် ဂျပန်မနုဿဗေဒ ပညာရှင်များသည် ဤကဲ့သို့ နှစ်မျိုးခွဲသည့် နည်းလမ်းကို ဆက်လက်အသုံးပြုခဲ့သည်။ သို့သော်လည်း ၁၈၉၈ ခုနှစ်တွင် မနုဿဗေဒ ပညာရှင် ခါနို့ရိ အိနို့ (伊能嘉矩) က ပထမဦးဆုံးအကြိမ် ထိုင်ဝမ်တိုင်းရင်းသားများအား မျိုးစု ၄ စု၊ လူမျိုး ၈ မျိုးအဖြစ် စတင်ခွဲခြားခဲ့သည်။ ထို့အပြင် လူမျိုးအသီးသီး၏ ယဉ်ကျေးမှု ထူးခြားချက်၊ ဖြန့်ကျက်နေထိုင်မှုတို့ကို မှတ်တမ်းတင်ခဲ့သည်။ ၁၉၉၀ ပြည့်လွန်နှစ် အစပိုင်းတွင် ဂျပန်ပညာရှင်များနှင့် ဂျပန်အစိုးရက ယခင်ခွဲခြားမှုများကို ပြင်ဆင်ခဲ့သည်။ ယခင်က အသုံးပြုသည့် စိုဖန်း၊ ဖိန်ဖူဖန်းကို ဖိန်ဖူကျူ (平埔族 း မြေပြန့်လူမျိုး)၊ စိမ်းဖန်း၊ ကောင်းဆန်းဖန်းကို ကောင်းဆားကျူ (高砂族 း တောင်ပေါ်လူမျိုး) စသည့် ဝေါဟာရများဖြင့် အစားထိုးခဲ့ကြသည်။ ကောင်းဆားကျူတွင် ထိုက်ယာလူမျိုးပုနုန်လူမျိုးကျိုးလူမျိုးဆိုက်ရှလူမျိုးဖိုင်ဝမ်းလူမျိုးပေးနန်လူမျိုးနှင့် အာမိလူမျိုးတို့ပါဝင်သည်။ နောက်ပိုင်းတွင် ယာမိလူမျိုးတာဝူလူမျိုး)နှင့် ရူခိုင်လူမျိုး နှစ်မျိုးထပ်ပေါင်းကာ သမားရိုးကျအားဖြင့် ပိုင်းခြားသည့် ထိုင်ဝမ်၏ တိုင်းရင်းသားလူမျိုး ၉ မျိုးဖြစ်လာသည်။ [၁၃] ကွန်မင်တန်အစိုးရ ထိုင်ဝမ်ကို အုပ်ချုပ်သည့်ကာလတွင် တိုင်းရင်းသားများအပေါ် ဂျပန်တို့၏ လွှမ်းမိုးမှုများ မှေးမှိန်သွားစေရန် ဖိန်တိထုန်ပေါင်း (平地同胞 း မြေပြန့်ပေါက်ဖော်)၊ ဆန်းတိထုန်ပေါင်း (山地同胞 း တောင်ပေါ်ပေါက်ဖော်) စသည့် ဝေါဟာရများဖြင့် ဂျပန်ကိုလိုနီခေတ်မှ အသုံးအနှုန်းများကို အစားထိုးခဲ့ကာ ထိုင်ဝမ်တိုင်းရင်းသားများသည်လည်း တရုတ်လူမျိုးနွယ်စု တစုဖြစ်ကြောင်း ထင်ဟပ်ပြစေခဲ့သည်။ [၁၃]အာအိုစီအစိုးရမှ တိုင်းရင်းသားများအား ဂျပန်တို့၏ လူမျိုး ၉ မျိုး ခွဲခြားပုံကို ဆက်လက် အသုံးပြုခဲ့သော်လည်း ဖိန်ဖူကျူ ဆိုသည့် ခွဲခြားချက်ကို ပယ်ဖျက်ခဲ့သည်။

အစောပိုင်းကာလ တိုင်းရင်းသားများ ဖြန့်ကျက်နေထိုင်ပုံ

လက်ရှိ တရားဝင် အသိအမှတ်ပြုသည့် တိုင်းရင်းသား လူမျိုးများအး တောင်ပေါ်တိုင်းရင်းသားများဟု ခြုံငုံခေါ်ဝေါ်ကြသော်လည်း စနစ်တကျ ခွဲခြားထားခြင်းမရှိပါ။ လက်တွေ့တွင် တောင်ပေါ်တိုင်းရင်းသားများအဖြစ် ခွဲခြားထားသည့် အာမိလူမျိုး၊ ပေးနန်လူမျိုး၊ တာဝူလူမျိုးနှင့် ခါဗာလန်လူမျိုးတို့သည် ရှေးခေတ်က ထိုင်ဝမ်အရှေ့ပိုင်း မြေပြန့်ဒေသတွင် နေထိုင်ကြသည့် လူမျိုးများ ဖြစ်ကြသည်။ [၁၄]

လက်ရှိ ထိုင်ဝမ်တွင် တရားဝင် အသိအမှတ်ထားသည့် တိုင်းရင်းသား လူမျိုး ၁၄ မျိုး ရှိသော်လည်း ဤသို့သော ခွဲခြားမှုသည် ၎င်းတို့၏ မူရင်း လူမှုဖွဲ့စည်းပုံ၊ အလေ့အထနှင့် ယဉ်ကျေးမှုများကို ပကတိ ထင်ဟပ်ြခင်းမရှိသေးဟု ပညာရှင်များက ယူဆကြသည်။ [၁၁]တိုင်းရင်းသားများနှင့် ပတ်သက်သည့် စစ်တမ်းများမှာ အစောဆုံးအနေဖြင့် ဒပ်ချပ်ကိုလိုနီခေတ် ၁၆၂၄ ခုနှစ်တွင် ကောက်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းမှတ်တမ်းများတွင် တိုင်းရင်းသားများသည် သီးခြားအုပ်စုဖွဲ့ နေထိုင်ကြသည်ဟု ဖော်ပြထားသည်။ ထိုစဉ်အခါက ကျေးရွာများအကြား ကုန်ပစ္စည်း ဖလှယ်မှု၊ လက်ထပ်ထိမ်းမြားခြင်းနှင့် ပြင်ပရန် ကာကွယ်ရန် မဟာမိတ် ဖွဲ့ခြင်းများ ရှိခဲ့သည်။ ထိုစဉ်အခါက စံနှုန်းများနှင့် မျက်မှောက်ခေတ် မနုဿဗေဒ၊ ဘာသာဗေဒ ပညာရှင်များ၏ စံနှုန်းထားများအရ ထိုင်ဝမ်ရှိ တိုင်းရင်းသားလူမျိုး ၂၀ မျိုးအဖြစ် ခွဲခြားနိုင်သည်ဟု ဆိုသည်။ [၁၅][၁၆] သို့သော်လည်း ဤလူမျိုးနွယ်စုများအကြား တိုင်းပြည် သို့ လူမျိုး တမျိုးအဖြစ် ပီပီပြင်ပြင် ပေါင်းစည်းခဲ့ခြင်း မရှိပေ။[၁၇]

ကျမ်းကိုး[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ 行政院原住民族委員會 - 【97年】12月(含97年第四季報表、出生死亡年報) ,引用於2009年2月4日
  2. Ethnologue: Languages of the World 2005 - Atayal: A Language of Taiwan,引用於2005年2月12日
  3. ၃.၀ ၃.၁ Robert Blust(1999年),"Subgrouping, circularity and extinction: some issues in Austronesian comparative linguistics" in E. Zeitoun & P.J.K Li (Eds.),Selected papers from the Eighth International Conference on Austronesian Linguistics(第31-94頁),台北市中央研究院
  4. Catherine Hill、Pedro Soares和Maru Mormina等(2007年),A Mitochondrial Stratigraphy for Island Southeast Asia,American Journal of Human Genetics,291:1735-1737
  5. Michael I Bird、Geoffrey Hope和David Taylor(2004年),Populating PEP II: the dispersal of humans and agriculture through Austral-Asia and OceaniaQuaternary International,118-119:145-163,於2007年3月31日查閱
  6. Elizabeth Zeitoun、Ching-Hua Yu,"The Formosan Language Archive: Linguistic Analysis and Language Processing,Computational Linguistics and Chinese Language Processing,Vol. 10,Issue 2,第167-200頁,2005年
  7. 行政院原住民族委員會(2006年),Statistics of Indigenous Population in Taiwan and Fukien Areas,於2007年3月18日查閱
  8. Mutsu Hsu(1991年),Culture, Self and Adaptation: The Psychological Anthropology of Two Malayo-Polynesian Groups in Taiwan,台北市中央研究院語言學研究所,ISBN 957-9046-78-6
  9. Christian A. Anderson(2000年)New Austronesian Voyaging: Cultivating Amic Folk Songs for the International Stage,David Blundell,Austronesian Taiwan:Linguistics, History, Ethnology, Prehistory,台北市南天書局
  10. ၁၀.၀ ၁၀.၁ Stevan Harrell(1996年),Introduction,Melissa J. Brown,Negotiating Ethnicities in China and Taiwan,Regents of the University of California,柏克萊加利福尼亞州,第1-18頁
  11. ၁၁.၀ ၁၁.၁ ၁၁.၂ Emma Jinhuang Teng,Taiwan's Imagined Geography: Chinese Colonial Travel Writing and Pictures, 1683-1895,哈佛大學出版社,Cambridge MA,2004年,ISBN 0-674-01451-0
  12. Norma Diamond(1995年),Defining the Miao: Ming. Qing and Contemporary Views,In Ed. Stevan Harrell's Cultural Encounters of China's Ethic Frontiers西雅圖華盛頓大學出版社
  13. ၁၃.၀ ၁၃.၁ Henrietta Harrison(2001年),Changing Nationalities, Changing Ethnicities: Taiwan Indigenous Villages in the Years after 1946,David Faure,In Search of the Hunters and Their Tribes: Studies in the History and Culture of the Taiwan Indigenous People,台北市南天書局
  14. Melissa J. Brown(2001年),Reconstructing ethnicity: recorded and remembered identity in Taiwan,Ethnology,Vol. 40,Issue 2
  15. Shigeru Tsuchida(1983年),Austronesian Languages in Formosa,S.A Wurm and Hiro Hattori,Language Atlas of the Pacific Area,坎培拉澳大利亞國立大學
  16. Paul Jen-kuei Li(1992年),History of the Movements of Austronesian Speaking Peoples of Taiwan: An Exploration From Linguistic Data and Phenomena,Newsletter of Taiwan History Field Research
  17. John R. Shepherd,Statecraft and Political Economy on the Taiwan Frontier, 1600–1800,史丹佛加利福尼亞州史丹佛大學出版社,1993年;1995年再版,台北市南天書局ISBN 957-638-311-0