မာတိကာသို့ ခုန်သွားရန်

ထာ၊ ဆရာ(တေးရေးဆရာ)

ဝီကီပီးဒီးယား မှ
ဆရာထာ
အမည်ရင်းမောင်ထာ
မွေးဖွား(1901-09-30)စက်တင်ဘာ ၃၀၊ ၁၉၀၁
မန္တလေးမြို့၊ မလွန်ရပ်ကွက်
ကွယ်လွန်ဇန်နဝါရီ ၂၄၊ ၁၉၇၉(1979-01-24) (အသက် ၇၇)
မန္တလေးမြို့
အလုပ်အကိုင်တေးရေးဆရာ၊ ဂီတပညာရှင်၊ သဘင်ပညာရှင်
တက်ကြွသည့်နှစ်များ၁၉၁၀ စုနှစ်များ – ၁၉၇၀ စုနှစ်များ

ဆရာထာ (၁၉၀၁–၁၉၇၉) သည် မြန်မာ့ဂီတနှင့် သဘင်လောကတွင် ထင်ရှားကျော်ကြားခဲ့သော တေးရေးဆရာ၊ ပတ္တလားနှင့် စန္ဒရားပညာရှင် ကြီးတစ်ဦးဖြစ်သည်။ နန်းတော်ရှေ့ ဆရာတင်၊ မြို့မငြိမ်း၊ အေဝမ်းဆရာညှာ၊ ဦးသက်တင်၊ ဦးဘသိန်း နှင့် ဝိုင်အမ်ဘီဆရာတင် တို့နှင့် ခေတ်ပြိုင် ပေါ်ထွန်းခဲ့သော မန္တလေးသား ဂီတစာဆိုကြီး ဖြစ်သည်။ လေဘာတီ မမြရင် သီဆိုခဲ့သည့် နာမည်ကျော် "အလှူအစ်မ" သီချင်းနှင့် ရွှေမန်းတင်မောင် သီဆိုခဲ့သော "စေကိုးလုံး"၊ "အောင်ပါစေ" စသည့် သီချင်းများမှာ ဆရာထာ၏ ထင်ရှားသော လက်ရာမွန်များ ဖြစ်ကြသည်။

ငယ်ဘဝနှင့် ပညာရေး

[ပြင်ဆင်ရန်]

ဆရာထာကို ၁၉၀၁ ခုနှစ် (မြန်မာသက္ကရာဇ် ၁၂၆၃ ခုနှစ်)၊ စက်တင်ဘာလ ၃၀ ရက် (တော်သလင်းလပြည့်ကျော် ၄ ရက်) တွင် မန္တလေးမြို့၊ မလွန်ရပ်ကွက်၌ ဖခင် ဦးစံခိုင်၊ မိခင် ဒေါ်မ (ဒေါ်မေ) တို့မှ မွေးဖွားခဲ့သည်။ မိဘများမှာ သဘင်မျိုးရိုးဖြစ်ပြီး၊ မိခင်ဖြစ်သူ ဒေါ်မ (ဒေါ်မေ) သည် နန်းတွင်းရုပ်သေးမင်းသမီး "မဒ္ဒီခိုင်" ဟု နာမည်ကြီးသူ ဖြစ်သည်။ ငယ်စဉ်က မန္တလေးမြို့ အင်းကန်တိုက် ရွှေကျောင်းတွင် မြန်မာစာပေ သင်ကြားခဲ့သည်။

ဂီတနှင့် သဘင်ပညာ သင်ယူခြင်း

[ပြင်ဆင်ရန်]

ငယ်စဉ်ကပင် တေးဂီတဝါသနာ ထုံမွှန်းခဲ့သည့်အလျောက် စိန်ဗေဒါတို့နှင့် ခေတ်ပြိုင်ဖြစ်ပြီး ဝါးပတ္တလားတီးခတ်ရာတွင် ကျော်ကြားလှသော ဆရာတာထံတွင် ပညာသင်ကြားခွင့်ရခဲ့ရာမှ "ဆရာထာ" ဟူသော အမည်ကို ရရှိခဲ့သည်။ ပေါက်ပေါက်တန်းရပ်ရှိ ဆရာဦးထွန်းရ (ဦးထွန်းရင်) ထံတွင် အကပညာနှင့် သီချင်းရေးခြင်းအတတ်ကို သင်ယူခဲ့သည်။ အကဆရာ ဦးထွန်းရ၏ လမ်းညွှန်တိုက်တွန်းမှုကြောင့် တေးရေးဆရာ ဖြစ်လာခဲ့သည့်အပြင် ဇာတ်မင်းသားအဖြစ်လည်း တစ်ရာသီမျှ ဝင်ရောက်ကပြ လှုပ်ရှားခဲ့ဖူးသည်။

ထို့ပြင် အစ်မဖြစ်သူ အငြိမ့်မင်းသမီး ဒေါ်စိန်သုန် (ဒေါ်စိန်ဆုံ) ၏ အငြိမ့်အဖွဲ့တွင် စည်တီး၊ ဒိုးတီးသမားအဖြစ် လုပ်ကိုင်ရင်း၊ ထိုအငြိမ့်မှ စန္ဒရားတီးသူ ဆရာမောင်ထံတွင် စန္ဒရားတီးခတ်ခြင်း အနုပညာကို ထပ်မံဆည်းပူးခဲ့သည်။ ဆရာထာသည် လိုက်လျောညီထွေရှိလှသော အနုပညာအရည်အသွေးကြောင့် ဆိုင်းဆရာကြီး စိန်ဗေဒါ၏ ဆိုင်းအဖွဲ့တွင် တစ်နှစ်၊ ဦးချစ်ဖွယ်နှင့် ဒေါ်စိန်သုန်တို့၏ အငြိမ့်အဖွဲ့တွင် နှစ်နှစ်မျှ စည်တီးသမားအဖြစ် လိုက်ပါအမှုထမ်းခဲ့သည်။

အနုပညာလှုပ်ရှားမှုများ

[ပြင်ဆင်ရန်]

အငြိမ့်သဘင်လောက

[ပြင်ဆင်ရန်]

မင်းသားအဖြစ် လှုပ်ရှားပြီးနောက် အငြိမ့်သဘင်လောကသို့ စာရေးဆရာ (တေးရေးဆရာ) အဖြစ် အပြည့်အဝ ဝင်ရောက်ခဲ့သည်။ ဆရာထာသည် မန္တလေးမှ ဥဩမယ်တင်၊ ဥက္ကလာ အေးကြည်၊ ဒေါ်ဩဘာသောင်း၊ လေဘာတီ မမြရင်၊ လှကလေးစိန် နှင့် ပျော်တော်ဆက် မတင်အောင်တို့၏ အငြိမ့်အဖွဲ့များတွင် ပတ္တလားတီးခတ်ပေးရင်း သီချင်းများ ရေးစပ်ပေးခဲ့သည်။ ဂီတမယ် လှကလေးစိန်အငြိမ့်တွင် ပတ္တလားဆရာအဖြစ် (၈) နှစ်တိုင်တိုင် အရှည်ကြာဆုံး တာဝန်ယူလုပ်ကိုင်ခဲ့သည်။

အငြိမ့်မင်းသမီးများဖြစ်ကြသော ယူနီဗာစီတီ မြသန်းကြည်၊ ရွှေလိပ်ပြာ နှင့် မကြည်အောင် တို့အတွက်လည်း အငြိမ့်သီချင်းများစွာ ရေးစပ်ပေးခဲ့သည်။ လေဘာတီ မမြရင် သီဆို၍ အထူးလူကြိုက်များ ကျော်ကြားခဲ့သော "အလှူအစ်မ" သီချင်းမှာ ဆရာထာ၏ ထူးခြားပြောင်မြောက်သော လက်ရာဖြစ်သည်။ ထို့ပြင် "မောင့်စည်းစိမ်" သီချင်းကို ကိုယ်တိုင်ရေးစပ်ရုံတင်မကဘဲ ကိုယ်တိုင်သီဆို၍ ဓာတ်ပြားသွင်းခဲ့ရာ အထူးအောင်မြင်ကျော်ကြားခဲ့သည်။

ဇာတ်သဘင်လောက

[ပြင်ဆင်ရန်]

ဇာတ်သဘင်လောကတွင်လည်း ဇာတ်သီချင်းရေးဆရာအဖြစ် အောင်မြင်ခဲ့သည်။ သရဲလေး အောင်စိန်၊ စိန်အုပ်၊ အောင်မောင်း၊ ဦးစိန်ကတုံး နှင့် စိန်အောင်မင်း တို့အတွက် ဇာတ်သီချင်းများ ရေးစပ်ပေးခဲ့သည်။ အထူးသဖြင့် စိန်အောင်မင်း၏ နာမည်ကျော် "ဘဒ္ဒကလျာဏီ" သီချင်းသည် ဆရာထာ ရေးစပ်ခဲ့ခြင်းဖြစ်သည်။

ဆရာထာသည် ရွှေမန်းတင်မောင်၏ ရွှေမန်းဇာတ်သဘင်တွင် မင်းသားကြီး စာရေးဆရာအဖြစ် နှစ်နှစ်မျှ လုပ်ကိုင်ခဲ့ပြီး၊ မန်နေဂျာအဖြစ်လည်း တာဝန်ယူကာ ရွှေမန်းဇာတ်အဖွဲ့အတွက် သီချင်းပေါင်းများစွာ ရေးစပ်ပေးခဲ့သည်။ ၎င်းတို့အနက် ရွှေမန်းတင်မောင် သီဆိုခဲ့သည့် "စေကိုးလုံး" သီချင်းနှင့် "အောင်ပါစေ" သီချင်းတို့မှာ အထူးကျော်ကြားသည်။

နောင်တွင် ကိုယ်ပိုင်အငြိမ့်အဖွဲ့ကို တည်ထောင်ခဲ့ရာ ၎င်း၏ သမီးများဖြစ်ကြသော ရွှေမန်းသူ မအုန်းမြင့်၊ ကောလိပ်ဝင်းမေ နှင့် ကမ္ဘာကျော် စန်းစန်း (ခေါ်) ဇာနည်ဝင်းမော် တို့က မင်းသမီးများအဖြစ် ပါဝင်ကပြခဲ့ကြသည်။

မိသားစုဘဝ

[ပြင်ဆင်ရန်]

ဆရာထာသည် ဒေါ်မမလေးနှင့် အိမ်ထောင်ကျခဲ့ပြီး သားသမီး ခုနစ်ယောက် ထွန်းကားခဲ့ရာ ထိုအထဲမှ လေးယောက်မှာ အနုပညာလောကတွင် ထင်ရှားခဲ့သည်။ ၎င်းတို့မှာ-

  • သမီး - ခင်အုန်းမြိုင် (ရွှေမန်းသူ ခင်အုန်းမြင့်) (မင်းသမီး)
  • သား - ကိုအေးကို (မန္တလေးအငြိမ့်လောက၌ စန္ဒရားအေးကို ဟု ထင်ရှားသူ)
  • သမီး - ခင်ဝင်းမေ (ကောလိပ် ခင်ဝင်းမေ) (မင်းသမီး)
  • သမီး - ဇာနည်ဝင်းမော် (ကမ္ဘာကျော် စန်းစန်း) (မင်းသမီး) တို့ ဖြစ်ကြသည်။

ဆရာထာသည် ကွယ်လွန်ချိန်တွင် မြေး (၁၅) ယောက်နှင့် မြစ် (၃) ယောက်တို့၏ အဘိုး ဖြစ်သည်။

ဘဝနိဂုံး

[ပြင်ဆင်ရန်]

အနုပညာသမားပီသစွာဖြင့် ထာဝစဉ် အေးအေးဆေးဆေး နေထိုင်တတ်ပြီး သဘောထားပြည့်ဝ သိမ်မွေ့လှသော ဂီတပညာရှင်ကြီး ဆရာထာသည် အသက် ၇၈ နှစ်အရွယ်၊ ၁၉၇၉ ခုနှစ်၊ ဇန်နဝါရီလ ၂၄ ရက်တွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ ၎င်းကွယ်လွန်မှုကြောင့် မြန်မာ့ဇာတ်သဘင်နှင့် ဂီတအနုပညာရှင်များအကြား နှမြောတသ ကြေကွဲဝမ်းနည်းခဲ့ကြရသည်။

ကိုးကား

[ပြင်ဆင်ရန်]