တံလျှပ်

ဝီကီပီးဒီးယား မှ
(တံလှပ် မှ ပြန်ညွှန်းထားသည်)
ခြောက်မိနစ်ကြာကြာ နေရာတစ်ခုမှ ရိုက်ကူးထားသော တံလျှပ်နှင့်ပတ်သက်သော ပုံများဖြစ်ကာ အစဉ်လိုက်ပြသထားခြင်းမဟုတ်ပါ။ အပေါ်ဆုံးပုံသည် ဖဲရာလန် ကျွန်းများ၏ အနိမ့်စား တံလျှပ်အနေအထားဖြစ်ခြင်းကိုပြသထား၍ ဒုတိယပုံမှာ ဘယ်ဘက်ခြမ်းတွင် အစိမ်းရောင် မီးတန်းတစ်ခုလင်းနေသည်။ အောက်၌ရှိသော ပုံနှစ်ပုံနှင့် အဓိကပုံကြီးတွင် ကျွန်းများ၏ အမြင့်စား တံလျှပ်အနေအထားကို ပြသထားသည်။ ဤပုံသုံးပုံသည် ပုံရိပ်သုံးခုထပ်နေသော တံလျှပ်တစ်ခု (အတည့်ပုံနှစ်ခုကြား ပြောင်းပြန်ထင်သော ပုံ) မှ ပုံရိပ်ငါးခုထပ်နေသော တံလျှပ်အသွင်တစ်ခုသို့ ပြောင်းလဲသွားကာ ထို့နောက် ပုံရိပ်နှစ်ခုထပ်သော တံလျှပ်အဖြစ်သို့ ပြန်လည်ပြောင်းသွားသည်။ ဤသို့ မြင်ကွင်းပုံပေါ်ခြင်းသည် ပင်လယ်ရေမျက်နှာပြင် အထက်လောက်တွင် ဖြစ်လေ့ရှိသော ဖဲတာ မော်ဂန်နာ ပုံစံနှင့်လည်း ကိုက်ညီသည်။ ဤသုံးပုံထဲ့မှ အပေါ်ပုံကို ပင်လယ်ရေမျက်နှာပြင်မှ ရိုက်ကူးထားသည်။

တံလှပ် (သို့) တံလျှပ် (အင်္ဂလိပ်: mirage) သည် သဘာဝအတိုင်းဖြစ်ပျက်သော အမြင်ဆိုင်ရာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်သည်။ ထိုဖြစ်စဉ်၌ အလင်းတန်းများသည် ကွေးညွတ်ယိုင်ကြသောကြောင့် ကောင်းကင် (သို့) ကွာဝေးသော အရာဝတ္ထုများ၏ 'အစားထိုးနေရာဝင်ယူသော ပုံရိပ်များ'ကို ထုတ်လုပ်ပေးကြသည်။ ထိုပုံရိပ်များကို ဖြစ်စေကြသည်။[၁] အင်္ဂလိပ်ဘာသာစကားဖြင့် mirage ဟုခေါ်ဆိုရာ မူရင်းမှာ လက်တင်စကားလုံး mirari ဖြစ်ပြီး အဓိပ္ပာယ်မှာ 'ကြည့်သည်၊ တစ်ခုခုကို အံ့အားသင့်သည်' ဖြစ်၏။ ယင်းလက်တင်စကားလုံးမှ ပြင်သစ်စကားလုံး 'se mirer' (အလင်းပြန်) ဖြစ်လာကာ ယင်းမှတစ်ဆင့် အင်္ဂလိပ်စကားလုံး mirage ဖြစ်လာသည်။[၂]

တံလှပ် ခေါ် တံလျှပ်များကို အနိမ့်စား (မြေနိမ့်ပိုင်းတွင် ဖြစ်တတ်သော)၊ အမြင့်စား (အမြင့်တစ်နေရာတွင် ဖြစ်တတ်သော)နှင့် ဖာတာ မော်ဂန်နာ ဟူ၍ အုပ်စုခွဲနိုင်သည်။ ဖာတာ မော်ဂန်နာ သည် အတော်အဆင့်မြင့်သည့် တံလှပ်အမျိုးအစားဖြစ်၍ ထောင်လိုက်အနေအထား အသေးစိတ်သဘော အဆင့်ဆင့်စီကာစဉ်ကာရှိသော ပုံရိပ်များစွာ ပါဝင်သော အမျိုးအစားဖြစ်၍ လျင်မြန်စွာ အဆက်မပြတ် ပြောင်းလဲနေတတ်သည်။

စိတ်အာရုံတွင် ချောက်ချား၍ မြင်ချင်ရာမြင်နေသော အနေအထားနှင့် မတူဘဲ ဆန့်ကျင်ဘက်အားဖြင့် တံလှပ်ကို ကင်မရာများတွင် မြင်နိုင်၊ ရိုက်နိုင်သည်။ အလင်းတန်းများ အမှန်တကယ် ကွေးညွတ်ယိုင်ကြ၍ ကြည့်ရှုသူ နေသောနေရာတစ်ခုမှ ကြည့်လျှင် ပုံရိပ်အမှားများ(ယောင်)ကို ထုတ်လုပ်ပေးတတ်သောကြောင့်ဖြစ်သည်။ ယင်းပုံရိပ် ပေါ်ပေါက်လာသောအခါ လူ၏ အဓိပ္ပာယ်ကောက်တတ်သော စိတ်အာရုံက ယင်းပုံရိပ်ကို ဆုံးဖြတ်သုံးသပ်သည်။ ဥပမာအားဖြင့် မြေပြင်တွင် အနိမ့်ပုံရိပ် (inferior images) များကို အလင်းပြန်ခြင်းကြောင့် ရေအိုင်ကလေး၊ ရေပြင်ကလေးတစ်ခုဟူ၍ အလွယ်တကူ မှားယွင်းစွာ ထင်မြင်မိတတ်ကြသည်။

ရှင်းလင်းချက်[ပြင်ဆင်ရန်]

အနိမ့်စားတံလျှပ် နမူနာများအနက် အတွေ့ရအများဆုံးမှာ ပူသော (ကား)လမ်းတစ်ခုတွင် ရေအိုင်ကဲ့သို့ဖြစ်နေခြင်း ဖြစ်၏။

အပြောကျယ်သောသဲကန္တာရကို ကုလားအုပ်များဖြင့် ဖြတ်သန်းသွားလာကြရသူတို့သည် သဲကန္တာရအလယ်တွင် စိမ်းစိမ်းစိုစိုနှင့် တည်ရှိသည့် အိုအေဆစ်များကိုသာ မှီခိုအားကိုး၍ ခရီးသွားကြရ၏။ ထိုအိုအေဆစ်များသို့ ရောက်မှ ခရီးတထောက်နား၍ စခန်းချကာ သောက်ရေသုံးရေတို့ကို ချိုးသုံးကြရသည်။ တစ်ခါတစ်ရံတွင်မူ အိုအေဆစ်စခန်းနှင့် ကွာလှမ်းလျက်ရှိစဉ်မှာပင် ခပ်လှမ်းလှမ်း၌ တောတန်းသဖွယ် စိမ်းလန်းစိုပြည်သည့် အိုအေဆစ်တစ်ခုကို အံ့ဩစွာ တွေ့မြင်ရတတ်၏။ တွေ့လိမ့်နိုးနှင့်တိုး၍သွားသောအခါ ထိုအိုအေဆစ်မှာပျောက်ကွယ်၍သွားတော့သည်။ စင်စစ်သော်ကား ယင်းမှာ တကယ့်အိုအေဆစ်မဟုတ်ချေ။ မမြင်နိုင်လောက်အောင် ဝေးကွာသောအရပ်ရှိ အိုအေဆစ်တစ်ခု၏ပုံတူရိပ်ကို မြေမျက်နှာပြင်အနီးရှိ လေပူက ရောင်ပြန်ဟပ်လိုက်သည့် အရိပ်သာလျှင်ဖြစ်၏။ ဤသို့ လေ၏လှည့်စားမှုကြောင့် အကယ် မရှိသည့် အရာဝတ္ထုများကို ရှိဘိသကဲ့သို့ ထင်ယောင်ထင်မှာ မြင်စေသော ပုံမျိုးကို တံလှပ်ဟုခေါ်ဆိုကြလေသည်။ တံလှပ်များကို ပင်လယ်သမုဒ္ဒရာများတွင်လည်း တွေ့မြင်ရတတ်သည်။

တံလှပ်ဖြစ်ပေါ်ပုံ[ပြင်ဆင်ရန်]

အရာဝတ္ထုမှ အလင်းတန်းတို့သည် သာမန်အားဖြင့် လေထဲတွင် ဖြောင့်တန်းစွာ ဖြတ်၍သွားကြရာ ထိုအလင်းတန်းများ မျက်စိထဲသို့ ဝင်ရောက်လာသောအခါ အလင်းတန်းများလာရာ အရပ်မျက်နှာ၌ အဆိုပါအရာဝတ္ထုကို မြင်ရလေသည်။ နေပူပြင်းသည့်နေ့များတွင် ထိုလေလွှာအထက်တွင် အေးနေသော လေလွှာရှိပြန်သည်။ ကျွနု်ပ်တို့သည် သာမန်အားဖြင့် မျက်စိတဆုံး မြင်ရာ၌ မိုးကုပ်စက်ဝိုင်းအပေါ်ဘက်ရှိ အရာဝတ္ထုများကိုသာ မြင်နိုင်သည်။ သို့သော ကျယ်ပြောသော သဲကန္တာရထဲ၌ အထက်ပါအတိုင်း လေပူနှင့်လေအေးတို့သည် အထပ်လိုက်ဖြစ်နေသောအခါမျိုးတွင် မိုးကုပ်စက်ဝိုင်းအောက်ဘက်ရှိ အိုအေဆစ်စခန်းမှ အလင်းတန်းတို့သည် လေပူအထပ်ကို ဖြတ်သန်းခိုက် လမ်းကြောင်းတိမ်းပြီးနောက် အောက်ဘက်သို့ ယိုင်၍ ကျွနု်ပ်တို့မျက်စိထဲသို့ ဝင်ရောက်လာကြသည်။ ထိုအခါ မျက်စိထဲသို့ အလင်းတန်းဝင်ရောက်လာရာ လမ်းကြောင်းနှင့်တည့်တည့်ဖြစ်သော ကောင်းကင်၌ အဆိုပါအိုအေဆစ်စခန်းကို အကယ်ပင် ရှိဘိသကဲ့သို့ ကျွနု်ပ်တို့ မြင်ရလေသည်။

သမုဒ္ဒရာအတွင်း၌ အထူးသဖြင့် မြောက်ပိုင်းသမုဒ္ဒရာများအတွင်း၌ သင်္ဘောများ မိုးပေါ်ပျံနေဟန် မြင်ရတတ်သော တံလှပ်မျိုးမှာလည်း အထက်ဆိုခဲ့သည့်အတိုင်း အလင်းတန်းများ ယိုင်သောကြောင့်ပင်ဖြစ်၏။ သို့သော် သဲကန္တာရနှင့် ဆန့်ကျင်ပုံမှာ ရေပြင်နှင့်ကပ်နေသော လေလွှာသည် အေး၍ လေပူလွှာက အပေါ်ဘက်တွင် ရှိပြီးလျှင် ထိုလေပူလွှာက အလင်းတန်းများကို ယိုင်စေခြင်းဖြစ်လေသည်။
တစ်ခါတစ်ရံတွင်လည်း အဆိုပါ လေလွှာထပ်တို့သည် သိပ်သည်းဆချင်း မတူကြသောကြောင့် အပေါ်ဘက်၌ အရိပ်တစ်ခု အောက်ဘက်၌ ကပ်လျက် စောက်ထိုးပေါ်နေသော အရိပ်တစ်ခု၊ ပေါင်းအရိပ်နှစ်ခုတွဲနေပုံကို မြင်ရတတ်သေးသည်။ ထိုအခါမျိုး၌ တစ်ခါတစ်ရံ ကောင်းကင်မှ တိမ်တောင်တိမ်လိပ်တို့အရိပ်လည်း တစ်စိတ်တစ်ဒေသ ပါဝင်နေတတ်ရာ မြင်ရသောအရိပ်မှာ အဝေးရှိ ရေကန်တစ်ခုခုကို မြင်ရပုံနှင့်မခြားတော့ပေ။
အီတလီကျွမ်းဆွယ်နှင့် စစ္စလီကျွန်းအကြားရှိ မက်ဆီးနား ရေလက်ကြား၌ တံလှပ်တစ်မျိုးကို တွေ့ရတတ်သေးသည်။ ယင်းတံလှပ်တွင် မက်ဆီနားမြို့ရှိ တိုက်တာအဆောက်အအုံနှင့်တကွ သစ်ပင်အရိပ် လူအရိပ်တို့သည် ကောင်းကင်၌ ပျံ၍ နေကြသည်ကို မြင်ရသည်။ လေလွှာများက အကြီးချဲ့ထားသည့်အတွက်လည်း အရိပ်များမှာ ကြီးသည့်နေရာ ကြီး၍ နေသည်။ [၃]

ကိုးကား[ပြင်ဆင်ရန်]

  1. Lynch၊ David K.; Livingston၊ William Charles; Livingston၊ William (2001-06-11)။ Color and Light in Nature (အင်္ဂလိပ်ဘာသာစကားဖြင့်)။ Cambridge University Press။ ISBN 978-0-521-77504-5
  2. Definition of Mirage (in en)။ 2019-12-08 တွင် ပြန်စစ်ပြီး။
  3. မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)