တံငါသည်နတ်ရွာလားလေသို့

ဝီကီပီးဒီးယား မှ

တံငါသည်နတ်ရွာလားလေသို့ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

ဤကဗျာကို ဦးကျော်လှသည် အသက် ၂၉ နှစ်တွင် ရေးဖွဲ့ခဲ့သည်။ ၁၂၃၂ ခုနှစ်တွင် အင်းဝမြို့တွင် ပွဲပြရာ လကွယ်နေ့ ညတစ်ညထပ်၍ ပြရန် တောင်းပန်ကြသောအခါ ရုပ်သေးဆရာများက မပြလိုလှသဖြင့် လူအများကပင် ဆရာကိုကျော်လှသည် နောင်တွင် ကျေးတောသို့ဆင်းသွားလျှင် ဝါတွင်း၌ ပွဲငှားသော်လည်း ကိုကျော်လှမပါပဲ ရှိပါလိမ့်မည်၊ သို့အတွက်ကြောင့် ယခုလကွယ်နေ့ညမှာပင် ပြခဲ့ပါဟု ဇွတ်အတင်း ပူဆာကြသည့်အကြောင်းကို ဖွဲ့ဆိုသော အဘိယာစကဘွဲ့ သံချိုကဗျာ ဖြစ်သည်။

တံငါသည်နတ်ရွာလားလေသို့[ပြင်ဆင်ရန်]

ကရကဋ်ဝါဆိုတော်၏၊ လပြည့်ကျော်တဆယ့်ငါးတွင်မှ၊ ဇယားဗေဒင်နှင့်ခင်းခဲ့၊ နေမင်းဖလ်ဝါရှိန်ကြောင့်၊ စန္ဒာအိမ်အရောင်မဲပြန်ခဲ့၊ ပွဲသည် ည(လ) အကွယ်။

ပြရုပ်စုံစင်တော်သားနှင့်၊ ပျော်ပါးစွာဇာတ်ပုံနွှဲကြ၊ ကြုံခဲကြုံလွယ်ဟု၊ ကြီးငယ်ပျိုအအိုတို့၊ ဗြဟ္မာစိုရ်စောင့်ကိုယ်နှုတ်ကယ်နှင့်၊ ဥပုသ်ကိုမယူဖြစ်ရှာဘု၊ ငွေစံပယ်ကေသွယ်ရစ်ကယ်တို့၊ သည်နှစ်တွင် သည်ကညရယ်ဟု၊ ခဲလိုက်ကြတယ်။

တယောက်လူသူငယ်ချင်းမှာတော့၊ ထမင်းဝစွာစားရအောင်၊ တရားတော်အနာလိုက်သတဲ့၊ မြှုံးပိုက်ကွန်အစုံယူ၍၊ တယောက်လူတံငါလုပ်မှာတော့၊ လာဘ်ပုတ်ကိုအလယ်သွားမိ၍၊ ဘယ်ငါးနော်မပေါ်ဘု၊ တရားတော်နာလျှင်ကောင်းလေရဲ့၊ အောင်းမေ့ကာစိတ်မှာကူးမိသတဲ့၊ တဦးသူတရားနာက၊ အစားအစကိုမမြင်လျင်းတော့၊ အိုင်အင်းလိုက်ခါဖမ်းရလျှင်၊ ငါ့ဝမ်းဝစွာစားသည့်ပြင်၊ မယားပါကြော်လို့ကျွေးရငဲ့၊ မျှော်တွေးကာတဉာဏ်ပေါက်သော်ကြောင့်၊ နှစ်ယောက်လူခန္ဓာကွယ်တော့၊ တံငါသယ်နတ်ရွာလားပါလို့၊ တရားနာအပါယ်ကိုငုပ်သတဲ့၊ ဥပုသ်တကယ်စောင့်စေတော့၊ ဇောဖြောင့်လျှင်၊ ကုသိုလ်ရပါလိမ့်၊ ပတ်မသံရင်ကိုခွေ့တော့၊ အောက်မေ့ကာ စိတ်ကစားမိလျှင်၊ ရှစ်ပါးသီလကျိုးသည့်ပြင်၊ ပုဆိုးဆီနှင့်ဆွတ်လို့၊ ပွတ်ရာတွင်တခါညစ်သည်ဟု၊ ထုံးစနစ်အဓိပ္ပာယ်၊ စာသွယ်တဲ့လက်တန်း။

သူ့ဥစ္စာ သူ့မယားငယ်နှင့်၊ မုသားဆောက်တည်ထိန်းသည့်ပြင်၊ ဘင်းဘိန်းသေရက်နှင့်၊ သူ့အသက်ကို ကြဉ်ရှောင်လှပ်ရင်ဖြင့်၊ နောင်နတ်ရွာပျော်စံပယ်ရလိမ့်၊ သည်လကွယ် သည်တရာက်ကြောင့်ဖြင့်၊ ဥပုသ်ပျက်လိင်ပြန်ယူရော့ပေါ့၊ သိန်ကန်တူရှေ့သီတင်းတွေကို၊ ထမင်းတနပ်ထဲငယ်နှင့်၊ နေ့လွှဲကိုကြဉ်ရှောင်၍၊ မိကာအောင်ပျိုအအိုတို့၊ ပိုအကြို့သာလို့စောင့်ပါကြ၊ ဇောဖြောင့်ကာဆရာလှငယ်က၊ ယခုခါရှုလာကြသူတို့၊ တရားနာအားသာ၍ကျတဲ့အောင်၊ တံငါကိုပမာပြခဲ့မယ်၊ ပွဲသီလခန်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

[၁]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။