မာတိကာသို့ ခုန်သွားရန်

တူး‌မြောင်း

ဝီကီပီးဒီးယား မှ

လူတို့သည် ခရစ်သက္ကရာဇ်မတိုင်မီကပင် တူး‌မြောင်းများကို ‌ဖောက်လုပ်ခဲ့ကြသည်။ တူး‌မြောင်းဖြင့် ‌ရေလမ်းခရီးနှစ်ခုကို ဆက်သွယ်နိုင်သည်။ ဤနည်းဖြင့် မြစ်‌ကြောင်းတစ်‌လျှောက် ‌သော်လည်းကောင်း၊ ပင်လယ်‌ကြောင်း တစ်‌လျှောက်‌သော်လည်းကောင်း၊ ‌ကောက် ‌ကွေ့ လှည့်ပတ်သွားရ‌သော ခရီးရှည်ကို ခရီးတိုဖြစ်‌အောင် ဖန်တီးနိုင်သည်။ ထိုမျှမက ‌ခြောက်‌သွေ့‌သော‌ဒေသများ၌ တူး‌မြောင်းများသည် ‌ရေသွင်းစိုက်ပျိုးရန်အတွက် အထူးပင် အသုံးဝင်‌ပေသည်။

‌မြောင်းဖြစ်‌အောင် လူတို့တူး‌ဖောက်ထား‌သော ရေ‌ကြောင်း လမ်းကို တူး‌မြောင်းဟု‌ခေါ်သည်။ တူး‌မြောင်းကို လယ်ယာစိုက် ပျိုး‌ရေးအတွက် ‌ရေထုတ်ခြင်း၊ ‌ရေသွင်းခြင်းအလို့ငှာ‌သော်လည်းကောင်း၊ ရေကြောင်း သယ်ယူပို့‌ဆောင်‌ရေးအတွက်‌သော်လည်းကောင်း ‌ဖောက်လုပ် ကြသည်။ ‌ရှေးဦးစွာ၌ တူး‌မြောင်းများကို လယ်ယာလုပ်ကိုင်‌ရေး အတွက်သာ ‌ဖောက်လုပ်ခဲ့ကြဟန်တူ၏။ သို့‌သော် မကြာမီ အဆီးရီးယားနှင့် အီဂျစ်နိုင်ငံများ မှာကဲ့သို့ ‌ရေကြောင်းသယ်ယူ ပို့‌ဆောင်‌ရေး၌ ခရီးတွင်ကျယ်‌စေရန် တူး‌မြောင်းကို ‌ဖောက်လုပ် လာကြသည်။ ‌ရောမလူမျိုးတို့သည် တူး‌မြောင်းများကို‌ဖောက်၍ မာ့စနှင့်ရိုင်းမြစ်များကို ဒန်းညုမြစ်နှင့် ဆက်‌ပေးခဲ့၏။ ကမ္ဘာ ‌ပေါ်တွင် ‌ရှေးအကျဆုံးနှင့် အကြီးဆုံးတူး‌မြောင်းမှာ တရုတ် နိုင်ငံရှိ ယူဟိုး‌ခေါ် တူး‌မြောင်းကြီးဖြစ်၍ ထိုတူး‌မြောင်းကြီးသည် မိုင်‌ပေါင်း ၁၀၀၀ ‌ကျော် ရှည်လျားသည်။ ဟန်ချိုမြို့နှင့် တီယန်စင်မြို့ကို ဆက်‌ပေး‌လေသည်။

‌ရှေးအထက်‌ကျော်ကာရီက တူး‌မြောင်းများကို တူး‌ဖောက်ခဲ့ ကြ‌သော်လည်း ကုန်းမြင့်ခံလျက်ရှိ‌သော ‌ဒေသတို့၌ ထိုကုန်းမြင့် များကို ‌လှေသမ္ဗန်တို့ ‌ကျော်လွှာသွားနိုင်‌အောင် ကြံ‌ဆောင်နိုင် ခြင်း မရှိခဲ့‌ချေ။ ထို့‌ကြောင့် တူး‌မြောင်းများသည် အရာ‌ရောက် သင့်သ‌လောက် မ‌ရောက်ခဲ့ကြ‌ပေ။ သို့‌သော် ‌ရေတံခါးကို ကြံ စည်တီထွင်လာသည့်အခါ တူး‌မြောင်း‌ဖောက်လုပ် ‌ရေးနည်းနာ တို့သည် အကြီးအကျယ် ‌ပြောင်းလဲသွား‌လေသည်။ ‌ရေတံခါး ကို မည်သူက စတင်တီထွင်ခဲ့သည်ကို ကျွန်ုပ်တို့ တပ်အပ် ‌သေချာစွာ မသိရ‌ချေ။ ‌ဟော်လန်နိုင်ငံသည် အီတလီနိုင်ငံထက် ပထဝီအသွင်အပြင် အ‌နေအထားအရ တူး‌မြောင်းများကို အသုံး ပြုရန် အ‌ခြေအ‌နေ ပို‌ကောင်းသည့်အတွက် အီတလီထက် နှစ် ‌ပေါင်း ၁၀၀ ခန့်‌စော၍ ‌ရေတံခါးများကို ဖန်တီးသုံးစွဲခဲ့ကြသည် ဟု အချို့က ယူဆကြသည်။ အချို့ကမူ ၁၄၈၁-၈၇ ခုနှစ်များမှ စ၍ အီတလီလူမျိုးများသာလျှင် ‌ရေတံခါးကို ‌ရှေးဦးစွာ အသုံး ပြုခဲ့ကြသည်ဟု ယူဆကြသည်။ မည်သို့ပင်ဖြစ်‌စေ ‌ရေတံခါး သည် ၁၄ ရာစုနှစ် သို့မဟုတ် ၁၅ ရာစုနှစ်တွင် စတင်‌ပေါ် ‌ပေါက်ခဲ့၍ ထိုသို့ ‌ပေါ်‌ပေါက်လာခြင်း‌ကြောင့် ပြည်တွင်း‌ရေ ‌ကြောင်း သယ်ယူပို့‌ဆောင်‌ရေးမှာ များစွာ တိုးတက်ခဲ့ရ ‌ပေသည်။

ဥ‌ရောပတိုက်တွင် ပထမဦးဆုံး ‌ဖောက်လုပ်ခဲ့‌သော တူး‌မြောင်းမှာ ပြင်သစ်နိုင်ငံရှိ လန်း‌ဒေါ့ တူး‌မြောင်းဖြစ်၏။ ယင်းတူး‌မြောင်းကို ၁၆၈၁ ခုနှစ်တွင် ‌ဖောက်လုပ်ပြီးစီးခဲ့၍ ဗစ္စ‌ကေးပင်လယ်‌အော်နှင့် ‌မြေထဲပင်လယ်ကို ဆက်ထားသည်။ အရှည်မှာ ၁၄၈ မိုင်ရှိ၍၊ ၆ ‌ပေခွဲမျှနက်၏။ ‌ရေတံခါး‌ပေါင်း ၁၁၉ ခုရှိ၍ ပင်လယ်‌ရေမျက်နှာပြင်မှ ‌ပေ ၆၂၀ အထိမြင့် သည်။ ထိုတူး‌မြောင်းကို ‌ဖောက်လုပ်ပြီး‌နောက် ပြင်သစ်လူမျိုး တို့သည် မိုင်‌ပေါင်း ၃၀၀၀ ‌ကျော်မျှရှိ‌သော တူး‌မြောင်းများကို ‌ဖောက်လုပ်ခဲ့ကြသည်။ ပြင်သစ်နိုင်ငံရှိ ထိုတူး‌မြောင်းများနှင့် တကွ အခြားရေကြောင်းလမ်းများသည် ဒုတိယကမ္ဘာစစ် အတွင်းက အကြီးအကျယ် ပျက်စီးခဲ့ကြသည်။ သို့‌သော် စစ်ပြီး ဆုံး‌သောအခါ ယင်းတို့ကို ‌ရှေးကထက် ပိုမို‌ကောင်းမွန်လာ ‌အောင် ပြန်လည်ပြုပြင်‌ဆောက်လုပ်ခဲ့ကြ၏။ ဂျာမနီနိုင်ငံတွင်ကား ကီးတူး‌မြောင်းသည် အကြီးဆုံးဖြစ်၏။

ထိုတူး‌မြောင်းသည် ၆၁ မိုင်ခွဲမျှ ရှည် လျား၍ ကမ္ဘာ‌ပေါ်တွင် အကြီးဆုံး‌သော တူး‌မြောင်းများတွင် အပါအဝင်ဖြစ်သည်။ ၁၈၉၅ ခုနှစ်တွင် ‌ဖောက်လုပ်ပြီးစီး၍ ‌မြောက်ပင်လယ်နှင့် ‌ဗောလတစ်ပင်လယ်တို့ကို ဆက်စပ်ထား သည်။ ၁၉ဝ၇-၉ ခုနှစ်များအတွင်း တူး‌မြောင်းဝ၏အကျယ်ကို ၇၂ ‌ပေမှ ၁၄၄ ‌ပေအထိ တိုးချဲ့ခဲ့ သည်။ ‌ရေအနက်ကိုလည်း ‌ပေ ၃၀ မှ ‌ပေ ၃၆ ‌ပေအထိ တိုး၍တူး‌ဖော်ခဲ့၏။ ‌ဆောင်း ရာသီတွင် တူး‌မြောင်းအတွင်းရှိ‌ရေသည်ခဲသဖြင့် ‌ရေခဲခွဲ‌သော သ‌င်္ဘောများကိုအသုံးပြု၍ ရှင်းလင်းရသည်။ သို့‌သော် တူး‌မြောင်းကိုပိတ်ထားခြင်းမရှိဘဲ တစ်နှစ်ပတ် လုံးဖွင့်လှစ် ထား၏။ ဖြတ်သန်းသည့် သ‌င်္ဘောများ၏ အသွားနှုန်းကို ‌ရေမိုင် ၈၏၁ နှင့် ၅၏၄ အထိသာခွင့်ပြုသည်။ အဝင်အထွက် အလွန်များ‌သောနှစ်တွင် တူး‌မြောင်းကို အသုံးပြု‌သော သ‌င်္ဘော ‌ပေါင်း ၅၆၀၀၀ မျှရှိသည်။ ပျမ်းမျှခြင်းအားဖြင့် ၂၄နာရီလျှင် သ‌င်္ဘောပေါင်း ၁၅၀ ‌ကျော်မျှ ထိုတူး‌မြောင်းထဲသို့ ဝင်ထွက် သွားလာကြသည်။ အဆိုပါ ကီးတူး‌မြောင်းအပြင် ဂျာမနီနိုင်ငံ၌ ဒုတိယ ကမ္ဘာစစ်ကြီးမဖြစ်မီ နှစ်များအတွင်း အခြားအ‌ရေးပါ အရာ‌ရောက်‌သော တူး‌မြောင်းများကို ‌ဖောက်လုပ်ခဲ့ကြ‌သေး သည်။ ယင်းတူး‌မြောင်းတို့မှာ ‌ဒေါ့တမွန့်-အမ်း‌ဗေဇာ တူး‌မြောင်း၊ ဘာလင်-ရှတက်တင်းတူး‌မြောင်းနှင့် ဗရွမ်းဗတ် တူး‌မြောင်းတို့ဖြစ်သည်။

‌ဟော်လန်နိုင်ငံရှိ တူး‌မြောင်းများမှာကား သယ်ယူပို့‌ဆောင် ‌ရေးအတွက်သာမက ‌ရေသွင်း‌သော ဆည်များအတွက်လည်း ဖြစ်သည်။ ထိုနိုင်ငံရှိ တူး‌မြောင်းများမှာ ‌မြေညီတွင် ခပ်‌ပြေ‌ပြေ တူး‌ဖောက်ထားခြင်း‌ကြောင့် ကျယ်ဝန်း၍ ‌ရေလည်းနက်၏။ ‌ရေစီးလည်း‌နှေးသဖြင့် ‌လှေသ‌င်္ဘောများ အသွားအလာအတွက် ခက်ခဲခြင်း မရှိ‌ချေ။ အမ္မစတာဒမ်နှင့် အိုင်မွိုင်ဒင်ကို ဆက် သွယ်ထား‌သော ‌မြောက်ပင်လယ်တူး‌မြောင်းကို ၁၉၃၇ ခုနှစ် တွင် တိုးချဲ့‌ဖောက်လုပ်ခဲ့ရာ၊ အင်္ဂလန်ပြည်ရှိ မန်ချက်စတာ သ‌င်္ဘောတူး‌မြောင်း နီးပါးမျှကြီးကျယ်လာသည်။

ထို‌နောက် အမ္မစတာဒမ်နှင့် လက်မြစ်၊ ဝါလမြစ်များကို ဆက်သွယ်ထား‌သော မာ‌ဗေးဒီတူး‌မြောင်းလည်း ရှိ‌သေး၏။ ‌နောက်ဆုံး ‌ဖောက်လုပ်သည့် တူး‌မြောင်းဟု ဆိုရမည်ဖြစ်‌သော တူး‌မြောင်းမှာကား အမ္မစတာဒမ်-ရိုင်းတူး‌မြောင်းပင်ဖြစ်‌လေ သည်။ ထိုတူး‌မြောင်းကို ၁၉၅၂ ခုနှစ်တွင် ဖွင့်လှစ်၍၊ အရှည် ၄၅ မိုင်ရှိသည်။

ဗဲလဂျီယမ်နိုင်ငံ၌ ‌ရှေးအကျဆုံးတူး‌မြောင်းမှာ ၁၈၂၅-၂၇ နှစ်များအတွင်းက ‌ဖောက်လုပ်ခဲ့‌သော ဂင့်-တနာဇင် တူး‌မြောင်း ဖြစ်သည်။ ဂင့်မြို့နှင့် စကဲမြစ်တို့ကို တနာဇင်မြို့ဆုံရာ၌ ဆက် သွယ်ထား‌သော တူး‌မြောင်းဖြစ်၏။ ၁ဂ မိုင်မျှရှည်‌သော ထို တူး‌မြောင်း၏ အလျားတဝက်သည် ‌ဟော်လန်နိုင်ငံ နယ်နိမိတ် အတွင်း၌ရှိ၍ ကျန်တဝက်မှာကား ဗဲလဂျီယမ် နယ်နိမိတ် အတွင်း၌ရှိသည်။ ယခုအခါ ထိုတူး‌မြောင်းကို တိုးချဲ့‌ဖောက်လုပ် ထားသဖြင့် တူး‌မြောင်းဝမ်းအကျယ် ၁၆၄ ‌ပေရှိ၍ ‌ရေအနက် ၂၈၂/၃ ‌ပေရှိသည်။ ၁၉၃၉ ခုနှစ်တွင် အလျား မိုင် ၈၀ ရှည် ‌သော အဲလဗတ်တူး‌မြောင်းကို ဖွင့်လှစ်‌ပေးခဲ့‌သေးသည်။ အဂင်္လန်ပြည်၏ ‌ရှေးအကျဆုံး တူး‌မြောင်းမှာ ‌ရောမလူမျိုး များထံမှ အ‌မွေအနှစ်အဖြစ်ရရှိ‌သော ‌ဖော့စဒိုက် တူး‌မြောင်း ပင်ဖြစ်၏။ ထိုတူး‌မြောင်းသည် လင်ကွန်းမှတရင့်မြစ်အထိ ‌ပေါက်သည်။ ၁၈ ရာစုနှစ် အလယ်ပိုင်း မတိုင်မီက အင်္ဂလန် ပြည်၌ တူး‌မြောင်းများ မရှိသ‌လောက်ပင် နည်းပါးသည်။

၁၇၄၅ ခုနှစ်တွင် ဗရစ်ဂျဝါး တားမြို့စားသည် ဝါ့စ‌လေမှ မန်ချက်စတာသို့ တူး‌မြောင်းတစ်ခုကို ‌ဖောက်လုပ်ခဲ့ရာမှ အစပြု၍ တူး‌မြောင်း ‌ဖောက်လုပ်သည့်အ‌လေ့ စတင်‌ပေါ်‌ပေါက် လာခဲ့သည်။ မီးရထားများအသုံးပြုသည့်အချိန်အထိ တူး‌မြောင်း များကို ဆက်လက်၍‌ဖောက်လုပ်ခဲ့သည့် ထိုမန်ချက်စတာ တူး‌မြောင်းသည် အလွန်အသုံးဝင်‌သော တူး‌မြောင်းတစ်ခု ဖြစ် ၏။ ကုန်ထုတ်လုပ်သည့် မန်ချက်စတာမြို့ကြီးသည် ပင်လယ်မှ ၃၅ မိုင်‌ဝေးသည်။ သို့‌သော် ထိုတူး‌မြောင်း၏ ‌ကျေးဇူး‌ကြောင့် ပင်လယ်ဆိပ်ကမ်း မြို့တမြို့ ဖြစ်လာခဲ့‌ပေသည်။ အင်္ဂလန်ပြည် တွင် ၁၈၃၀ ပြည့်နှစ်အထိ ‌ဖောက်လုပ်ခဲ့သည့် တူး‌မြောင်းများ သည် စုစု‌ပေါင်းမိုင် ၃၀၀၀ ခန့်မျှ ရှည်လျား၍၊ အကြီးဆုံး တူး‌မြောင်းမှာမိုင် ၆၀ ရှည်‌သော ကယ်လဒိုးနီးယန်း တူး‌မြောင်း (၁၈၂၂) ဖြစ်သည်။ ထိုတူး‌မြောင်းများ‌ကြောင့် ပြည်တွင်း သယ်ယူပို့‌ဆောင်‌ရေးသည် အလွန်စရိတ်သက်သာ၍၊ တစ်‌နေ့ တစ်ခြား တိုးတက်လာခဲ့‌ပေသည်။

အ‌မေရိကန်နိုင်ငံတွင် ပထမဦးဆုံး တူး‌မြောင်းကို ၁၇၉၂ ခု-၁၇၉၆ ခုနှစ်များအတွင်း မက်ဆချူးဆက်ပြည်နယ် ကွန်နတီ ကတ်မြစ်အတွင်းရှိ ရေမော်များအနီးတစ်ဝိုက်၌ ‌ဖောက်လုပ်ခဲ့ သည်။ ထို‌နောက် ၁၉ ရာစုနှစ်ဦးမှ အစပြု၍ အ‌မေရိကန်၌ တူး‌မြောင်း‌ဖောက်လုပ်ခြင်း ‌ခေတ်စားခဲ့ရာ၊ ၁၈၃၇ ခုနှစ် မီး ရထားများကို စတင်အသုံးပြုသည့် အချိန်အထိပင် ဖြစ်‌လေ သည်။ အ‌မေရိကန်နိုင်ငံတွင် အထင်ရှားဆုံးတူး‌မြောင်းမှာ အီရီ အိုင်မှ ဟဒ်ဆင်မြစ်အထိ ဆက်သွယ်‌ဖောက်လုပ်ထား‌သော အီရီ တူး‌မြောင်းဖြစ်၍ ၃၆၅ မိုင်ခွဲ ရှည်သည်။ တစ်ခါက ဤတူး‌မြောင်းသည် ကုန်နှင့်လူများကို သယ်ယူပို့‌ဆောင်ရာ၌ အလွန်အသုံးဝင်ခဲ့သည်။ မကြာ‌သေးမီက ဤတူး‌မြောင်းကို ‌ဒေါ်လာသန်း‌ပေါင်း ၂၃၁ သန်းအကုန်ခံ၍ ပြင်ဆင်ခဲ့ပြီး‌နောက် ‘နယူး‌ယော့ပြည်နယ် တူး‌မြောင်း’ဟု အမည်သစ်‌ပေးခဲ့၏။

သို့‌သော် အ‌မေရိကန်နိုင်ငံတွင် တူး‌မြောင်း‌ခေတ်မှာ တဖြည်း ဖြည်း ကုန်ဆုံးပြီဖြစ်ရကား နယူး‌ယော့၊ ပင်ဆီလ‌ဗေးနီးယားနှင့် အိုဟိုင်းအိုပြည်နယ်များတွင် တူး‌မြောင်း မိုင်‌ပေါင်း ၄၅၀၀ ရှိ သည့်အနက် ၁၉၁၁ ခုနှစ်တွင် ၂၄၄၄ မိုင်မျှရှည်‌သော တူး‌မြောင်းများသည် ကူးသန်းသွားလာ‌ရေးအတွက် အသုံးမဝင် ဖြစ်ခဲ့‌လေသည်။ က‌နေဒါနိုင်ငံ၏ အ‌ရေးပါအရာ‌ရောက်‌သော တူး‌မြောင်းတစ်ခုမှာကား ဝဲလင်သ‌င်္ဘောတူး‌မြောင်းဖြစ်သည်။ ၁၉၃၁-၃၂ ခုနှစ်များတွင် ‌ဖောက်လုပ်ပြီးစီး၍၊ တူး‌မြောင်း၏ အရှည်မှာ ၂၇ ့၆ မိုင်ရှိသည်။ ထိုတူး‌မြောင်းသည် နိုင်အဂ္ဂရာ ကျွန်းဆွယ်ကို ‌ကျော်ဖြတ်၍ အတ္တလန္တိတ်သမုဒ္ဒရာနှင့် ‌ရေအိုင် ကြီးများကို ဆက်သွယ်ထား‌သော တူး‌မြောင်းဖြစ်သည်။ ကမ္ဘာ ‌ပေါ်၌ ထင်ရှား‌သော တူး‌မြောင်းများတွင်လည်း အပါအဝင်ဖြစ် သည်။ သို့‌သော် အ‌မေရိကတိုက်တွင် အ‌ရေးပါအရာ‌ရောက်ဆုံး တူး‌မြောင်းမှာ ပနားမားတူး‌မြောင်းဖြစ်သည်။

ရုရှနိုင်ငံ၌ ပြည်တွင်းသယ်ယူပို့‌ဆောင်‌ရေး ‌ရေလမ်းခရီး များမှာ အခြားဥ‌ရောပနိုင်ငံများထက် ပိုမိုများပြားသည်။ ‌ဗော်လ ဂါ၊ ဒွန်၊ နိပါးနှင့် နိစတာမြစ်များသည် ပင်လယ်ကူးသ‌င်္ဘော ကြီးများပင် သွားလာနိုင်‌သော မြစ်များဖြစ်ကြ၏။ ထို့အပြင် အ‌ရေးကြီး‌သော တူး‌မြောင်းသုံးသွယ်ကို ‌ဖောက်လုပ်လိုက်ခြင်း အားဖြင့် ရုရှနိုင်ငံသည် ‌ဗောလတစ်ပင်လယ်မှ ပင်လယ်နက် အထိ ခရီးထုတ်‌ချောက် သွားလာနိုင်ခဲ့‌လေသည်။ ရုရှနိုင်ငံတွင် ၁၈ ရာစုနှစ်အစ မဟာပီတာဘုရင်လက်ထက်ကပင် တူး‌မြောင်းအများအပြား ‌ဖောက်လုပ်ခဲ့၏။

သို့‌သော် ယခုအခါ‌လောက် အ‌ရေးပါအရာ‌ရောက်ခြင်း မရှိခဲ့‌ပေ။ ယခုတွင် ရုရှနိုင်ငံအတွက် အ‌ရေးကြီး‌သော တူး‌မြောင်းများကို ‌ဆောက် လုပ်ခြင်းသည် ဆိုဗီယက်အစိုးရ၏ ဒုတိယ ၅ နှစ်စီမံကိန်း အရပင်ဖြစ်သည်။

ဒုတိယ ၅ နှစ်စီမံကိန်းအရ ပထမဦးဆုံး ‌ဖောက်လုပ်‌သော တူး‌မြောင်းမှာ အိုနီဂါအိုင်နှင့် လာဒိုဂါအိုင် တို့ကိုဖြတ်၍ ပင်လယ်ဖြူနှင့် ‌ဗောလတစ်ပင်လယ်တို့ကို ဆက်သွယ်‌ပေးထား ‌သော တူး‌မြောင်းဖြစ်သည်။ ထိုတူး‌မြောင်းသည် အိုနီဂါအိုင်မှ‌နေ၍ ‌ဗော်လဂါမြစ်နှင့်လည်း ဆက်သွယ် ထားသည်။ အထက်ပါ စီမံကိန်းအရ ‌နောက်ဆုံး‌ဖောက်လုပ် ခဲ့‌သော တူး‌မြောင်းသည်ကား ‌ဗော်လဂါ-ဒွန်တူး‌မြောင်းဖြစ်သည်။ ထိုတူး‌မြောင်းသည် ‌ဗော်လဂါနှင့်ဒွန်မြစ်နှစ်သွယ်တို့ကို စတာလင် ဂရက်မြို့အနီးတွင် ဆက်သွယ်ဆုံမိ‌စေသည်။

‌ရေတံခါး ၁၃ ခုမျှ ရှိ၍ ‌ဗော်လဂါမှဒွန်အထိ အမြင့် ၂၉၆ ‌ပေရှိသည်။ ဒွန်မြစ်၏‌ရေမျက်နှာပြင်ကို တူး‌မြောင်းအဝင်ဝ ‌အောက် နားတွင် ‌ဆောက်လုပ်ထား‌သော တမံဆည်ရိုးကြီး တစ်ခုဖြင့် မြှင့်တင်‌ပေး၏။ ‌ဗော်လဂါ-ဒွန်တူး‌မြောင်းကို ၁၉၅၂ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ တူး‌မြောင်း၏အရှည်မှာ ၆၂ မိုင်ခန့်ရှိသည်။ ထိုတူး‌မြောင်းကို ‌ဖောက်လုပ်ခြင်းအားဖြင့် ‌ဗော်လဂါမြစ် ‌ရေကြောင်းသွားလာ‌ရေးကို ပင်လယ်နက်အထိ ‌ပေါက်‌ရောက်‌စေခဲ့၍ ယင်းမှ ခွဲဖြာ‌ဖောက်လုပ်‌သော အခြား တူး‌မြောင်းငယ်များအားဖြင့်လည်း ‌မော်စကိုမြို့၊ လီနင်ဂရက်မြို့၊ ပင်လယ်ဖြူတို့ကို ဆက်သွယ်နိုင်ခဲ့‌လေသည်။ ရုရှနိုင်ငံ၏ အခြားအ‌ရေးပါ အရာ‌ရောက်‌သော တူး‌မြောင်းတစ်ခုမှာ ‌မော်စကို တူး‌မြောင်းဖြစ်သည်။

ထိုတူး‌မြောင်းကို ၁၉၃၇ ခုနှစ် တွင် ဖွင့်လှစ်ခဲ့၍၊ ထိုစဉ်အခါက ‌မော်စကို ‌ဗော်လဂါတူး‌မြောင်း ဟု‌ခေါ်၏။ တူး‌မြောင်း၏အရှည်မှာ မိုင် ၈၀ ခန့်ရှိသည်။ ဤတူး‌မြောင်းကို ‌ဖောက်လုပ်ခြင်းအားဖြင့် ‌မော်စကိုမြို့သည် အ‌ရေး ပါ‌သော ပြည်တွင်းဆိပ်ကမ်းမြို့တစ်မြို ဖြစ်လာခဲ့‌လေသည်။

တရုတ်နိုင်ငံတွင် ယူဟိုးတူး‌မြောင်းသည် ကမ္ဘာ‌ပေါ်တွင် ‌ရှေးအကျဆုံးနှင့် အကြီးဆုံးတူး‌မြောင်းဖြစ်သည်။ တီယန်စင် မြို့နှင့် ဟန်ချိုမြို့ကို ‌ရေလမ်းခရီးဖြင့် ဆက်သွယ်ထားသည်။ တူး‌မြောင်း၏ ပထမတစ်ပိုင်းဖြစ်‌သော ယန်ဆီမြစ်‌မြောက်ဘက်မှ ‌ဟွေမြစ်အထိ မိုင်‌ပေါင်း ၁၃၀ ခန့်ကို ဘီစီ ၄၈၆ ခန့်တွင် ‌ဖောက်လုပ်ခဲ့၏။ တူး‌မြောင်း၏ ဒုတိယတစ်ပိုင်းဖြစ်‌သော ယန်ဆီမြစ်‌တောင်ဘက်နှင့် အ‌ရှေ့‌တောင်ဘက်ဖျားမှ ဟန်ချိုမြို့ အထိ မိုင်‌ပေါင်း ၃၅၅ ခန့်ကို ခရစ် ၆၀၅-၆၁၈ ခုနှစ် များ အတွင်း ‌ဖောက်လုပ်ပြီးစီးခဲ့သည်။ ‌မြောက်ပိုင်းတရုတ်နိုင်ငံနှင့် ဆက်သွယ်ခဲ့‌သော တူး‌မြောင်း၏‌နောက်ဆုံးတစ်ပိုင်းဖြစ်သည့် ‌ဟွေမြစ်မှ တီယန်စင်မြို့အထိကိုမူကား မွန်ဂိုမင်းများလက်ထက် ခရစ် ၁၂၉၀ ပြည့်နှစ်ခန့်တွင် ‌ဖောက်လုပ်ပြီး စီးခဲ့‌လေသည်။ ထို‌နောက် ထပ်မံတိုးချဲ့ခြင်းအားဖြင့် ယခုအခါ ထိုတူး‌မြောင်း သည် ပီကင်းမြို့အနီးသို့ ‌ရောက်ရှိလာပြီဖြစ်၏။

ဤတူး‌မြောင်းသည် ရာစုနှစ်‌ပေါင်းများစွာပင် ‌မြောက်ပိုင်း တရုတ်နိုင်ငံနှင့်ယန်ဆီမြစ်ဝှမ်းတို့အကြားတွင် အဓိက‌ရေကြောင်း သယ်ယူပို့‌ဆောင်‌ရေး လမ်းမကြီးဖြစ်ခဲ့‌လေသည်။ တူး‌မြောင်း၏ စုစု‌ပေါင်း အလျားမှာ ၁၂၈၉ မိုင်ခန့်ဖြစ်၏။ သို့‌သော် မကြာ‌သေးမီကာလ များအတွင်းက ဤတူး‌မြောင်း၏ အချို့‌သော အပိုင်းများမှာ ‌ကောကုန်သဖြင့် ယခုအခါ မိုင်‌ပေါင်း ၈၉၂ မိုင်ခန့်မျှသာ ‌လှေ သ‌င်္ဘောများ သွားလာဝင်ထွက်နိုင်‌ပေသည်။ အီဂျစ်နိုင်ငံကား တူး‌မြောင်းတစ်ခုတည်းဖြင့်ပင် ကမ္ဘာတွင် ထင်ရှား‌ကျော်ကြားခဲ့၏။ ထိုတူး‌မြောင်းမှာ ဆူးအက်တူး‌မြောင်း ပင်တည်း။

မြန်မာနိုင်ငံ၌လည်း ‌ရေကြောင်းခရီး သယ်ယူပို့‌ဆောင်‌ရေး နှင့် လယ်ယာစိုက်ပျိုး‌ရေးဆိုင်ရာ တူး‌မြောင်းများရှိသည်။ တွံ‌တေးတူး‌မြောင်း၊ ကျိုက်ထိုတူး‌မြောင်းနှင့် ပဲခူးစစ်‌တောင်း တူး‌မြောင်းတို့သည် ‌ရေကြောင်းခရီးသယ်ယူပို့‌ဆောင်‌ရေး လွယ်ကူ‌စေရန် ‌ဖောက်လုပ်ထား‌သော တူး‌မြောင်းများဖြစ်သည်။ မန္တ‌လေးတူး‌မြောင်း (၁၉၀၂-၀၃ ခုနှစ်ဖွင့်သည်။) ‌ရွှေဘို တူး‌မြောင်း (၁၉၀၆-ဝ၇ ခုနှစ်ဖွင့်သည်။) ‌ရေဦးတူး‌မြောင်း (၁၉၁၁-၁၂ ခုနှစ်ဖွင့်သည်။) မုန်းတူး‌မြောင်း(၁၉၁၁-၁၂ ခုနှစ် ဖွင့်သည်။) စလင်းတူး‌မြောင်း (၁၉၂၅-၂၆ ခုနှစ်ဖွင့်သည်။) မန်းတူး‌မြောင်းနှင့် မူးတူး‌မြောင်း‌ဟောင်း စသည်တို့မှာ ‌ခြောက်‌သွေ့‌သော မိုး‌ခေါင်ရေရှားအရပ်များ၌ လယ်ယာ စိုက်ပျိုးလုပ်ကိုင်နိုင်‌စေရန် ‌ဖောက်လုပ်ထား‌သော တူး‌မြောင်း များဖြစ်ကြ‌လေသည်။

‌ရေကြောင်းခရီး သယ်ယူပို့‌ဆောင်‌ရေးဆိုင်ရာ တူး‌မြောင်း များအနက် ရန်ကုန်မြစ်နှင့် ချိုင်းနားဗာကာ မြစ်တို့ကို ဆက် သွယ်ထား‌သော အလျား ၂၁ မိုင်ရှည်သည့် တွံ‌တေးတူး‌မြောင်း သည် အ‌ရေးအကြီးဆုံး ဖြစ်သည်။ ‌ရှေးအခါက ပြည်တွင်း‌ရေ ‌ကြောင်းခရီးဖြင့် ရန်ကုန်မြို့သို့လာရာ၌ ခရီးရှည်လျား၍ အချိန် ကုန်‌သော တွံ‌တေး‌ချောင်းမှလာရ၏။ ယခု‌သော် တွံ‌တေး တူး‌မြောင်းကို ‌ဖောက်လုပ်ခြင်းအားဖြင့် ရန်ကုန်မြို့သို့ ‌လှေသ‌င်္ဘော အသွားအလာ လွယ်ကူလျင်မြန်လာသည့်အပြင် အချိန်ကုန်ခြင်းနှင့် စရိတ်ကုန်ခြင်းလည်း များစွာသက်သာ ခဲ့‌လေသည်။ အထက်မြန်မာနိုင်ငံမှ ဆန်နှင့်သစ်များကိုလည်း ဤတူး‌မြောင်းမှပင် လွယ်ကူစွာ သယ်ယူတင်ပို့ နိုင်‌ပေသည်။

တွံ‌တေးတူး‌မြောင်းကို ၁၉၁၆-၁၇ ခုနှစ် အတွင်း၌ ဖွင့်လှစ် အသုံးပြုခဲ့၍ ၁၉၃၅ ခုနှစ်တွင် တူး‌မြောင်းကိုဆည်ပြီးလျှင် ထပ်မံချဲ့ထွင်ခဲ့သည်။ တူး‌မြောင်း‌ဖောက်လုပ်ခြင်းအတွက် စုစု‌ပေါင်းကုန်ကျ‌ငွေမှာ ၁၀၃၉၆၀၀၀ ကျပ်ခန့်ဖြစ်သည်။ ရန်ကုန်မြစ်မှခွဲထွက်‌သော ပဲခူးမြစ်‌ပေါ်ရှိ တာဝမြို့နှင့် စစ်‌တောင်းမြစ်‌ပေါ်ရှိ မြစ်ကျိုးရွာမှစတင်၍ ပဲခူးမြို့ ‌တောင် ဘက်ရှိ တာဝရွာတွင် ပဲခူးမြစ်နှင့်လာ‌ရောက်ဆက်သွယ်သည့် ပဲခူးစစ်‌တောင်းတူး‌မြောင်းသည် အလျား ၃၈ မိုင်ရှည်၍၊ တူး‌မြောင်း၏ထိပ်နှစ်ဘက်တွင် အရှည်‌ပေ ၂၄၀၊ အကျယ်‌ပေ ၃၀ ရှိ‌သော ‌ရေတံခါးတစ်ခုစီ တပ်ဆင်ထားသည်။ ထိုတူး ‌မြောင်းသည် ၁၈၈၅ ခုနှစ် ရန်ကုန် -တောင်ငူ မီးရထား လမ်းဖွင့်သည့်အချိန်ထိ ရန်ကုန်နှင့်‌တောင်ငူအကြား၌ တစ်ခု တည်း‌သော လမ်းပန်းအဆက်အသွယ် ဖြစ်ခဲ့သည်။

၁၈၈၇-၈၈ ခုနှစ် အတွင်းသို့‌ရောက်မှ ပဲခူးစစ်‌တောင်းတူး‌မြောင်းကို စံနစ် တကျ ဖွင့်လှစ်နိုင်ခဲ့သည်။ စစ်‌တောင်းမြစ်တစ်‌လျှောက် ‌မျှောချ လာ‌သော သစ်‌ဖောင်များသည် ထိုတူး‌မြောင်းမှ တစ်ဆင့် ရန်ကုန်မြို့သို့‌ရောက်သည်။ ပဲခူးစစ်‌တောင်း တူး‌မြောင်း ‌ဖောက် လုပ်ခြင်းအတွက် စုစု‌ပေါင်းကုန် ကျ‌ငွေမှာ ၇၉၄၆၀၀၀ ကျပ် ခန့်ဖြစ်သည်။

ကျိုက်ထိုတူး‌မြောင်းသည် ကျိုက်ထိုမြို့တည်ရှိရာ ကျိုက်ထို မြစ်မှ စစ်‌တောင်းမြစ်၏ အ‌ရှေ့ဘက်ကမ်းအထိ ဆက်သွယ်ထား ၍၊ မိုင် ၂၀ ခန့်ရှည်ပြီးလျှင် တူး‌မြောင်းထိပ်နှစ်ဘက်၌ ‌ရေ တံခါးတစ်ခုစီရှိသည်။ ပဲခူးစစ်‌တောင်း တူး‌မြောင်းမှတစ်ဆင့် ကျိုက်ထိုတူး‌မြောင်းသို့ ဆက်လက်သွားနိုင်သဖြင့် ဤတူး‌မြောင်း ကို ပဲခူးကျိုက်ထို တူး‌မြောင်းဟုလည်း‌ခေါ်သည်။ ယခုအခါ ကျိုက်ထိုတူး‌မြောင်းမှာ ‌ကောစပြုပြီဖြစ်၍ များစွာအသုံးမပြုကြ ‌တော့‌ချေ။

‌ရှေးအခါက ‌ရေသွင်း‌ပေးရန် ‌ရေတံခါး၌ အ‌ပေါက်ငယ်များ ကို ‌ဖောက်လုပ်ထားသည်။ ယခု‌ခေတ်တွင်မူ ‌ရေတံခါး၏နံရံရှိ ‌ရေလွှဲ‌ပေါက်များကို အသုံးပြုကြသည်။ ‌ရေတံခါးများဖြင့် ‌လှေ သ‌င်္ဘောများကို နိမ့်ရာမှ မြင့်ရာသို့ တင်‌ပေးပုံမှာ ဤသို့ ဖြစ်၏။ ပမာအားဖြင့် သ‌င်္ဘောတစ်စင်းသည်‌ ရေမျက်နှာပြင်နိမ့် လျက်ရှိ‌သော မြစ်တစ်မြစ်မှ ‌ရေမျက်နှာပြင်မြင့်‌သော အခြား မြစ်တစ်မြစ်သို့ တူး‌မြောင်းဖြင့်ဖြတ်သွားလိုသည် ဆိုကြပါစို့။ တူး‌မြောင်းတွင် မြစ်နှစ်မြစ်ကြားရှိ မြင့်မား‌သော ကုန်း‌မြေကို ဖြတ်၍ သ‌င်္ဘောကို သယ်‌ဆောင်ပို့‌ပေးနိုင်ရန် ‌ရေတံခါးများကို အဆင့်ဆင့်ပြုလုပ်ထားသည်။ သ‌င်္ဘောသည် တူး‌မြောင်းကို ဖြတ်‌ကျော်ရန် ပထမ‌ရေတံခါးထဲသို့ ‌ရောက်ရှိလာ‌သောအခါ အခန်း၏တံခါးကိုပိတ်ပြီးလျှင် ‌ရေလွှဲ‌ပေါက်များကို ‌ရေကို သွင်း‌ပေးသည်။

ဤသို့‌ရေသွင်း‌ပေး၍ ပထမအခန်းရှိ‌ရေသည် ဒုတိယအခန်းကို ဖွင့်‌ပေးသည်။ ထို‌နောက် သ‌င်္ဘောကို ဒုတိယ အခန်းတွင်းသို့ ဆွဲသွင်း၍ ဒုတိယအခန်းကို တစ်ဖန်ပိတ်ရ ပြန်သည်။ ယင်းကဲ့သို့ ဆင့်ကဲဆင့်ကဲ ပြုလုပ်‌ပေးခြင်းဖြင့် သ‌င်္ဘောသည် ‌ရေတံခါးအထပ်ထပ်ကို ဖြတ်‌ကျော်၍ ‌နောက် ဆုံးတွင် မိမိသွားလိုရာမြစ်ထဲသို့ ‌ရောက်ရှိ‌လေသည်။ တူး ‌မြောင်းအတွင်း မြင့်ရာမှနိမ့်ရာသို့ စုန်ဆင်း‌သောအခါ၌လည်း ဤနည်းကို ‌ပြောင်းပြန်အသုံး ပြုရသည်။ ‌ရှေးအခါက တူး ‌မြောင်းများတွင် ‌လှေသ‌င်္ဘောများကိုဆွဲယူရန် လူအား တိရစ္ဆာန် အားကိုသာ အသုံးပြုခဲ့ကြသည်။ ယခုအခါ၌ပင် အချို့‌ဒေသ များ၌ ဤနည်းကို အသုံးပြုဆဲဖြစ်၏။ ‌ခေတ်မှီ‌သော ‌ရေတံခါး များတွင်မူ လျှပ်စစ်ဓာတ်အားကို အသုံးပြုလျက်ရှိပြီဖြစ်သည်။ တူး‌မြောင်းများတွင် ပြည်တွင်းသုံးရန်တူး‌မြောင်းနှင့် သ‌င်္ဘော ကြီးများသွားလာရန် တူး‌မြောင်းဟူ၍ နှစ်မျိုးရှိသည်။ သ‌င်္ဘော ကြီးများ အသုံးပြုသည့် တူး‌မြောင်းမျိုးမှာ ပင်လယ်တစ်ခုမှ အခြားပင်လယ်တစ်ခုသို့ ကူးသွားရာ၌ ခရီးကိုနီး‌အောင် ကျွန်း ဆွယ်များကိုဖြတ်၍ ‌ဖောက်လုပ်ထားသည့် တူး‌မြောင်းမျိုး သို့မဟုတ် ပြည်တွင်းအ‌ရေးကြီးသည့်‌နေရာကို သ‌င်္ဘောဆိပ် ဖြစ် ‌အောင် တူးယူသည့်တူး‌မြောင်းမျိုးဖြစ်သည်။

သ‌င်္ဘောကြီးများ အသုံးပြုသည့် တူး‌မြောင်းများအနက် ပင်လယ်ချင်း ဆက်သွယ် ထား‌သော တူး‌မြောင်းများမှာ အီဂျစ်နိုင်ငံရှိ ဆူးအက်တူး‌မြောင်း၊ ဂျာမနီနိုင်ငံရှိ ကီးတူး‌မြောင်း၊ ပနားမားနိုင်ငံရှိ ပနားမား တူး‌မြောင်း စသည်တို့ဖြစ်ကြ၍၊ ကယ်လဒိုးနီးယန်းတူး‌မြောင်းမှာ ဤအမျိုးအစားတွင် ‌ရှေးအကျဆုံး တူး‌မြောင်းဖြစ်သည်။ အင်္ဂလန်နိုင်ငံ ရှိ မန်ချက်စတာ တူး‌မြောင်းမှာကား မန်ချက်စတာမြို့ကို သ‌င်္ဘောဆိပ်မြို့ဖြစ်လာ‌စေရန် ‌ဖောက်သွယ်ထား‌သော တူး‌မြောင်း ဖြစ်‌လေသည်။

ကိုးကား

[ပြင်ဆင်ရန်]

မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)