တိလောကဂုရုဆရာတော်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

တိလောကဂုရုဆရာတော် (၉၄၀ ခန့် ၁၀၂၀ ခန့်)[ပြင်ဆင်ရန်]

တိလောကဂုရုဟူသော ဘွဲ့တံဆိပ်တော်ကို တိလောကဂုရုဆရာတော်ဟူ၍ ထင်ရှားလာသော ဆရာတော်ကား ပခန်းကြီးမြို့ အနောက်လက် ခြောက်တိုင်ကွာ ဆိတ်ဆင်းကျေး ရွာ (ယခု မြိုင်မြို့နယ်) ၌ မွေးဖွားသည်။ သာမဏေဘဝမှ ရဟန်းပြုပြီးသော် အင်းဝမြို့သို့ ကြွရောက်၍ စာပေပရိယတ်များကို သင်ကြားဆည်းပူးသည်။ ရှေးဦးစွာ စာပေသင်သောကျောင်းကား ရွှေစည်းခုံစေတီတော် မြောက်ဘက် ဇေတဝန်ခြေတိုင်ကျောင်း ဖြစ်သည်။

တိလောကဂုရုလောင်းလျာ ပဉ္စင်းပျိုသည် စာပေကျမ်းဂန် တတ်ပြန်ပါလျက် ပျိုရွယ်သူတို့၏ စိတ်သဘာဝဖြင့် သာသနာ့ဘောင်တွင် မပျော်ပိုက်ဘဲ လူထွက်မည် အကြံရှိလေသည်။ သို့ဖြစ်၍ လူဝတ်လူစားများကို ယူ၍ အဖော်ရဟန်းတို့နှင့် လာခဲ့၏။ ထိုစဉ် ရဟန်းဘဝနှင့် ရွှေစည်းခုံ စေတီတော်ကြီးကို နောက်ဆုံးဖူးမြင်ဦးမည်၊ ဟု ရွှေစည်းခုံရင်ပြင်တော်သို့ သွားရောက်၍ ရှိခိုးဦးတင်လေသည်။

ထိုအခိုက် အပျိုစင် အမျိုးသမီးတစ်ယောက်သည် ရေချမ်းအိုးကို ကိုင်လျက် ရင်ပြင်တော်ပေါ်သို့ တက်ရောက်လာ၏။ အမျိုးသမီးသည် လူထွက်လိုသော ရဟန်းနှင့် မနီးမဝေးတွင်ထိုင်၍ ရေချမ်းကပ်လှူပူဇော်သည်။ အမျိုးသမီးသည် ရဟန်းပျို ကြားလောက်သော အသံဖြင့်ဘုရားရှင်အား ဤကုသိုလ်ကောင်းမှုကြောင့် ဆင်းရဲကင်းရပါလို၏၊ ဖြစ်လေရာဘဝတိုင်း၌ ရဟန်းလူထွက်မယား မဖြစ်ရပါလိုဘုရား၊ ဟု လျှောက်ထားလေသည်။

ထိုစကားကို ရဟန်းပျိုကြားလျှင် အကျိုးအကြောင်းကို သမီးပျိုအား မေးကြည့်ရာ သမီးပျိုက အရှင်ရဟန်း- လူထွက်သော ရဟန်းဆိုသည်မှာ မိုက်မဲသူသာ ဖြစ်သည်၊ ရဟန်းဆိုသည်သူတစ်ပါး လှူဒါန်းသော အစားအစာ၊ အဝတ်တန်ဆာ၊ အရိပ်သင်္ခမ်းနှင့် ပြည့်စုံသဖြင့် ချမ်းသာစွာနေရပါလျက် လူထွက်၍ တဏှာကျွန် မယားကျွန်ခံဦးမည်ဆိုက သည့်ထက်မိုက်မဲသူ ဘယ်မှာရှိချိမ့်မည်နည်း၊ ဤမျှ မိုက်မဲသူ မယားဖြစ်ရပါမူ ကျွန်တော်မအတွက် ဘယ်မှာ ချမ်းသာရာရပါမည်နည်း၊ သို့အတွက် ဤဆုကို တောင်းပါသည်၊ ဟု ဖြေကြားလေသည်။

ရဟန်းပျိုသည် ထိုစကားကို ကြားလျှင် များစွာ တုန်လှုပ်လျက် သတိသံဝေဂလည်း ရမိရှာသည်။ ထို့ကြောင့် ရဟန်းဘဝဖြင့်ပင် အရိုးထုတ်တော့မည်ဟု ကြံ၍ ပါလာသော အဖော်ရဟန်းတို့အားလည်း ထိုအကြောင်းကို ပြောကြား၍ စစ်ကိုင်းဘက်သို့ ကူးပြီးလျှင် စာပေပရိယတ်များကို သင်ကြားခြင်း၊ ပို့ချခြင်းများ ပြုလုပ်လေတော့သည်။

ဤသို့ဖြင့် ပုညရှင်စေတီ အနီးတွင် ကျောင်းငယ်ကလေးဖြင့် နေတော်မူလျက် စာပေပို့သနေရာ စာသင်ရဟန်းများ နေစရာ မရှိအောင် များပြားလှဘိ၏။ ထိုအကြောင်းကို အင်းဝ ဘုရင်သိလျှင် ကျောင်းတော်ကို ဆောက်လုပ်လှူဒါန်းလေသည်။ ဆရာတော်အားလည်း ' တိလောကဂုရု' ဟူသော ဘွဲ့တံဆိပ်ကို ပေးအပ်လှူဒါန်းသည်။ ထိုအချိန်မှစပြီး တိလောဂုရုဆရာတော် ဟူ၍ သာသနာရေးလောက၌ နေလအသွင် ထင်ရှားလာလေသည်။

ဖော်ပြပါ ဖြစ်ရပ်များကို မည်သည့်သက္ကရာဇ်တွင် ဖြစ်ပျက်ခဲ့သည်ဟု ပြောနိုင်ရန် အထောက်အထား ရှာဖွေမရ ဖြစ်သည်။ အရပ်ရပ် အကြောင်းများကို လေ့လာလျှင် အနောက်ဖက်လွန်မင်း လက်ထက်ဟု ဆိုနိုင်ဖွယ်သည်။ သာသနာလင်္ကာရစာတမ်းစသော အဆက်ဆက် သာသနာဝင်တို့၌ ၁ဝ၃၄-ခု နန်းတက်သော နရာဝရမင်းလက်ထက်ဟု အတည်ပြု ဆုံးဖြတ်ကြ၏။ သာသနာလင်္ကာရစာတမ်း၌လာသော စကားသည် ရှေ့နောက်မညီတတ်ပေ။

စာမျက်နှာ ၁၆၅-တွင် အနောက်ဘက်လွန်မင်းလက်ထက် သက္ကရာဇ် ၉၆၇-ခုနှစ်တွင် လကျာ်ဘိ နန်သူကျောင်း၌ သျှင်တိလောကဂုရုတို့ ပညာသင်ကြားကြောင်း ပြဆိုထားပြီး၊ တစ်ဖန် စာမျက်နှာ ၁၇၉-၌ နရာဝရမင်းလက်ထက် လူထွက်မည် ပြုသော ရဟန်းပျိုတစ်ဦး အကြောင်းကို ဖော်ပြထား ရာ မညီမညွတ် ဖြစ်နေသည်ကို တွေ့ရှိရသည်။

ထို့ပြင် တိလောကဂုရုဆရာတော်၏ တပည့် သျှင်တေဇောဒီပသည် ခုနစ်ဝါ (ငါးဝါ) အရတွင် ပရိတ်ကြီးဋီကာကို ရေးသားသည် ဆို၏။ ထိုပရိတ်ကြီးဋီကာ နိဂုံး၌ ၉၇၁-ခုနှစ်တွင် ပါရှိသဖြင့် ဆရာတော်၏ တပည့်သည် ၉၇၁-ခုနှစ်တွင် ခုနစ်ဝါ ရပြီဆိုက ၎င်းသည် ၉၄၅-ခုဖွား ဖြစ်၏။ သျှင်တိလောကဂုရုမှာ ဧကန် ၉၄၅-ခု မတိုင်မီကပင် မွေးဖွားရမည် ဖြစ်သည်။ ထိုနှစ်၌် ဖွားသူပင်လျှင် နရာဝရမင်းလက်ထက် ၁ဝ၃၄-ခုနှစ်တွင် အသက် ၈၉-နှစ် ရှိနေပြီဖြစ်ရာ သျှင်တိလောကဂုရုဆရာတော်သည် နရာဝရမင်းလက်ထက် ရဟန်းပျို မဟုတ်တော့ကြောင်း ထင်ရှားလေသည်။

တစ်ဖန် တိလောကဂုရုဆရာတော်သည် နရာဝရမင်းလက်ထက် မတိုင်မီကပင်လျှင် ကျော်ကြားနေသော မင်းဆရာတစ်ပါး ဖြစ်နေ၏။ သာလွန်မင်းလက်ထက် သက္ကရာဇ် ၁ဝဝ၁-ခု၊ ပြာသိုလပြည့်ကျော် သုံးရက်နေ့တွင် သာလွန်မင်းတရားသည် ကောင်းမှုတော်သို့ ထွက်၍ တံဆိပ်ရ သံဃာတော်များနှင့် သံဃာတော် ၁၅-ကျိပ်တို့ကို ဆွမ်းကျွေးတော်မူသည်။ ထိုအထဲတွင် တံဆိပ်တော်ရ တိလောကဂုရုဆရာတော်၊ တောင်ဖီလာဆရာတော်၊ တိသာသနဓဇဘုန်းကြီးတို့ လည်း ပါဝင်ကြောင်း သာလွန်မင်းအမေးတော်ပုံကျမ်း၌ တောင်ဖီလာဆရာတော်၏ ရေးသားချက် ရှိပေသည်။

ယင်းအချက်တို့ကို ထောက်ထား၍ တိလောကဂုရုဆရာတော်သည် အနောက်ဘက်လွန်မင်း လက်ထက်မှာပင် ပေါ်ထွန်းလာသော ပညာရှင်တစ်ပါးဟူ၍ ဆုံးဖြတ်သင့်ပေသည်။ တိလောကဂုရုဟူသော ဘွဲ့တံဆိပ်သည်ကား အနောက်ဘက်လွန်မင်းလက်ထက် သို့မဟုတ် သာလွန်မင်းလက်ထက်တွင် ရရှိသည်ဟု မှတ်ယူရမည် ဖြစ်ပေသည်။

တိလောကဂုရုဆရာတော်ကြီးသည် သာသနာတော်အတွက် နက်နဲခက်ခဲလှသော ဓာတုကထာဋီကာဝဏ္ဏနာကျမ်း၊ ဓာတုကထာဋီကာအနုဝဏ္ဏနာကျမ်း၊ ယမကဝဏ္ဏနာဋီကာကျမ်း၊ ပဋ္ဌာနဋီကာဝဏ္ဏနာကျမ်းစသည်တို့ကို ပြုစုခဲ့ပါသည်။ ဆရာတော်သည် ပျို့ ကဗျာ လင်္ကာစသည် တို့ကို ပြုစုခဲ့သည်ဟု အမှတ်အသား မတွေ့ရသော်လည်း ကြည်ညွတ်ရိုသေဖွယ် ဖြစ်သောကြောင့် ထည့်သွင်း ဖော်ပြရခြင်း ဖြစ်ပေသည်။

[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ရဟန်းစာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ရေးသားသူ ဘုန်းနွယ်(ရေစကြို)၊ အရှင်ဧသိက(ဘုန်းနွယ်) စာပေရောင်ခြည်ကျောင်း၊ အောင်မြေသာသူဌေးတိုက် ရေစကြိုမြို့။

ဆက်လက်လေ့လာရန်[ပြင်ဆင်ရန်]

၁) သာလွန်မင်းအမေးတော်ပုံကျမ်း၊ သာသနာလင်္ကာရစာတမ်း၊ ပခုက္ကူသာသနာဝင်၊ ပိဋကတ်သမိုင်းစာတမ်း၊ ပခန်းအကြောင်း သိကောင်းစရာ၊ ကဗျာကြေးမုံ ပိဋကတ် ကြေးမုံကျမ်း ၊