တရုတ်နံနံပင်

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
Celery
Illustration Apium graveolens0.jpg
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Plantae
Clade: Angiosperms
Clade: Eudicots
Clade: Asterids
မျိုးစဉ်: Apiales
မျိုးရင်း: Apiaceae
မျိုးဇာတ်: Apieae
မျိုးစု: Apium
မျိုးစိတ်:
A. graveolens
ဒွိနာမ
Apium graveolens
L.
Synonyms[၂]
  • Apium graveolens subsp. dulce (Mill.) Schübl. & G. Martens
တရုတ်နံနံပင်

တရုတ်နံနံပင်သည် 'အက်ပီယမ်'မျိုးစုတွင်လည်းကောင်း၊ 'အမ်ဗဲ လစ်ဖရီ'မျိုးရင်းတွင်လည်းကောင်း ပါဝင်သည်။ ရုက္ခဗေဒအမည်မှာ 'အက်ပီယမ် ဂရဲဗီအိုလင်း'ဖြစ်သည်။ တရုတ်နံနံပင်သည် ဥရောပ၊ အာရှနှင့် အာဖရိကတိုက်တို့တွင် မူလပေါက်သော အပင်ဖြစ်သည်။ ထိုတိုက်ကြီးများရှိ ယဉ်ကျေးမှုရှေးကျသော ဒေသများတွင် ခရစ်သက္ကရာဇ် မတိုင်းမီကပင်လျှင် တရုတ်နံနံ ပင်ကို စိုက်ပျိုးခဲ့ကြသည်။ သို့သော် စိုစွတ်သောမြေတွင် အမြင့် ၆ လက်မမှ ၁၅ လက်မထိ သဘာဝအလျောက်လည်း ပေါက်တတ်သေးသည်။ တရုတ်နံနံပင်တွင် ရွက်ညှာမြောက်မြားစွာရှိ၍၊ ငှက်မွှေးပုံ အရွက်များရှိသည်။ အခက်အလက်များ ဖြာထွက်နေပြီးလျှင် အရွက်များဖြင့်ပြီးသော ပွင့်ညှာများရှိသည်။ ထိုပွင့်ညှာများသည် ၂ ပေမှ ၃ ပေထိရှိသည်။ ထိုပွင့်ညှာများ၏ ထိပ်တွင် ရင်းတူထိပ်ညီအပွင့်ဖြူများပွင့်သည်။ ထိုအပွင့်များမှ အစေ့ (အသီး) ငယ်များဖြစ်လာသည်။

ဥရောပတိုက် မြောက်ပိုင်းနှင့်အာရှတိုက်ရှိ ညွန်ပျောင်းထူထပ်သောဒေသတို့၌ အလေ့ကျပေါက်သော တရုတ်နံနံပင်သည် ခါးသည့်အရသာရှိ၏။ ကြမ်းတမ်းသော ပေါင်းပင်တမျိုးဖြစ်သဖြင့် စားသုံးရန် လုံးဝသင့်လျော်ချေ။ သို့ရာတွင် ထိုနံနံပင်အရိုင်းမျိုးကို လူတို့ဂရုတစိုက် စိုက်ပျိုးလာကြခြင်းကြောင့်၊ မကြာသေးမီ ရာစုနှစ်များအတွင်း စားသုံးနိုင်သော အပင်ဖြစ်လာလေသည်။ ၁၆၈၆ ခုနှစ်တွင် တရုတ်နံနံပင်ကို ပထမဦးစွာ စိုက်ပျိုးခဲ့သော်လည်း၊ ၁၈ဝဝ ပြည့်နှစ်တိုင်အောင် လူအများ မစားသုံးခဲ့ကြသေးချေ။ ၁၈၇၄ ခုနှစ်တွင် အမေရိကတိုက် မစ်ရှီဂန်ပြည်နယ် ကယ်လမာဇူးအနီးတွင် တရုတ်နံနံပင်ကို စတင်စိုက်ပျိုးခဲ့သည်။

တရုတ်နံနံပင်သည် အစေ့မှပေါက်သည့် တစ်နှစ်ခံ သို့မဟုတ် နှစ်နှစ်ခံပင်ပျော့ဖြစ်သည်။ အလေးချိန် တအောင်စတွင် အစေ့ပေါင်း ၇ဝဝဝဝ ခန့် ပါဝင်၍၊ ထိုအစေ့များမှ အပင် ၁ဝဝဝဝ ခန့်ပေါက်လာနိုင်သည်။ နွေကူးဥတုအချိန်တွင် နံနံစေ့များကို ပျိုးထောင်ရသည်။ အပင်ပေါက်ကလေးများ ၆ လက်မခန့်ရှိလာသောအခါ နုတ်ယူပြီးလျှင်၊ ဇွန်လအတွင်း၌ ပြုပြင်ထားသော မြေယာသို့ ရွေ့ပြောင်းကာ၊ အတန်းလိုက်စီ၍ စိုက်ပျိုးရသည်။ အစိုဓာတ်ရှိသော သစ်ဆွေးနုံးမြေပွတို့တွင် ကောင်းစွာဖြစ်ထွန်းသည်။ သို့သော် ရေဝပ်သော မြေကိုမူ မနှစ်သက်ချေ။ မြေဆီဓာတ်ကို စုတ်ယူသော အပင်ဖြစ်သဖြင့် မြေဆီလွှာတွင် မြေဩဇာများထည့် ပေးရသည်။ အပင် ၁၆ လက်မခန့်မြင့်လာသောအခါ အပင်၏ ထိပ်ပိုင်းကို လျော့လျော့ချည်ထားပြီးလျှင် အတက်နှင့် အရွက်ကလေးများကို ဖြတ်တောက်ပစ်ရသည်။ ပင်စည်တွင် အဖြူရောင်ရှိနေစေရန် အပင်ကို မြေတောင်မြှောက်ပေးရသည်။ ဤသို့ပြုလုပ်ရာတွင် အပင်၏ အလယ်ပိုင်းသို့ မြေကြီးများ မရောက်စေရန် သတိထားရသည်။

တရုတ်နံနံပင်စိုက်နည်း အမျိုးမျိုး ရှိသည့်အနက် စိုက်နည်း တစ်နည်းတွင် တစ်ပင်နှင့်တစ်ပင်ကို ၆ လက်မစီခွာထား၍ တတန်းနှင့်တတန်းကို ၃ ပေမှ ၄ ပေအထိ ခြားထားရသည်။ မြေကိုပွအောင်ပြုပြင် ပေးရသည့်ပြင် ပေါင်းလည်းရှင်းပေးရသည်။ အပင်ကို နေရောင်မထိစေရန်နှင့် ပင်စည်ဖြူနေစေရန် မြေတောင်မြှောက်ပေး၍လည်းကောင်း၊ ချပ်ပြားဖြင့်ဖြစ်စေ၊ ကောက်ရိုးဖြင့် ဖြစ်စေ ဖုံး၍လည်းကောင်း ထားရသည်။ ရက်သတ္တပတ် နှစ်ပတ်မျှ ယင်းသို့ပြုလုပ်ပေးရသည်။ ဤသို့ပြုလုပ်ပေးခြင်းသည် အပင်ကို နေရောင်မထိစေရန်ပင်ဖြစ်သည်။ နေရောင်ထိလျှင် အပင်တွင် အစိမ်းရောင်ဝင်လာသဖြင့် စားသုံးရာတွင် ကြမ်းတမ်း၍ အရသာခါးလာတတ်သည်။ အခြားစိုက်နည်းတွင် တစ်ပင်နှင့် တစ်ပင်ကို ပူးကပ်စွာ စိုက်ပြီးလျှင် တတန်းနှင့် တတန်းကို ၁၂ လက်မထက် မပိုအောင် ခြားထားရသည်။ တတန်းနှင့်တတန်း အကွာအဝေးကိုမူ အပင်၏ အမျိုးအစားအရွယ် စသည်တို့ကိုလိုက်၍ သင့်တော်အောင်ညှိထားရသည်။ အချို့တရုတ်နံနံပင်သည် ၁၂ လက်မမှ ၁၅ လက်မထိရှိ၍၊ အချို့မှာ ၂ ပေခွဲ ထက်ပင် မြင့်သည်။

တရုတ်နံနံပင်ကို ပါရာဆိုက်များ မကြာခဏဖျက်ဆီးတတ်သည်။ ထိုပါရာဆိုက်တို့သည် အရွက်များတွင် အဝါကွက်၊ သို့မဟုတ် မွဲပြာရောင်ကွက်ကဲ့သို့ အကွက်ပေါ်လာစေ၍ အရွက် တစ်ခုလုံးကို ဖျက်ဆီးပစ်သည်။ ပင်စည်ကိုလည်း ဖျက်ဆီးသည်။ အပင်ကို ပိုးသတ်ကြေးနီမှုန့်ဖြူးပေးခြင်း သို့မဟုတ် ဗေါ်ဒိုးဆေး ဖျန်းပေး ခြင်းအားဖြင့် ကာကွယ်နိုင်သည်။ ကျပ်ခိုးကို ထုံးမှုန့်နှင့်ရော၍လည်း မကြာခဏဖြူးပေးနိုင်သည်။

အဖြူမျိုး၊ အစိမ်းမျိုးဟူ၍ တရုတ်နံနံပင်နှစ်မျိုးရှိသည်။ အစိမ်းမျိုး၏ပင်စည်သည် ကြွပ်ဆတ်၍ ချိုသောအရသာရှိသည်။ ရောင်းဝယ်ရာတွင် အဖြူမျိုးထက် အစိမ်းမျိုးကို အတွေ့ရများသည်။ အထူးဂရုစိုက်ပျိုးထားသော နှစ်နှစ်သားအပင်မှ မျိုးစေ့အတွက် အစေ့ကို ရနိုင်သည်။

တရုတ်နံနံရွက်ညှာကို လက်သုတ်သုတ်၍လည်းကောင်း၊ ဟင်းသီးဟင်းရွက်ပြုတ်သကဲ့သို့ ချက်ပြုတ်၍လည်းကောင်း စားနိုင်သည့်ပြင် အစိမ်းလိုက်လည်း စားနိုင်သည်။ တရုတ်နံနံစေ့ကို အမှုန့်ကြိတ်၍ ဆားနှင့်ရောစပ်ထားလျှင် ဟင်းလျာစသည်တို့တွင် ခတ်ရန် နံနံစေ့အငန်မှုန့်ကိုရသည်။ တရုတ်နံနံပင်တွင် ထုံးဓာတ်၊ သံဓာတ်နှင့် ဗီတာမင်များပါရှိသည်။ တရုတ်နံနံစေ့ကို ကြာရှည်ဝမ်းချုပ်ခြင်းအတွက်သော်လည်းကောင်း၊ မိန်းမတို့တွင်ဖြစ်ပေါ်တတ်သော ဓမ္မတာ သွေးမမှန်ခြင်းရောဂါများ အတွက် ဆေးဖော်စပ်ရာတွင် လည်းအသုံးပြုနိုင်သည်။ ချွေးထုတ်ဆေးနှင့် ဆီးရွှင်ဆေးဖော်စပ်ရာတွင်လည်း အသုံးဝင်လေသည်။ [၃]

Celery ; Wild Celery (စမွတ်၊ တရုတ်နံနံ)[ပြင်ဆင်ရန်]

ပုံသဏ္ဌာန် : အပင် နှစ်နှစ်ခံပင်ပျော့မျိုးဖြစ်၍ ၁-၃ ပေ ထိမြင့်သည်။ ပင်စည် ထောင်မတ်၍ အကိုင်းများ ဖြာထွက်သည်။ အရွက် အလွန်နက်သော အဝိုက်များ ပါရှိ၍ ရွက်နားအခွ သို့မဟုတ် မညီညာသော ခွေးသွားစိပ်များ ရှိ၏။ အစိမ်းဖျော့ရောင် ရှိ၏။ အနံ့စူးရှသည်။ အပွင့် ငယ်၍ အစိမ်းရောင်သမ်းသော အဖြူရောင်ရှိ၍ ထီးသဏ္ဌာန်ကဲ့သို့ အဆုပ်လိုက်ပွင့်၏။ အသီး အမြောင်းများပါ၍ ကျဉ်းမြောင်းသည်။ အစေ့ အလွန်သေးငယ်သည်။ အသုံးပြုနိုင်သည့် အစိတ်အပိုင်းများ : အစေ့ မြန်မာနိုင်ငံတွင် တွေ့နိုင်သောနေရာများ : မြန်မာပြည်နေရာအနှံ့အပြား၌ စိုက်ပျိုးနိုင်သည်။ ပေါက်ရောက်ပုံ။ ။ သဘာ၀အလျေက် ပေါက်ပင်ဖြစ်သော်လည်း ဟင်းသီးဟင်းရွက်အဖြစ် စိုက်ပျိုးကြသည်။ စိုက်ပျိုးနည်းစနစ်။ ။ စမုန်စပါးကဲ့သို့ပင် စိုက်ပျိုး၏။ အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ စမွတ်သည် ခါး၏၊ စပ်၏၊ ပူ၏၊ ကြေကျက်လွယ်၏၊ ဝမ်းမီးကို တောက်စေ၏၊ သုတ်ကို ပွားစေ၏၊ နှလုံးကို အကျိုးပြု၏၊ လေ၊သလိပ်ကို နိုင်၏၊ လေပြွန်ချောင်းများပူခြင်း၊ အော့အန်ခြင်း၊ ကြက်ညှာချောင်းဆိုးခြင်းနှင့် ရေဖျဉ်းရောဂါတို့ကို ပျောက်စေ၏။ အသုံးပြုပုံ- အစေ့ ၁ ။ စမွတ်ကို ကွမ်းရွက်ထဲတွင်ထည့်၍ အရည်ကို ငုံထားပါက ချောင်းခြောက်၊ ချောင်းစိုရောဂါ ပျောက်၏။ ၂ ။ စမွတ်နှင့် လေးညှင်းပွင့်ထိပ်ဖူးကိုကြိတ်၍ ပျားရည်နှင့်ရောစားပါက အော့အန်သောရောဂါ ပျောက်၏။ ၃ ။ စမွတ်ကို ပါးစပ်တွင်ငုံ၍ ထွက်လာသောအရည်ကို မျိုချခြင်းဖြင့် ကြို့ထိုးရောဂါပျောက်၏။ ၄ ။ စမွတ်ကို ဆားပုပ်နှင့် ရောစားသော် ဝမ်းဗိုက်နာ ကောင်း၏။ ထန်းလျက်နှင့်ရော၍ လုံးစားသော် အစာမကြေ၊ ရင်ပြည့်၊ ဝမ်းကြော၊ ဝမ်းဗိုက်ကြောတင်းခြင်းတို့ ပျောက်၏။[၄]

ကိုးကား[ပြင်ဆင်ရန်]

  1. Lansdown, R.V. (2013). "Apium graveolens". The IUCN Red List of Threatened Species 208. IUCN. doi:10.2305/IUCN.UK.2013-1.RLTS.T164203A13575099.en. 
  2. "Apium graveolens"Germplasm Resources Information Network (GRIN)၊ Agricultural Research Service (ARS), United States Department of Agriculture (USDA)March 31, 2016 တွင် ပြန်စစ်ပြီး
  3. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၄)
  4. မော်ကွန်းတင်ပြီးမိတ္တူ။ 3 November 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 20 November 2011 တွင် ပြန်စစ်ပြီး။