ဇီဝဓာတု

ဝီကီပီးဒီးယား မှ
Wohler examines urea
စူးကရို့စ် မော်လီကျူး ဖွဲ့စည်းပုံ
အမီနိုအက်စစ်၏ ယေဘုယျဖွဲ့စည်းပုံ
DNA ဖွဲ့စည်းပုံ

ဇီဝဓာတုဗေဒ သည် သက်ရှိတို့၏ ဓာတုဗေဒဆိုင်ရာ လုပ်ဆောင်ချက်များ ကိုလေ့လာသော ပညာရပ်ဖြစ်သည်။ ထိုဘာသာရပ်သည် ပရိုတင်း (အသားဓာတ်)၊ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)၊ လစ်ပစ် (အဆီဓာတ်)၊ နျူကလစ်အက်ဆစ်အန်ဇိုင်းမ်နှင့် ဇီဝမော်လီကျူးများအစရှိသော ဆဲလ်၏အစိတ်အပိုင်းများ၏ တည်ဆောက်ပုံ၊ အလုပ်လုပ်ပုံတို့နှင့် ပတ်သက်သောပညာရပ်ဖြစ်သည်။

အင်ဇိုင်းမ်များသည် ပရိုတိန်းများဖြစ်ပြီး သက်ရှိအတွင်း ဓာတ်ပြုခြင်းကို မပြောင်းလဲစေဘဲ ဓာတ်ပြုမှု နှုန်းကို မြှင့်တင်ပေးသည့် ဓာတ်ကူပစ္စည်းများ ဖြစ်သည်။ အန်ဇိုင်းမ်၏ ဂုဏ်သတ္တိများမှာ ဓာတ်ပြုမှုကို အစပျိုးခြင်း၊ နှုန်းမြှင့်တင်ပေးခြင်း၊ အစပျိုးစွမ်းအင်ကို နှိမ့်ချပေးခြင်းတို့ ဖြစ်သည်။ အချို့အန်ဇိုင်းမ်များမှာ ပရိုတိန်းများ မဟုတ်ပဲ ရိုင်ဘိုနျူကလစ်အက်ဆစ်များ ဖြစ်ပြီး၎င်းတို့ကို ရိုင်ဘိုဇိုင်းမ်များဟု ခေါ်သည်။

နျူကလစ်အက်ဆစ်မှာ နျူကလီရိုတိုက် ပေါ်လီမာများဖြစ်သည်။ နျူကလီရိုတိုက်များသည် သကြား၊ ဖော့စဖိတ်နှင့် နိုင်ထရိုဂျင်ဘေ့စ်တို့ဖြင့် ဖွဲ့စည်းထားသည်။ နျူကလစ်အက်ဆစ်များသည် သက်ရှိဖွဲ့စည်းရာတွင် အရေးပါသည့် အခြေခံယူနစ်များဖြစ်သည်။ မျိုးဗီဇ သင်္ကေတ နှစ်ပင်လိမ် ကြိုးတချောင်းပုံရှိသည့် DNA (ဒီအောက်ဆီရိုင်ဘိုနျူကလစ် အက်ဆစ်) သည် အတွေ့များသည့် နျူကလစ်အက်ဆစ် တမျိုးဖြစ်သည်။ DNA တွင် သက်ရှိဆဲလ်အတွင်း မည်သို့မည်ပုံ အလုပ်လုပ်ရမည်ကို လမ်းညွှန်ပေးသည့် အချက်အလက်ပေါင်း မြောက်မြားစွာပါဝင်သည်။ သက်ရှိဆဲလ်များတွင် အရေးပါသည့် ကဏ္ဍမှ ပါဝင်နေသည့် RNA များသည်လည်း နျူကလစ်အက်ဆစ် တမျိုးဖြစ်သည်။

ကာဗိုဟိုက်ဒရိတ်တွင် သကြားဓာတ်နှင့် ကဆီဓာတ်များ ပါဝင်သည်။ အရိုးရှင်းဆုံး ကာဗိုဟိုက်ဒရိတ်မှာ ဂလူးကို့စ်၊ ဂလက်တို့စ်၊ ဖရပ်တို့စ် စသည့် မိုနိုဆက်ကရိုက် များဖြစ်သည်။ မိုနိုဆက်ကရိုက်များသည် ရေထုတ်ဓာတ်ပြုခြင်း အားဖြင့် ရှည်လျားသည့် မော်လီကျူးတခက် အဖြစ်ဆက်ကာ ပေါ်လီဆက်ကရိုက်များ ဖွဲ့စည်းနိုင်သည်။ ပေါ်လီဆက်ကရိုက်များသည် မိုနိုဆက်ကရိုက်များကို အက်ဆီတယ်အုပ်စုများဖြင့်ဆက်ကာ ပေါင်းစည်းထားသည့် ကြီးမားသည့် မော်လီကျူးများဖြစ်သည်။ ဥပမာ ကဆီ၊ ဂလိုင်ကိုဂျင်နှင့် ဆဲလူးလို့စတို့သည် ပေါ်လီဆက်ကရိုက်များ ဖြစ် ကြသည်။

ပရိုတိန်းများသည် အမီနိုအက်ဆစ် များ၏ ပေါ်လီမာများဖြစ်သည်။ သက်ရှိလောကတွင် တွေ့ရှိရသည့် အမီနိုအက်ဆစ် (၂၀ ) မျိုးရှိသည်။ အမီနိုအက်ဆစ်များ အချင်းချင်း တွဲကပ်လာချိန်တွင် ပက်တိုက်ဓာတ်စည်းများ ဖြစ်ပေါ်စေသည်။ အမီနိုအက်ဆစ် နှစ်ခု တွဲကပ်ခြင်းကို ဒိုင်ပက်တိုက်ဟုခေါ်ပြီး သုံးခုတွဲကို ထရိုင်ပက်တိုက်ဟု ခေါ်ကာ သုံးခုအထက်ပါဝင်က ပေါ်လီပက်တိုကဟုခေါ်သည်။

လစ်ပစ်များမှာ အဆီနှင့် ဖယောင်းများ ဖြစ်ကြသည်။ ပြည့်ဝလစ်ပစ်များတွင် တစ်ထပ်ဓာတ်စည်းများပါဝင်ပြီး ထောပတ်ဆီတွင် တွေ့ရသည်။ ယင်းတို့သည် အခန်းအပူချိန်တွင် အခဲအခြေအနေတွင် တည်ရှိသည်။ လူ့ခန္ဓာကိုယ်အတွင်း သိုမှီးသိမ်းဆည်းထားသည့် လစ်ပစ်များသည် စွမ်းအင် အရင်းအမြစ်များဖြစ်သည်။ ခန္ဓာကိုယ်မှ စွမ်းအင် အမြောက်အမြား လိုအပ်ချိန်တွင် လစ်ပစ်မော်လီကျူးများကို ဓာတ်တိုးခြင်းဖြင့် ဖြိုခွဲကာ ATP (အဒီနိုဆင်း ထရိုင်ဖော့စဖိတ်) အသွင်ဖြင့် စွမ်းအင်ထုတ်ပေးသည်။ .