ဆွေးတပူပင်တို့အရှင်

ဝီကီပီးဒီးယား မှ

ဆွေးတပူပင်တို့အရှင် ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

သုံးဆယ်မြို့ မောင်းထောင်တိုက်တွင် သီတင်းသုံးတော်မူနေသည့် မောင်းထောင်ဆရာတော်သည် မောင်းထောင်သို့ သိမ်သမုတ်ရန် လာမည်ဟု အမိန့်ရှိ၏။ သို့သော် မကျန်မာကြောင်း တဖန် မိန့်၏။ ထို့နောက် ရက်အနည်းငယ်အတွင်း စာတစ်စောင်ရောက်လာရာ ရွာသားများက ကျန်းမာပြီအထင်နှင့် ဖွင့်ကြည့်သည့်အခါ ပျံလွန်တော်မူကြောင်းသိရသဖြင့် ဒါယကာ၊ ဒါယကာမများ သောက ဖြစ်ကြသည်ကို ဖွဲ့ဆိုထားသည်။

ဆွေးတပူပင်တို့အရှင်[ပြင်ဆင်ရန်]

ကပ်ကမ္ဘာတည်စေဘို့၊ ရပ်ရွာမြေမြတ်ဌာနဝယ်၊ ဗန္ဓသိမ် သမိုက်အုံးမည်ဟု၊ တိုက်ကုန်းမြေရွှေသာကိုရွယ်ရက်နှင့်၊ သုံးရွှေဆယ်မြို့ဒေသတွင်မှ၊ ဆုံးမရဏာကြွပျော်နတ်ခွင်။

ခန္ဓာဝယ်ဘယာညှဉ်းသည်ဟု၊ ဆရာတော်မမာတဲ့ သတင်းငယ်ကြောင့်၊ ထမင်းတောင်မျိုမကျနိုင်ဘူး၊ ငိုရမှာခက်ဘိတောင်းပ၊ ရွှေမောင်းသူ ရွှေတောင်သားတို့၊ သာကီဝင်မာပြီကြားချင်လို့၊ ရထားလာလူကြုံလင့်ကြ၊ နားစွင့်ရပ်ပင်။

သေအချာ ကြေညာလိုက်အောင်ပ၊ စာတိုက်မှာထည့်ကာပေးသော်ကြောင့်၊ ညာကျေးမြေ ရွှေတောင်သို့ရောက်လာတော့၊ မာလောက်ပြီ မေတ္တာစိတ်ကယ်နှင့်၊ စာအိတ်ကိုဖွင့်ကာလှပ်လို့၊ အလွှာကိုတခါဖတ်လိုက်တော့၊ မတ်ဘတ်ပင်မှိုင်သူမှိုင်နှင့်၊ ထိုင်သူထိုင် ငေးသူငေးပ၊ ငိုကျွေးကာမျက်ရည်စတွေနှင့်၊ ဆွေးတလို့လွန်ပူပင်၊ လူရှင်စုံဗျာကြီး။

သာသနာပိုင်ဖြစ်တော်မူတဲ့၊ ပြိုင်မတူထေရ်နှစ်ပါးတို့၊ စည်ကားအောင်တိုင်းပြည်မပေငဲ့၊ နေလနှစ်သွယ်ကွယ်သည်နောက်၊ ဂြိုဟ်သောကြာပမာနှုံးသင့်ငဲ့၊ မြို့သုံးဆယ်နယ်မှာ ပျော်သည့်၊ ဆရာတော်ပုဂ္ဂိုလ်ရှိတော့၊ ဂိုဏ်းဝေပုံတိုင်းပြည်ကုန်သိနိုင်ငဲ့၊ ဝုတိကာ ဝညာဉ်ပြောင်းသောကြောင့်၊ ရွာမောင်းမြေ၊ ရွှေထောင်းကျေးမှာဖြင့်၊ ဘုရားသာသနာ၊ တဇအညှာသေးချည်းပေါ့၊ အဝေးခွင်ရာမဉ်သုံးတွင်မှ၊ ပျံတော်မူ၊ ကံတော်ဆုံးလေခြင့်၊ နယ်လုံးကုန်မျက်ရည် ဥတွေနှင့်၊ ရင်ထုကာ ငိုလို့မောကြ၊ သမုဒယာ ကရုဏာ သဘောငယ်ကြောင့်၊ မုဒိတာ ဥပေက္ခာ မစောနိုင်ဘု၊ သောကလောင်မီး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ဗန္ဓသိမ် = မြဲမြံသောသိမ်။

၂။ နေလနှစ်သွယ် = မြန်မာဘုရင်အရှင်နှစ်ပါး။

၃။ ရာမဉ်သုံး = ရမညတိုင်းမွန်သုံးရပ်။

၄။ သမုဒယ = တွယ်တာခြင်း။

၅။ ကရုဏာ = သနားခြင်း။

၆။ မုဒိတာ = ဝမ်းမြောက်ခြင်း။

၇။ ဥပေက္ခာ = လျစ်လျူရှုခြင်း။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။