ဆိုးစရာတိုးသာ၍ ဖြစ်တတ်သတဲ့

ဝီကီပီးဒီးယား မှ

ဆိုးစရာတိုးသာ၍ ဖြစ်တတ်သတဲ့ ကဗျာကို မောင်းထောင်းဦးကျော်လှ ရေးသားခဲ့သည်။ သံချို ကဗျာအမျိုးအစားဖြစ်သည်။

အကြောင်းအရာ[ပြင်ဆင်ရန်]

၁၂၆၇ − ၆၈ ခုနှစ် နှင့် ၁၂၆၉ ခုနှစ်များအတွက် အထက်က ဖြစ်ပျက်ခဲ့ဖူးသော ရာဇဝင်အကိုးအကားများပြ၍ ဦးကျော်လှအထူးဖွဲ့ဆိုသီကုံးသော ခွန် ရှစ် ကိုး နှစ်များဖွဲ့ သံချို ဖြစ်သည်။

ဆိုးစရာတိုးသာ၍ ဖြစ်တတ်သတဲ့[ပြင်ဆင်ရန်]

ထောင်ရာဆယ် ရှစ်ဂဏန်းတွင်မှ၊ ညစ်ငြမ်းစွာ ပရမ်းပတာဖြစ်ခဲ့၊ ဆန်းစစ်ခါပြန်လို့တွက်လိုက်လျှင်၊ စပါးဆန် စားရန်ခက်မည့်ပြင်၊ အများကံကို တရာဉာဏ်နှင့် တွက်ကြတော့၊ ဒါးလှံချက်မလွတ်ချေ။

ကိုးဆယ်ကျော် ကိုးဆယ်ရှစ်မှလ၊ လယ်မဇ္ဈေသည်နှစ်ခု၊ မယ်နုတောင်ညာပျော်နှင့်၊ ဘကြီးတော် ကုန်းဘောင်မင်းရယ်တို့၊ နောင်ရင်းညီ စစ်အထိုးတွင်မှ၊ ခေတ်ဆိုးပုံမြို့တကာကြောက်ကြရ၊ ထိုနောက်တခါပေါ်တဲ့၊ နှစ်ရာကျော် ရှစ်အစွန်းတွင်ဖြင့်၊ ကုန်းဘောင်မှာ ဘုန်းရောင်နွမ်းခဲ့၊ တောင်နန်းတည်အမွေခံ၍၊ ပြည်ပုဂံအမြစ်ရင်းပေမို့၊ ရှစ်စင်းပြိုင်ထီးဖြူလှစ်၊ မင်းဖြစ်ခဲ့ပေ။

တစ်တဆယ် ရှစ်သွယ်မြောက်တော့၊ အနောက်မှာ ကြည်ရောင်မီးရယ်တို့၊ ပြည်ကြီး လောင်ကမန်းပါ့၊ တောင်နန်းမှာ ပဟိုရ်ထူ၍ခခဲ့၊ ပုရပြည် တည်အဟောင်းငယ်က၊ ရွှေ့ပြောင်းကာ ပြည်ပျက်ငြားသော်ကြောင့်၊ အစားအစာကွယ်တဲပြင်၊ ခုနှစ်ဆယ် ရှစ်အစွန်း၊ မြင်ကွန်းရန်မငြိမ်းခဲ့၊ ပတိမ်းမှာ စစ်မအေးလို့၊ နှစ်လေးဆယ်ခုနစ်စွန်း၊ လွန်လွန်းစွာ၊ တချီလောပုံက၊ သီပေါစံ နေနွယ်မြစ်တို့၊ မထိန်းနိုင် ဒယိမ်းဒယိုင်ဖြစ်ပြန်ရ၊ ကိန်းရှစ်ကြောင့် ကမ္ဘာဝေ၊ သတ္တဝါတွေ ညစ်ငြူး။

၁၂၆၈ မှာတော့၊ လူစစ်သည်မဆိုထားနှင့်တော့၊ သိကြားဣန္ဒုရာဇ်ကယ်က၊ နတ်စစ်သည် ဗိုလ်ခြေနှင့် ရောက်သော်လဲ၊ အမြောက်တွေ စိန်တွေဗုံးငယ်နှင့်၊ ဘိလပ်စံတပ်ခံလို့ မှုန်းနိုင်ငဲ့၊ ကံဘုန်းရှိန် သမ္ဘာကြီးပေမဲ့၊ ကာဆီးနိုင်ပါ့မလားရယ်လို့၊ ဗျာများကာ စိတ်မှာညစ်မိတော့၊ အမျိုးတရာလူ တိုးကာချစ်ကြပါ့၊ ပုထိုးဘဂဝါဂူ ကိုးရာမလဲမလစ်ကြနှင့်၊ ဆိုးစရာနမူ တိုးသာ၍ ဖြစ်တတ်သတဲ့၊ ကိုးရှစ်အကူး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ၁၁၉၈ − ၉၉ = ဘကြီးတော်နှင့် သာယာဝတီမင်းတို့ ထီးနန်းလုပွဲ ဖြစ်ခဲ့၏။

၂။ ၁၂၀၈ − ၀၉ = ပြည်မင်းသား ပုန်ကန်မှု ဖြစ်ခဲ့၏။

၃။ ၁၂၂၈ − ၂၉ = မြင်းကွန်းမင်းသား ပုန်ကန်၍ အိမ်ရှေ့စံကနောင်မင်းသားကြီး ကျဆုံးခဲ့၏။

၄။ ၁၂၄၇ = သီပေါမင်းအား အင်္ဂလိပ်တို့ ဖမ်းဆီးသွားခဲ့၏။

မှတ်ချက်[ပြင်ဆင်ရန်]

ဤကဗျာခေါင်းစဉ်သည် မောင်းထောင်းဦးကျော်လှ ကိုယ်တိုင် နာမည်ပေးခဲ့ခြင်း မဟုတ်ပါ။ သင့်တော်မည်ထင်သော နာမည်ကို ပေးထားခြင်း ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မောင်းထောင်းဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ်။ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဗိမာန်ဌာန။ နိုဝင်ဘာ ၁၉၈၃။