ဆိုက်ကား
![]() | ဤဆောင်းပါးသည် သဒ္ဒါ၊ သတ်ပုံ၊ ရေးဟန် စသည်တို့အတွက် ဝီကီစံညွှန်းနှင့်အညီ အရေးအသား တည်းဖြတ်ပေးရန် လိုအပ်နေသည်။ |
ဆိုက်ကား (သို့) ဆိုက်ကားပုံစံရှိယာဉ် (အင်္ဂလိပ်: cycle rickshaw or trishaw) သည် ဒေသတွင်း အသေးစား ပို့ဆောင်ရေး ယာဉ်ငယ်တစ်မျိုးဖြစ်သည်။ စက်ဘီး (သို့) စက်ဘီးပုံစံရှိယာဉ်ကို နံဘေးမှ (သို့) နောက်မှ ခရီးသည် လိုက်ပါနိုင်ရန် ဘီးတစ်ဘီးပါသော ဘေးတွဲ (သို့) ဘီးနှစ်ဘီးပါသော နောက်တွဲတစ်ခုကို ကပ်လျှက်တပ်ဆင်ထားသည်။ [၁]မြန်မာနိုင်ငံတွင် ဘေးတွဲဖြင့်သာ ပြုလုပ်မောင်းနှင့်ကြသော (စက်ဘီး)ယာဉ်ကို ဆိုက်ကား အဖြစ် ပုံမှန်အားဖြင့် ခေါ်ဝေါ်ကြသည်။ နိုင်ငံတကာတွင် ထိုကဲ့သို့ ပုံစံရှိသော ယာဉ်မျိုးကို အမည်အများအပြားဖြင့် ခေါ်ဝေါ်ကြသည်။
ရှေးယခင်က လူဖြင့်ဆွဲသော လန်ခြားများနှင့်ကွာခြား၍ ဘီးသုံးဘီးပုံစံရှိယာဉ်များသည် လူ၏အားကို အသုံးပြုမောင်းနှင်၍ ရွေ့လျားစေသည်။ အခြားသုံးဘီးယာဉ်ပုံစံတစ်ခုမှာ စက်တပ်ယာဉ်ပုံစံဖြစ်သည်။
ခရီးသည်တင်ရန် ရည်ရွယ်ပြုလုပ်ထားသော သုံးဘီးပါစက်ဘီး (tricycle) တစ်မျိုးလည်းရှိ၍ ငှားရမ်းသုံးစွဲကြသည်များလည်းရှိသည်။
အကျဉ်းဖော်ပြချက်[ပြင်ဆင်ရန်]
ဆိုက်ကား (သို့) ထိုပုံစံရှိသောယာဉ်ကို ၁၈၈၀ပြည့်နှစ်များတွင် ပထမဆုံးစတင်ပြုလုပ်ခဲ့ကြကာ ၁၉၂၉ တွင် စင်္ကာပူ၌ စတင်၍ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြသည်။ ခြောက်နှစ်ခန့်အကြာတွင် လူဆွဲ လန်ခြားများထက် အရေအတွက်များပြားလာခဲ့သည်။ ၁၉၅၀ခန့်တွင် ဆိုက်ကားပုံစံယာဉ်များကို တောင်အာရှ၊ အရှေ့တောင်အာရှတခွင်တွင် တွေ့မြင်နိုင်ခဲ့သည်။ ၁၉၈၀ နှောင်းပိုင်းကာလများတွင်ကမ္ဘာတဝှမ်းလုံး၌ ဆိုက်ကားအရေအတွက် လေးသန်းခန့်ရှိမည်ဟု ခန့်မှန်းခဲ့ကြသည်။[၂]
ဤယာဉ်မျိုးကို ပုံမှန်အားဖြင့် မောင်နှင်းသူ၏ ခြေထောက်အသုံးပြု၍ ခြေမောင်းတံများကို လည်ပတ်စေ၍ မောင်းနှင်သည်။ အချို့သောယာဉ်များတွင် စက်တပ်ဆင်၍လည်း လူသက်သာစေရန် မောင်းနှင်ကြသည်။[၃][၄][၅]
ဤပုံစံရှိယာဉ်သည် များသောအားဖြင့် ဘီးသုံးဘီးဖြင့် ဖြစ်သော်လည်း လေးဘီးရှိသော ယာဉ်ပုံစံ (quadracycle) လည်းရှိသည်။ စက်ဘီးအချို့ကို နောက်တွဲယာဉ်အသေးတစ်ခုတပ်ဆင်ကာ မောင်းနှင်သောယာဉ်ကို bicycle trailer ဟူ၍ခေါ်ဝေါ်ကာ ဆိုက်ကားပုံစံရှိယာဉ်အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်ကြသည်။[၆] အချို့သော ဆိုက်ကားပုံစံယာဉ်များ၌ လျှပ်စစ် (သို့) ဓာတ်ငွေ့သုံးမော်တာများလည်း တပ်ဆင်အသုံးပြုကြသည်။[၆][၇]
ခရီးသည်တင်သည့်ပုံစံ[ပြင်ဆင်ရန်]
မောင်းသူ၊ ခရီးသည်တင်သည့် အနေအထားမှာ အမျိုးမျိုးရှိ၏။ ယေဘူယျအားဖြင့် အချို့နိုင်ငံများတွင် မောင်းသူသည် ခရီးသည်များ၏ အရှေ့တွင်ထိုင်၍ မောင်းနှင်သည်။ အချို့သောပုံစံများ၌ မောင်းသူက အနောက်ပိုင်းမှ မောင်းနှင်သည်လည်းရှိသည်။ [၂][၆]မြန်မာနိုင်ငံတွင် အသုံးပြုသော ပုံစံမှာဘေးတွဲဖြစ်သောကြောင့် မောင်းသူသည် ခရီးတင်ခုံ၏ ဘေးတွင်ထိုင်၍ မောင်းနှင်သည်။ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်စသော အာရှတိုင်းပြည်များတွင် ခရီးသည်တင်ခုံသည် မောင်းသူ၏ နောက်တွင်တည်ရှိသည်။ ဖိလစ်ပိုင်၌ မြန်မာနိုင်ငံကဲ့သို့ ဘေးတွဲ (side car)ပုံစံဖြစ်သည်။ ထိုနည်းတူစွာ စင်္ကာပူရှိ ဆိုက်ကားသည်လည်း မြန်မာတို့ကဲ့သို့ပင်ဖြစ်သည်။[၂]
မြန်မာနိုင်ငံနှင့် ဆိုက်ကား[ပြင်ဆင်ရန်]
ခေတ်အခြေအနေ[ပြင်ဆင်ရန်]
၁၃၀၀ ပြည့် အရေးတော်ပုံ အမျိုးသားလွတ်လပ်ရေး အုံကြွလှုပ်ရှားမှုကြီး မန္တလေးမြို့၌ ဖြစ်ပွားသောအခါ မြို့တွင်း၌သွားလာရန် မြင်းတပ်ရထားလုံးနှင့် ဓာတ်ရထားနှစ်မျိုးသာရှိခဲ့သည်။ ရန်ကုန်မြို့တွင် လန်ခြားအသုံးပြု၍ သွားလာကြသည်။ ထိုအရေးတော်ပုံ၌ အမျိုးသားစီးပွားရေးသည် မြန်မာအမျိုးသားများ၏ လက်ထဲ၌သာ ရှိရမည် ဆိုသော မူတစ်ခု ပေါ်လာပြီး သွေးစုပ်ခြယ်လှယ်နေသည့် နိုင်ငံခြားသားပိုင် လုပ်ငန်းတွေအပေါ် စီးပွားရေး စစ်မျက်နှာတစ်ခုကို မြန်မာအမျိုးသားများက ဖွင့်ခဲ့ကြသည်။ ယင်းကာလတွင် စက်အားမပါ ၊ လောင်စာဆီမလို ၊ လူအားဖြင့်လှုပ်ရှားမောင်းနှင်သော ဆိုက်ကားယာဉ်ငယ်တစ်မျိုး ပေါ်လာခဲ့သည်။ ဆိုက်ကားသည် စက်ဘီးကိုအခြေခံထား၍ ပေါ်ပေါက်လာခဲ့သည်။ ထိုခေတ်ကာလများ၌ အကောင်းဆုံးစက်ဘီး ရလေး (Raleigh bicycle) စပါယ်ရှယ်သည် တစ်စီး (၁၂၅) ကျပ်သာ တန်ဖိုးရှိ၏။ ဟာကြူလီတံဆိပ် စက်ဘီး၏တန်ဖိုးမှာ ၅၀ကျပ် မှ ၇၀ကျပ်အထိဖြစ်သည်။
ဆိုက်ကားဖြစ်လာခြင်း[ပြင်ဆင်ရန်]
(၁၉၃၈)တွင် စက်ဘီးအဟောင်းတစ်စီးကို ညောင်ပင်ဈေးက ကားဘော်ဒီဆရာ ဆရာညိုက ဆိုက်ကား(side car)ဆိုသော ဘေးတွဲ တပ်ဆင်ခဲ့သည်။ တပ်ဆင်ခမှာ ဈေးနှုန်းမများသောကြောင့် ငွေကျပ် (၁၀၀-၁၅၀)ဝန်းကျင်ခန့်ဖြင့် ဆိုက်ကားတစ်စီး ရရှိနိုင်ခဲ့သည်။ ထိုငွေပမဏသည် မြန်မာများတတ်နိုင်သော အရင်းအနှီးမျိုးဖြစ်သဖြင့် ဆိုက်ကားအစီးရေ (၁,၀၀၀) ခန့် နေ့ချင်းညချင်း မန္တလေး၌ ပေါ်ပေါက်လာခဲ့သည်။ အားသာသည့်အချက်မှာ (၂)ပြားပေးစီးရသော ဓာတ်ရထားသည် နေရာကြိုကြားကို မရောက်နိုင်သောကြောင့် တန်ဖိုးအတူတူပေးရသော ဆိုက်ကားသည် နေရာစုံကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးနိုင်သည်။
မန္တလေးမြို့နှင့် ဆိုက်ကား[ပြင်ဆင်ရန်]
မန္တလေးတွင် လမ်းများသည် အတက်အဆင်း ၊ အနိမ့်အမြင့် အလွန်နည်းသည်။ မြို့ကို အကွက်ချထားပြီး လမ်းများဖောက်ခြင်း ၊ အကွက်များ၏ အလယ်တွင် ဝင်းများဖြင့် ဖွဲ့စည်းထားသည်။ ဝင်းထဲတွင် အရာရှိကြီးများ နေထိုင်ကြ၏။ မန္တလေးမြို့၏လမ်းများကို အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် တည့်တည့်တန်းတန်းရှိစေရန် တမင်ဖော်၍တည်ဆောက်ထားခြင်း၊ တစ်ပြ နှင့် တစ်ပြ အကွာအဝေးညီများတူညီကြ၍ ဝင်းကြို ဝင်းကြားများလည်း ပေါများသည်။
မန္တလေးမြို့၌ ထိုခေတ်က ဗြိတိသျှအစိုးရက ကျောက်လမ်းမိုင် ၆၀ ခင်းပေးထားသောကြောင့် ဓာတ်ရထားသွားနိုင်သောခရီးမှာ ၆ မိုင်သာလျှင် ရှိသည်။ ဆိုက်ကားသည်ကား မိုင် (၆၀) လုံးကို သွားနိုင်သည့်အပြင် လမ်းမရှိသော ဝင်းကြိုဝင်းကြားထဲ၌လည်း ဝင်ပြီး ပို့ဆောင်ပေးနိုင်သည်။ ဤသို့ဖြင့် မြို့သူမြို့သားများသည် ဆိုက်ကားသာလျှင် စီးခဲ့ကြ၏။
ထိုအချိန်ကာလများ၌ မန္တလေးမြို့သူ မြို့သားများမှာ အမျိုးသားလုပ်ငန်းတစ်ခုဖြစ်သော ဆိုက်ကားယာဉ်ငယ်ကို ဝိုင်း၍ အားပေးသောအခါ ဓာတ်ရထားလုပ်ငန်းကြီးသည် ခွက်ခွက်လန်အောင်ရှုံးသဖြင့် အလုပ်ရပ်နားသွားခဲ့ရလေသည်။ ၁၅၀ကျပ်တန် ၊ ၂၀၀ကျပ်တန် ဆိုက်ကားများဖြင့် မယှဉ်နိုင် ၊ မယှဉ်ဝံ့သောကြောင့် ဓာတ်ရထားကြီး ပိတ်သိမ်းခြင်းအား ကြားမိသောသူများသည် မယုံနိုင်စရာ အနေအထားဖြစ်ခဲ့သည်။[၈]
မန္တလေးမြို့တွင် ထင်ရှားသော ဆိုက်ကားဆရာတစ်ဦးရှိခဲ့သည်။သူ၏နာမည်ကဦးငွေဟုခေါ်သည်။ဆိုက်ကားဖြင့်ခရီးသည်များသွားချင်သည်နေရာကိုလဲပို့ဆောင်ရာတွင် ပူပြင်းလှသောရာသီဥတုတွင် အရိပ်ခိုစရာအရိပ်ရသစ်ပင်များနဲပါးသောကြောင့် မန္တဘေးမြို့တွင် သစ်ပင်များစွာကိုဆိုက်ကားနင်းရင်တဖက်တလမ်းကေန စိုက်ပျိူးခဲ့သည်။
ကိုးကား[ပြင်ဆင်ရန်]
- ↑ Oxford English Dictionary : cycle rickshaw (or) bicycle rickshaw is a three-wheeled bicycle for public hire with a covered seat for passengers behind the driver
- ↑ ၂.၀ ၂.၁ ၂.၂ David Edgerton (2011)။ The Shock of the Old: Technology and Global History Since 1900။ Oxford University Press။ p. 46။ ISBN 978-0199832613။
- ↑ Keith၊ Barry (2010-01-11)။ "Solar Rickshaws Ready for Delhi"။ Wired Magazine။ 10 March 2010 တွင် ပြန်စစ်ပြီး။
- ↑ Sustainable Transportation Solution for Auto Rickshaws။ Illinois Institute of Technology (2009)။ 10 March 2010 တွင် ပြန်စစ်ပြီး။
- ↑ "The Cycle Rickshaw's Electric Dreams"။ 14 August 2010 တွင် ပြန်စစ်ပြီး။
- ↑ ၆.၀ ၆.၁ ၆.၂ Ed Sobey (2009)။ A Field Guide to Automotive Technology။ Chicago Review Press။ pp. 172။ ISBN 978-1556528125။
- ↑ Watson၊ Todd (31 July 2013)။ Electric vehicles become popular in the Philippines။ Inside Investor။ 11 August 2013 တွင် ပြန်စစ်ပြီး။
- ↑ လူထု ဒေါ်အမာ (Nov 1993)။ ရတနာပုံ မန္တလေး၊ မန္တလေး၊ကျွန်မတို့ မန္တလေး။ Mandalay: Ludu press & bookshop။