ဆာ့ခ်ဗဟာဒူးရွိုင်း၊ (အောင်ဆန်းသူရိယ)

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
AST Saft.jpg

ဆာ့ခ်ဗဟာ ဒူးရွိုင်း (ကြည်း ၀၁၉၁၄) သည် အောင်ဆန်းသူရိယဘွဲ့ ရရှိသော ဂေါ်ရခါးလူမျိုး စစ်သည်တော် တစ်ဦး ဖြစ်သည်။ သူသည် တာချီလိတ် အဝေးပြေး လမ်းမပေါ်တွင် တရုတ်ဖြူ ကူမင်တန်တို့နှင့် တိုက်ခိုက်ရာတွင် မိမိ အသက်ကို ပဓာန မထားဘဲ အသက်စွန့် တိုက်ခိုက်ခဲ့ခြင်းကြောင့် တပ်မတော်၏ အမြင့်မားဆုံးသော ဘွဲ့တံဆိပ် တစ်ခု ဖြစ်သည့် အောင်ဆန်း သူရိယ ဘွဲ့ဖြင့် ချီးမြှင့်ဂုဏ်ပြုခြင်း ခံခဲ့ရသည်။

ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း[ပြင်ဆင်ရန်]

၁၉၅၀ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့က ခြေလျင်တပ်ရင်း ၄-မှ “ဒီ” ကုမ္ပဏီတပ်ခွဲကို ရှေ့သို့ချီတက်ရန် အမိန့်ပေးသည့်အတိုင်း ရှမ်းပြည်နယ် ကျိုင်းတုံအပိုင်း တာလေးမှ ပန်ခိဟက်သို့ ချီတက်သည်။ ပန်ခိဟက်သို့ ရောက်သောအခါ တရုတ်အမျိုးသား (ချန်ကေရှိတ်အစိုးရ၏ တရုတ်ဖြူစစ်တပ်) စစ်တပ်သားတို့၏ ဝိုင်းဝန်းခြင်းကို ခံရသည်။ ကုမ္ပဏီတပ်ခွဲဗိုလ်သည် မိမိတပ်ရင်းမှ တပ်သားများကို ခေါ်ရန်ပြန်လာစဉ် လမ်းခရီးတွင် များပြားသော ရန်သူတို့က ချောင်းမြောင်း၍ ပစ်ခတ်သဖြင့် အသက်လွတ်ရုံ ခက်ခဲစွာနှင့် လွတ်မြောက်လာသည်။ “ဒီ” ကုမ္ပဏီတပ်ခွဲမှာ တပ်ရင်းနှင့် အဆက်ပြတ်သော အခြေအနေသို့ ဆိုက်ရောက်ရသည်။

၎င်းအခြေအနေတွင် “ဒီ”ကုမ္ပဏီတပ်ခွဲအတွက် စားနပ်ရိက္ခာများကို တင်ဆောင်လာသော မော်တော် ထရပ်ကား (၇)စီးကို တပ်သား ဆပ်ဘဟားဒူးရွိုင်းက ကြီးကြပ်ကြည့်ရူထားရန် တာဝန်ကျသည်။ တရုတ်စစ်သားများက ကုမ္ပဏီတပ်ခွဲဗိုလ်ကို ချောင်းမြောင်း၍ ပစ်ခတ်ကြသောအခါ ရဲဘော်ဒူးရွိုင်း ကြီးကြပ်ရသော မော်တော်ကားများမှ ကိုက် (၅၀ဝ) ခန့် ဝေးသော အနေအထားဖြစ်သည်။

မော်တော်ကားများကို မောင်းနှင်းသော အရပ်သား ဒရိုင်ဘာတို့သည် မော်တော်ကားများကို ရပ်၍ ထွက်ပြေးသွားကြသည်။ တပ်သား ဆပ်ဘဟား ဒူးရွိုင်းသည် မိမိ တယောက်တည်း ကျန်ရစ်ခဲ့သော်လည်း ဇူလိုင်လ ၁၇- ရက်နေ့ နံနက် ၁၁- နာရီကစ၍ ထရပ်ကားများ ကို စောင့်ရှောက်နေသည်။ ညဉ့်အမှောင်တွင် တရုတ်ဖြူစစ်သားများက ထရပ်ကားများကို သိမ်းဆည်းရန် အကြိမ်ကြိမ် များစွာ အားထုတ်ခဲ့ကြသည်။ မိမိတယောက်တည်း ပြန်လှန်ပစ်ခတ်၍ ခုခံခဲ့သည်။

နောက်တနေ့ နံနက် ၉ နာရီတွင် “ဒီ”ကုမ္ပဏီတပ်ခွဲကို ကူညီရန်ရောက်လာသော “စီ” ကုမ္ပဏီ တပ်ခွဲ ချီတက်ရောက်ရှိလာသောအခါ တပ်သားဆပ်ဘဟားဒူးရွိုင်းသည် တယောက်တည်းဖြင့် အရှေ့ဆုံးရှိ ထရပ်ကားအောက်တွင် လက်ကျန် ကျည်ဆန်ယမ်းတောင့် ၁၇- တောင့်ဖြင့် တရုတ်ဖြူ စစ်သားများကို ခုခံပစ်ခတ်နေသည်ကို တွေ့ရှိရသည်။

“စီ”ကုမ္ပဏီတပ်ခွဲ ကူညီရန် ချီတက်ရောက်ရှိလာသော ၁၉၅၀ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့တွင် မိမိတို့တပ်အင်းအားထက် အဆပေါင်းများစွာ များပြားသော တရုတ်ဖြူ စစ်သားတို့က ပြင်းထန်စွာ ဆီကြိုပစ်ခတ်ခြင်းကို ခံရလေသည်။

တိုက်ပွဲဖြစ်စဉ်အတွင်း မိမိ၏ တပ်စိတ်မှ ခွဲဗိုလ်၊ တပ်ကြပ်ကြီးနှင့် တပ်ကြပ်ကလေးတို့မှာ ပြင်းထန်စွာ ဒဏ်ရာ ရရှိကြသည့်အပြင် ဘရင်းဂန်း စက်သေနတ်ကိုင် တပ်သားလေး နှစ်ယောက်မှာ ကျဆုံးသွားသည်။ ထိုအခါ ရဲဘော် ဆပ်ဘဟား ဒူးရွိုင်းသည် မိမိခုခံနေရာမှ ထွက်ခွာလျက် ချီတက်လာသော တရုတ်ဖြူစစ်သား အတွင်းသို့ တဦးတည်း ထိုးဖောက်ရန် အပြင်းအထန် ကြိုးစားတော့သည်။

သုံးကြိမ်တိုင်တိုင် ချီတက်လာသော တရုတ်ဖြူစစ်သားများ တပ်လန်သွားအောင် အသက်ကို ပဓာန မထားပဲ ဇွတ်အတင်း ထိုးဖောက် တိုက်ခိုက်ခဲ့သည်။ တိုက်ပွဲဖြစ်စဉ်အတွင်း ရဲဘော် ဆပ်ဘဟားဒူးရွိုင်းတယောက် နောက်ဖက်ရှိ မိခင် တပ်စုသို့ ပြန်မရောက်လာတော့ပေ။

၁၉၅၀ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်တွင် ရန်သူ တရုတ်ဖြူတပ်များ ဝိုင်းရံမှု မရှိတော့သည့်အတွက် ဒဏ်ရာရရှိနေသော ရဲဘော်များက ရဲဘော် ဆပ်ဘဟားဒူးရွိုင်းကို လိုက်လံ ရှာဖွေ ခဲ့ကြသည်။

တောင်ကုန်းတခု၏ နောက်ကျောတွင် ရန်သူ တရုတ်ဖြူစစ်သား အများအပြား ကျဆုံးနေသည့် တွေ့ရသဖြင့် အလောင်းပုံများကြား ဝင်ရောက် ရှာဖွေသော် အခါ တရုတ်ဖြူစစ်သား အလောင်း တရာကျော်အလယ်တွင် လက်ပစ်ဗုံး ထိမှန်ထားသော ဒဏ်ရာဖြင့် ကျဆုံးနေသော ရဲဘော်ဆပ်ဘဟားဒူးရွိုင်း၏ အလောင်းကို ကြေကွဲဖွယ် တွေ့မြင်ရသည်။

ရဲဘော် ဆပ်ဘဟားဒူးရွိုင်း၏ မိမိတပ်ခွဲ၏ အဓိက တာဝန်ဖြစ်သော ရိက္ခာယာဉ်တန်းကို တာဝန်ကျေပွန်စွာ စောင့်ရှောက်နိုင်ခြင်း၊ တပ်ကူရောက်လာပြီးမှ ဝိုင်းရံပိတ်ဆို့ခြင်းခံနေရသော ဒဏ်ရာရ မိမိတပ်ဖွဲ့ဝင်များအား အာရုံစိုက်တိုက်ခိုက်နေသော ရန်သူတရုတ်ဖြူ စစ်သားများကို အသေခံ ထိုးဖောက် တိုက်ခိုက်ခြင်းစသော သူရသတ္တိနှင့်ပြည့်စုံခဲ့ပါသည်။ ထို့ကြောင့် ကျဆုံးရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား နိုင်ငံတော်၏ အဆင့်မြင့် သူရဲကောင်း ဆုတံဆိပ် အပ်နှင်းရန် မိခင်တပ်ရင်းမှ ကာကွယ်ရေး ဦးစီးချုပ်နှင့် နိုင်ငံတော် သမ္မတကြီးထံ တင်ပြခဲ့ပါသည်။

ကိုယ်ပိုင်အမှတ် ဝ၁၉၁၄၊ ကျဆုံးရဲဘော် ဆပ်ဘဟား ဒူရွိုင်းသည် ကျဆုံးချိန်ထိ ပြည်ထောင်စုမြန်မာနိုင်ငံ၏ ဧည့်နိုင်ငံသား ကဒ်ပြားသော်လည်းကောင်း၊ နိုင်ငံသား ကဒ်ပြားသော် လည်းကောင်း မပိုင်ဆိုင်သည်ကို တွေ့ရှိရကြောင်း တပ်မတော် မှတ်တမ်းဌာနမှ မှတ်ချက်ရေးထိုး ပေးပို့ခဲ့ပါသည်။

ထိုကြောင့် တပ်တွင်း အစိုးရပညာသင်ဌာနမှ တပ်မတော်အတွင်း ပညာဆက်လက် သင်ကြားဆဲ ဆဋ္ဌမတန်း (ခြောက်တန်းကျောင်းသား) အဖြစ် လည်းကောင်း၊ နိုင်ငံသားကဒ်ပြား ရရှိရန် လျှောက်ထားဆဲဖြင့် လည်းကောင်း ပြန်လည်ပေးပို့ခဲ့ပါသည်။

တပ်မှူးကြီးများ ညီလာခံနှင့် တပ်မတော် မှတ်တမ်းဌါန တို့က သုံးပါတီတပ်ပေါင်းစု သိမ်းယူထားသော မဲနယ်တောင်ပေါ်သို့ ကွန်မန်ဒို ခုနှစ်ယောက်၊ အထမ်းသမား ငါးယောက်တို့ဖြင့် တက်ရောက် သိမ်းပိုက်ခဲ့သော စစ်ဝန်ထမ်းတပ်မှ ဗိုလ်မှူးရဲချစ် အား ပထမဆုံး ချီးမြှင့်ခဲ့သော သီဟသူရ ဘွဲ့ တံဆိပ်သာ ရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား အပ်နှင်းရန် နိုင်ငံတော် သမ္မတကြီး မန်းဝင်းမောင် ထံတင်ပြခဲ့ကြသည်။

ထိုအချိန်မတိုင်မှီက နိုင်ငံတော်တွင် သီဟသူရ ဆုတံဆိပ်သည် အမြင့်မားဆုံး တံဆိပ် ဖြစ်သည်။ နိုင်ငံတော်သမ္မတကြီး မန်းဝင်းမောင်သည် တင်ပြချက်များကို ပယ်ချ၍ နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း၊ ဧည့်နိုင်ငံသား မှတ်ပုံတင်ကဒ်ပြားသော် လည်းကောင်း မပိုင်ဆိုင်ခဲ့သည့် ကျဆုံးရဲဘော် ဆပ်ဘဟားဒူးရွိုင်းအား နိုင်ငံတော်၏ အမြင့်မားဆုံးဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့တံဆိပ်ကို အပ်နှင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ကျန်ရစ်သူ မိသားစုအားလည်း နိုင်ငံသား ကဒ်ပြား အမြန်ဆုံးထုတ်ပေးရန် ညွှန်ကြားခဲ့ပါသည်။[၁]

ဒီနေ့ခေတ်တွင် အောင်ဆန်းသူရိယ ဆာ့ခ်ဗဟာဒူးရွိုင်း ၏အမည်အား သူရဲကောင်းဗိမာန် (နေပြည်တော်)၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁၉၆၀ ခုနှစ်ထုတ် ခေတ်ရေး အထူးထုတ် စာစောင်မှ