ဆာဝေါ်လတာစကော့

ဝီကီပီးဒီးယား မှ
အ​ညွှန်း​သို့ ခုန်ကူးရန် ရှာဖွေရန် ခုန်ကူးမည်
ဆာ
ဝေါလ်တာ စကော့
Bt
Walter Scott (1830).jpg
ဆာ ဝေါလ်တာ စကော့နှင့် ၎င်း၏ အမဲလိုက်ခွေး "ဘရန်" ၏ ပုံတူပန်းချီ၊ ဂျွန် ဝေါ့ဆန် ဂေါ်ဒန် ၏ လက်ရာ (၁၈၃၀)
မွေးဖွား၁၇၇၁ ဩဂုတ် ၁၅
စကော့တလန်နိုင်ငံ၊ အက်ဒင်ဘာရာမြို့၊ ကောလစ်ချ် လမ်းကြား။
ကွယ်လွန်၂၁ စက်တင်ဘာ၊ ၁၈၃၂(1832-09-21) (အသက် ၆၁)
စကော့တလန်နိုင်ငံ၊ ရော့ခ်စ်ဘာရာရှီးယား ကောင်တီ၊ အဘော့စ်ဖော့ စံအိမ်
အလုပ်အကိုင်
  • သမိုင်းဝတ္ထု စာရေးဆရာ
  • ကဗျာဆရာ
  • တရားရုံးရှေ့နေ
  • စီရင်စုနယ်မြေ တရားသူကြီး
  • တရားရုံးချုပ် (မှတ်တမ်း၊ အုပ်ချုပ်ရေး)အရာရှိ
မိခင်ကျောင်းအက်ဒင်ဘာရာ တက္ကသိုလ်
ကာလ၁၉ ရာစု
စာပေလှုပ်ရှားမှုRomanticism
အိမ်ထောင်ဖက်Charlotte Carpenter (Charpentier)

လက်မှတ်

စကော့လူမျိုး ကဗျာစာဆိုနှင့် ဝတ္ထုရေးဆရာကြီး ဆာ ဝေါလ်တာ စကော့ (အင်္ဂလိပ်: Sir Walter Scott) သည် ၁၇၇၁ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့ တွင် စကော့တလန်ပြည်၊ အက်ဒင်ဗာရာမြို့တော်၌ ဖွားမြင်သည်။ သူ၏ဖခင်မှာ အက်ဒင်ဗာရာမြို့၌ ရှေ့နေစာရေး ဖြစ်သည်။ စကော့၏မိခင်မှာ အက်ဒင်ဗာရာ တက္ကသိုလ် ဆေးပညာ ပါမောက္ခကြီး ဒေါက်တာ ဂျွန်ရားသားဖို့၏ သမီးဖြစ်သည်။

စကော့သည် ကလေးဘဝ၌ လွန်စွာချူချာခဲ့၏။ သူငယ်နာရောဂါကြောင့် နို့စို့အရွယ်ကပင် ခြေထောက်များ မသန်မစွမ်း ဖြစ်ခဲ့ရသည်။ ကျန်းမာရေးတွင် ဤမျှပင် ချို့တဲ့ခဲ့သော်လည်း စိတ်အလွန်မြန်သော သူငယ်ကလေးဖြစ်သည်။ ထို့အတွက် မည်သူကမျှ သူအား ဖိနှိပ်ချုပ်ချယ်ခြင်း မပြုဘဲ သူ့ဖာသာပင် နေစေခဲ့ကြသည်။ စကော့သည် ငယ်ရွယ်စဉ်ကပင် စာဖတ် ဝါသနာပါသဖြင့် စာဖတ်ခြင်းဖြင့်သာ အချိန်ကို ကုန်လွန်စေခဲ့၏။ ထိုဝါသနာသည် နောင်အခါ သူ့အား များစွာ အကျိုး ဖြစ်ထွန်းစေခဲ့သည်။

စကော့သည် အရွယ်ရောက်၍ အတော်အသင့် လမ်း လျှောက်နိုင်ပြီးလျှင် ကျောင်းကို မှန်မှန်တက်နိုင်လောက်အောင် သန်စွမ်းလာသည့်အခါ အက်ဒင်ဗာရာ အထက်တန်း ကျောင်းတွင် ပညာသင်ကြားလေသည်။ စာဖတ်ဝါသနာထုံ၍ စာပေမျိုးစုံကို လေ့လာခဲ့သည့်အလျောက် အရွယ်နှင့် မလိုက်အောင်ပင် ဗဟုသုတ ကြွယ်ဝ လာလေသည်။ ဉာဏ်ရွင်ကာ ပညာ ထက်မြက်လှသဖြင့် အတန်းထဲတွင် ပထမစွဲသည်သာ များလေသည်။ ကျောင်းသားဘဝ၌လည်းကောင်း၊ သူ့ဘခင်အား ကူညီကာ အလုပ်လုပ်ပေးရသော အခါ၌လည်းကောင်း၊ တက္ကသိုလ်တွင် ပညာ ဆက်လက် ဆည်းပူးသောအခါ၌ လည်းကောင်း၊ ဥပဒေသင်တန်းတက်စဉ်၌လည်းကောင်း၊ တက္ကသိုလ်နှင့် ပြင်ပ စကားရည်လု အသင်းအဖွဲ့များတွင် ဝင်ရောက်ဆောင်ရွက်စဉ်၌လည်းကောင်း၊ ဝါသနာပါရင်းဖြစ်သောစာပေလေ့လာလိုက်စားခြင်းကို လက်မလွှတ်ပေ။ ပြင်သစ်စာကို ကျောင်းသားကလေး ဘဝကပင် ကောင်းစွာ တတ်မြောက် ခဲ့၍၊ အီတာလျံစာကို ၁၅ နှစ် အရွယ်မတိုင်မီကပင် လေ့လာ လိုက်စားခဲ့လေသည်။

ခြေထောက် မသန်စွမ်းသည့်ပြင် မကြာခဏ ဖျားနာတတ် သောကြောင့် စကော့၏ကိုယ်ခန္ဓာမှာ ကြုံလှီသေးကွေးနေလိမ့်မည်ဟု တွေးထင်ဖွယ်ရာရှိသော်လည်း၊ စင်စစ် စကော့သည် အံ့ဩလောက်အောင်ပင် အရပ်အမောင်း ထွားကျိုင်း၍ ကိုယ် ခန္ဓာတောင့်တင်း၏။ စိတ်နေသဘောထား ဖြောင့်စင်းဖြူစင်၍ မျက်နှာမှာ အစဉ်သဖြင့် ရွှင်လန်းသည်။

စကော့၏ဖခင်သည် မူလက သားဖြစ်သူအား သူ၏ခြေရာကို နင်းစေလိုသည့် ရည်ရွယ်ချက်ဖြင့်၊ အသက် ၁၆ နှစ် အရွယ်တွင် သူ၏အလုပ်၌ ဝင်ရောက်ကူညီလုပ်ကိုင်စေသည်။ သို့ရာတွင် စကော့သည် ဖခင်ဖြစ်သူ၏ အလုပ်တွင် စိတ်မဝင်စားဘဲ၊ အထက်တန်းကျသော ဝတ်လုံတော်ရ အလုပ်ကိုသာပို၍ လိုလားနှစ်သက်သည့် အားလျော်စွာ ဥပဒေပညာကို ကြိုးစားလေ့လာပြီးနောက်၊ ၁၇၂၈ ခုနှစ် အသက် ၂၁ နှစ် အရွယ်တွင် အထက်တန်းရှေ့နေကြီးဘွဲ့ထူးကို ဆွတ်ခူးခဲ့လေသည်။ စကော့သည် လေးနှစ်ထက်မနည်း ဥပဒေပညာကို အပတ်တကုတ် ကြိုးစားလေ့လာခဲ့သော်လည်း၊ ရှေ့နေအလုပ်နှင့် အရိုးထုတ်ရန် မကြံရွယ်ဘဲ၊ အားလပ်ချိန်များများရ၍ စာပေပညာကို လေ့လာလိုက်စားရန် အခွင့်အရေးရှိသော အလုပ် ကောင်းတစ်ခုခုကိုသာ လုပ်ကိုင်ရန် ရည်ရွယ်ရင်းရှိခဲ့လေသည်။ ရည်ရွယ်ခဲ့သည့်အလျောက်၊ ၁၇၉၉ ခုနှစ်တွင် ဆဲလကတ် ရှိုင်းယာနယ်၏ မြို့ဝန်အလုပ်ကို တစ်နှစ်လျှင် ရိက္ခာတော်ငွေ ပေါင် ၃ဝဝ ခန့်နှင့် လုပ်ကိုင်ရလေသည်။ တာဝန် အလွန်နည်းသည့် အလုပ်ဖြစ်သောကြောင့် စာပေကိုလိုက်စားရန် အချိန်များစွာ ရရှိခဲ့လေသည်။ ၁၈ဝ၆ ခုနှစ်တွင် တစ်ဖန် စက်ရှင်ရုံး စာရေးတော်ကြီးအလုပ်ကို ပူးတွဲလက်ခံရပြန်သည်။ ထိုအလုပ်မှာ မြို့ဝန်အလုပ်ထက် တာဝန် အနည်းငယ် ပို၍ ကြီးလေးသော်လည်း စကော့သည် ထိုအလုပ်ကို ၂၅ နှစ်တိုင်တိုင် စွဲမြဲစွာ လုပ်ကိုင်ခဲ့လေသည်။ ၁၈၁၂ ခုနှစ်မှစ၍ စက်ရှင်ရုံး စာရေးတော်ကြီး အလုပ်နှင့် မြို့ဝန်အလုပ်တို့မှ စုပေါင်း ရရှိသော နှစ်စဉ်ဝင်ငွေမှာ ပေါင် ၁၆ဝဝ ခန့် ဖြစ်လေသည်။ ထိုအချိန်မှစ၍ ဝါသနာပါရင်းဖြစ်သော စာရေးခြင်း အလုပ်ကို ကောင်းစွာ လိုက်စားနိုင်ခဲ့လေသည်။ စကော့သည် ကဗျာစာဆို အဖြစ်ဖြင့် ဦးစွာ နာမည်ထွက် လေသည်။ သူ၏ပထမလက်ရာများကား ဂျာမန်တေးကဗျာတို့ကို ဘာသာပြန်ဆို ရေးသားခဲ့ခြင်းပင်ဖြစ်သည်။ ၁၈ဝ၂ ခုနှစ်တွင် 'စကော့တလန်နယ်ခြား သီချင်းများ'အမည်ရှိ ကဗျာစာအုပ်ကို ရေးသားထုတ်ဝေခဲ့၏။ ၁၈ဝ၅ ခုနှစ်တွင် 'နောက်ဆုံးဂီတစာဆို၏ တေးသံ' အမည်ရှိ ကဗျာများကို ရေးသား ထုတ်ဝေပြန် သည်။ ထိုစာအုပ်သည် စကော့အား ထိပ်တန်းကဗျာစာဆိုကြီး၏ အဆင့်အတန်းသို့ မြှင့်တင်ပေးခဲ့လေသည်။ မိမိ၏စာအုပ်များကို လူကြိုက်များလာကြောင်း တွေ့ရှိရသောအခါ စကော့ သည် လွန်စွာ အားတက်ပြီးလျှင် စာရေးခြင်း အလုပ်ကိုသာ လုပ်ကိုင်ရန် တစ်ခါတည်း ဆုံးဖြတ်လိုက်လေသည်။ ထိုသို့ ဆုံးဖြတ်လိုက်သည့် အလျောက်လည်း ကိုယ်ရေးကိစ္စများကို အဆင်ပြေရန် စီမံဆောင်ရွက်ရပြန်သည်။ ရှားလော့ကာပန်းတီယေးဆိုသူ ပြင်သစ် အမျိုးသမီးတစ်ဦးနှင့် ၁၇၉၇ ခုနှစ်တွင် ထိမ်းမြားခဲ့သည်တွင် စကော့သည် အက်ဒင်ဗာရာမြို့မှ ၆ မိုင် ကွာအရပ်၌ ပြောင်းရွှေ့နေထိုင်ခဲ့၏။ ထိုနောက် သားထောက် သမီးခံများ ထွန်းကားလာကာ အိမ်ထောင်မှာ ကြီးလာပြီ ဖြစ်သည့်ပြင် စာပေနှင့်သာ မွေ့လျော်နေလိုသော ဆန္ဒကြောင့် တွိမြစ်ကမ်းခြေရှိ ခြံနေရာတစ်ခုကိုဝယ်ယူ၍ ပြောင်းရွှေ့နေထိုင်ခဲ့ ပြန်သည်။

စကော့သည် ကဗျာလင်္ကာပေါင်းအမြောက်အမြား ရေးသားခဲ့၏။ ကဗျာများကို ရေးပြီးနောက် ဝတ္ထုများကို စတင်ရေးသား လေသည်။ စကော့ရေးသည့် ဝတ္ထုအများအပြားတွင် ကမ္ဘာကျော်ဝတ္ထု များစွာ ပါရှိလေသည်။ ၁၈၁၄ ခုနှစ်တွင် ရှေးဦးစွာထွက်သည့် စကော့၏ဝတ္ထုမှာ 'ဝေဗာလေ'အမည်ရှိ၍ ထိုဝတ္ထုထွက် ပြီးနောက် အစဉ်အလိုက် ရေးသားထုတ်ဝေခဲ့သော ဝတ္ထုများကို 'ဝေဗာလေဝတ္ထုစဉ်'ဟု အမည်ပေးထားလေသည်။ စကော့သည် နှစ်ပေါင်းများစွာ ရေးသားခဲ့သည့် ဝတ္ထုများတွင် သူ၏အမည်ရင်းကို လျှို့ဝှက်ထားခဲ့၏။ ထိုသို့ လျှို့ဝှက်ထားသောကြောင့်လည်း၊ အမည်မဖော် ပုဂ္ဂိုလ်ကျော်ကြီး၏ အကြောင်းကို သိလိုဇော သန်နေကြသော စာဖတ်ပရိသတ်တို့သည် သူ၏ လက်ရာများကို ပို၍ ဖတ်ကြည့်လိုလာကြလေသည်။ စကော့သည် မကြာမီပင် ရာဇဝင်ဝတ္ထုရေးဆရာအဖြစ်ဖြင့် ပိုမိုထင်ရှား လေသည်။ ၁၈၁၈ ခုနှစ်တွင် ဘုရင်မင်းမြတ်သည် စကော့အား မှူးမတ်ငယ် အဆောင်အရွက်ဖြင့် ဆာဘွဲ့ကို အပ်နှင်းကာ သူကောင်းပြုတော်မူခဲ့လေသည်။

၁၈၂၆ ခုနှစ်တွင် စကော့၏ စာအုပ် ထုတ်ဝေသူသည် စီးပွားပျက်ကာ လူမွဲစာ ခံသွားရသဖြင့် အကြွေးငွေ ပေါင် ၁၃ဝဝဝဝ ခန့်ကို ပေးဆပ်ရန်အတွက် တာဝန်သည် စကော့ အပေါ်သို့ ကျရောက်လာခဲ့သည်။ သို့ရာတွင် လူမသန်စွမ်း သလောက် စိတ်အားထက်လှသော စာဆိုကြီး စကော့သည် အနည်းငယ်မျှ တုန်လှုပ်ခြင်းမရှိဘဲ ပေးဆပ်ရန်ရှိသမျှ ကြွေးမြီများကို အပြေအကျေ ပေးဆပ်ရန် တာဝန်ယူလိုက်လေသည်။ အကုသိုလ်ကံတို့မည်သည် တစ်ခုပြီးတစ်ခု ဆက်တိုက်လာ တတ်သော သဘောရှိသည့်အတိုင်း စကော့၏ချစ်ဇနီးသည် ၁၈၂၆ ခုနှစ်တွင် ကွယ်လွန် အနိစ္စ ရောက်သွားလေသည်။ စကော့ကိုယ်တိုင်လည်း ဒူလာနှင့်သွက်ချာပါဒ လေဖြတ်ရောဂါများ စွဲကပ်လာသည်။ သို့ရာတွင် စကော့သည် စိတ်ပျက်အားငယ်ခြင်း မရှိဘဲ သူ၏တာဝန်များကို ကျေပြွန်စွာ ထမ်းဆောင် သွားခဲ့သည်။ စကော့သည် မနားမနေ ကြိုးစား၍ ကြွေးမြီဟူ သမျှတို့ကို စာမူပိုင် အာမခံငွေများနှင့် ဖလှယ်ကာ ပေးဆပ် လိုက်သည်။ ကြွေးမြီတို့မှာ စကော့ကွယ်လွန်ပြီးနောက် များမကြာမီအတွင်း၌ ရှင်းပြီးဖြစ်သွားလေသည်။

အလုပ် သုံးလေးမျိုးကို မလစ်ဟင်းရအောင် ဇွဲသန်သန်ဖြင့် ဆောင်ရွက်ခြင်းကြောင့် စကော့၏ကျန်းမာရေးကို ထိခိုက်လေ တော့၏။ ဆရာဝန်များ၏ အကြံပေးချက်အရ စကော့သည် ကျန်းမာရေးအတွက်၊ မြေထဲပင်လယ်သို့ အစိုးရကစီမံပေးသော သင်္ဘောတစင်းဖြင့် ခရီးထွက်ခဲ့လေသည်။ သို့ရာတွင် လောကကြီးတွင် ကြာရှည်စွာနေရတော့မည် မဟုတ်ကြောင်း ကိုယ်တိုင် သိရှိလာသောစကော့သည် သူ၏နေရင်းအရပ်သို့ အမြန်ပြန်ပို့ ခိုင်းလေသည်။ စကော့တလန်ပြည် သို့ပြန်ရောက်ပြီး နောက် ၁၈၃၂ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့တွင် ကမ္ဘာကျော် ကဗျာစာဆိုနှင့် ဝတ္ထုရေးဆရာကြီး ဆာဝေါ်လတာ စကော့ ကွယ်လွန်အနိစ္စရောက်ခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၃)