ဆန်နီ၊ ဦး (ပဲရော့)

ဝီကီပီးဒီးယား မှ
ပဲရော့ ဦးဆန်နီ (၁၈၉၈-၁၉၅၆)

ပဲရော့ ဦးဆန်နီ (၁၈၉၈-၁၉၅၆)[ပြင်ဆင်ရန်]

"ကိုယ့်ထူးကိုယ်ချွန် ဘဝဖြင့် သူဌေး ဖြစ်လာသူ၊ သူဌေးခေါ်လျှင် စိတ်ဆိုးတတ်သူ၊ စည်းကမ်းကြီး၍ လူတန်းစား မခွဲခြားတတ်သူ၊ မတရားမှုကို ရဲရဲတောက် ဆန့်ကျင်ခဲ့သူ၊ တိုင်းပြည်နှင့်လူမျိုး ကြီးပွားရေး၊ အသိဉာဏ်ပညာ မြင့်မားရေး အတွက် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသရွေ့ အနစ်နာခံ ဆောင်ရွက်ခဲ့သူ၊ မြန်မာ စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။ အထူးသဖြင့် ကိုလိုနီခေတ်အတွင်း မြန်မာ တစ်မျိုးသားလုံး မျိုးချစ်စိတ် ထက်သန်ရေး၊ စီးပွားရေးစိတ် ထက်သန်ရေး အတွက် ပဲရော့ ရုပ်ရှင်ကုမ္ပဏီ၊ ပဲရော့ စာအုပ်တိုက်၊ လမ်းညွှန်ဂျာနယ်တို့မှ လှုံ့ဆော်ပေးခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းအား ကြည်ညိုစိတ် ပြင်းထန်ကာ ဖဆပလအဖွဲ့ချုပ်သို့ ကိုယ်ပိုင်ပုံနှိပ်စက်ကို လှူဒါန်းခဲ့သူလည်း ဖြစ်သည်။ တိုင်းပြည် ကြီးပွားတိုးတက်ရေးအတွက် စာကြည့်တိုက်များ၏ အရေးပါပုံကို သဘောပေါက်သူ အနည်းငယ်တွင် ထိပ်ဆုံးမှ ပါဝင်သူ။ စာကြည့်တိုက်၊ စာကြည့်အသင်းများ ပေါ်ထွန်းရေးကို ကိုယ်တိုင် လှုံ့ဆော်အားပေး၍ စာအုပ် အမြောက်အမြား လှူဒါန်းခဲ့သူအဖြစ် ထင်ရှားသည်"

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၈၉၈ ခုနှစ်တွင် မော်လမြိုင်မြို့၌ ဖွားသည်။ အဖ ရှေ့နေကြီ ဦးသာဒွန်း၊ အမိ ဒေါ်ရီ ဖြစ်သည်။ မွေးချင်း နှစ်ဦးတွင် ညီငယ်ဖြစ်၍ အမည်ရင်းမှာ လှထွန်း ဖြစ်သည်။ ငယ်နာမည် ဆန်နီ ဖြစ်သည်။


၁၉ဝ၅ ခုနှစ်တွင် မော်လမြိုင်မြို့ စိန့်ပက်ထရစ် သာသနာပြုကျောင်း၌ စတင် ပညာသင်သည်။ သတ္တမတန်း အောင်မြင်ပြီးနောက် ငယ်ငယ်ရွယ်ရွယ်နှင့် အိမ်ထောင်ကျသည်။ ဇနီးသည်မှာ မသန်းညွန့် ဖြစ်သည်။ အိမ်ထောင်ကျပြီ ငါးလအကြာတွင် ဖခင် ရုတ်တရက် ကွယ်လွန်၍ မိသားစု တာဝန်ကို ဦးဆောင် တာဝန်ယူခဲ့ရသည်။


၁၉၁၉-၂ဝ တွင် မိသားစု ရန်ကုန်သို့ ပြောင်းရွှေ့သည်။ ရန်ကုန်မြို့ (၇)လမ်းတွင် မီးသွေးလုပ်ငန်း စတင် လုပ်ကိုင်သည်။ ပဲခူးနှင့် ရွှေကျင်မြို့တွင် မီးသွေးနှင့် ဆေး ကုန်ကူးသည်။ ထို့နောက် ရန်ကုန် စိန်လယ်ဂျာ ထီစာရေး၊ ရန်ကုန်ဘဏ်စာရေး၊ မြင်းပွဲဒိုင် စာရေးလုပ်သည်။ လခ ၂၈ ကျပ် ရသည်။ မြင်းပွဲ ဒိုင်စာရေး လုပ်နေစဉ် အင်္ဂလိပ်လူမျိုး ဗိုလ်မှူးဟောင်း မစ္စတာပဲရော့က နှစ်သက် သဘောကျကာ ပဲရော့တက္ကစီ အငှားကား ကုမ္ပဏီတွင် ပြောင်းရွှေ့ လုပ်ကိုင်စေသည်။ လခ ၅ဝ ကျပ် ရသည်။ အလုပ်ကြိုးစားမှု၊ ရိုးသားမှု၊ စေတနာ မှန်ကန်မှုများကြောင့် ၁၉၂၄-ခုနှစ်တွင် ပဲရော့ကုမ္ပဏီ၏ အုပ်ချုပ်ရေးမှူးအဖြစ် ရာထူးတိုးမြှင့်ခံရသည်။ ၁၉၂၉-၃ဝ ပြည့်နှစ်တွင် မစ္စတာ အီး၊ အိတ်ချ်၊ ပဲရော့သည် ကျန်းမာရေး အခြေအနေကြောင့် အင်္ဂလန်သို့ အပြီးပြန်သွားသည်။ မပြန်မီ ကုမ္ပဏီလုပ်ငန်းနှင့် ကုမ္ပဏီပိုင် ပစ္စည်းများကို မောင်ဆန်နီအား စာချုပ်နှင့် လွှဲပြောင်းပေးခဲ့သည်။ ထိုစဉ်က ကုမ္ပဏီပိုင် အငှားကား ၃၂ စီးရှိရာ မမျှော်လင့်ဘဲ ပဲရော့ကုမ္ပဏီပိုင်ရှင် ဖြစ်လာသည်။


ဦးဆန်နီ၏ ပဲရော့ ကုမ္ပဏီဝန်ထမ်း တက္ကစီမောင်းသမားများသည် ခေါင်းပေါင်းနီ၊ တိုက်ပုံတူညီ ဝတ်စုံနှင့် စည်းကမ်းတကျရှိရာ ထိုခေတ်က ထင်ရှားသည်။ ၁၉၃ဝ ပြည့်နှစ်တွင် ဒါရိုက်တာ ဦးဘသာ၏ တိုက်တွန်းမှု အကူအညီဖြင့် ပဲရော့ ရုပ်ရှင်ကုမ္ပဏီကို တည်ထောင်သည်။ ပဲရော့ ရုပ်ရှင်ကုမ္ပဏီ၏ ပထမဆုံး ပွဲဦးထွက် ဇာတ်ကားမှာ ဒါရိုက်တာ ဦးဘသာ၊ မင်းသား အေးကို၊ မင်းသမီး ခင်မေလေးတို့ ပါဝင်သော ၃၆ ကောင် ဖြစ်သည်။ ဇာတ်ကားမှာ လောင်းကစားမှုကို ဆန့်ကျင်သော ဒုစရိုက် နှိမ်နင်းရေးကား ဖြစ်သော်လည်း ကနဦးတွင် အစိုးရ၏ တားမြစ်ခြင်းခံရသည်။ နောက်ပိုင်းတွင် ဆင်ဆာမှ ခွင့်ပြုချက်ရ၍ အောင်မြင်သော ရုပ်ရှင်ကားအဖြစ် ထင်ရှားခဲ့သည်။ ပဲရော့ကုမ္ပဏီမှ ထုတ်လုပ်သော ရုပ်ရှင်ကားများမှာ ပြည်သူလူထုအား နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး လှုံ့ဆော်မှုများ ပါဝင်သည်။ ထင်ရှားသော ဇာတ်ကားအချို့မှာ တို့ဒေါင်းလံနှင့် ဒေါင်းဒင်္ဂါးတို့ဘုရင်ဘုရင်မဆရာမသခင်မသခင်မျိုးစနေမအလံတောင်တောသာခေါင်မြကျောက်လွှာသတင်းထောက်လူမိုက်ကြီးတို့ ဖြစ်၍ မျိုးချစ်စိတ်ဓာတ် လှုံ့ဆော်ရေး၊ ပြုပြင်ရေး ဇာတ်ကားများဖြစ်ရာ မြန်မာ ရုပ်ရှင်လောကတွင် တမူ ထူးခြားခဲ့လေသည်။ အလံတောင်မှာ ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား ပုန်ကန်မှုကို ဂုဏ်ပြု ရိုက်ကူးထားခြင်း ဖြစ်သည်။ ၁၉၃၄-ခုနှစ်တွင် ပထမဦးဆုံးသော မြန်မာ့ ကာတွန်းရုပ်ရှင် ကြက်တောင်ကွကို ပဲရော့ကုမ္ပဏီမှ ထုတ်လုပ်ခဲ့သည်။ ကာတွန်းဆရာ ဦးဘဂျမ်းနှင့် တပည့်ဖြစ်သူ ကာတွန်းဦးဟိန်စွန်းတို့၏ လက်ရာ ဖြစ်သည်။


၁၉၃၄-ခုနှစ်တွင် ပဲရော့ စာအုပ်တိုက်မှ လမ်းညွှန်ဂျာနယ်နှင့် လုံးချင်းစာအုပ်များ ထုတ်ဝေခဲ့သည်။ လမ်းညွှန်ဂျာနယ်တွင် အမျိုးသားစိတ် လှုံ့ဆော်ရေး၊ အမျိုးသား ကြီးပွားရေးအတွက် ဆရာကြီး ပီမိုးနင်းက ဒိုင်ခံရေးသားခဲ့ရာ ၁၉၃၅-၃၆ တွင် အစိုးရက အာမခံငွေ ကျပ် ၃,ဝဝဝ တောင်းခြင်းခံရသည်။ လုံးချင်းစာအုပ်များ အဖြစ် ပီမိုးနင်း၏ 'တက်လူကွ'၊ 'ကိုယ်ထူးကိုယ်ချွန်'၊ 'ထူးချွန်ရေး'၊ 'လောကီလမ်းညွှန်' စသော တက်ကျမ်းများနှင့် မော်ပီဆရာသိန်း၏ စာအုပ်များ ထုတ်ဝေခဲ့သည်။ နိုင်ငံတဝန်းရှိ စာကြည့်တိုက်များ၊ စာကြည့်အသင်းများသို့လည်း စာအုပ်စာတမ်းများ လှူဒါန်းခဲ့သည်။ စာကြည့်တိုက်များ ဖွံ့ဖြိုးရေးအတွက် 'ပဲရော့ ဦးဆန်နီ၏ ဟောပြောချက်များ' စာအုပ်ငယ်ကို ထုတ်ဝေ ဖြန့်ဖြူးခဲ့သည်။


၁၉၃၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်တွင် မန္တလေးမြို့၌ ဖြစ်ပွားခဲ့သည့် လူထုဆန္ဒ ပြပွဲတွင် ပုလိပ်များ၏ သေနတ်ဖြင့် ပစ်ခတ် နှိမ်နင်းမှုကြောင့် သံဃာတော် (၇) ပါးနှင့် (၁၂)နှစ်အရွယ် ကျောင်းသားတစ်ယောက် သွေးမြေကျခဲ့ရသည်။ ထိုရက်စက်မှု၊ မတရား ချုပ်ချယ်မှုကို ဒီးဒုတ်ဦးဘချိုဂျာနယ်ကျော် ဦးချစ်မောင် တို့နှင့်အတူ စာရေးဆရာ၊ သတင်းစာဆရာ တစ်ဦး အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။


ဒုတိယကမ္ဘာစစ် ကာလတွင် ကျိုက်လတ်မြို့သို့ ပြောင်းရွှေ့ ခိုလှုံခဲ့သည်။ ဂျပန်ခေတ်တွင် ရန်ကုန်၌ ပြန်လည် အခြေချ၍ မြန်မာပြည် ရုပ်ရှင်အသင်းကြီး၏ ငွေထိန်းအဖြစ် တာဝန် ပေးအပ်ခံရသည်။ ဂျပန်ခေတ်တွင် စာရေးဆရာအသင်းကြီးသို့ ကိုယ်ပိုင်စာအုပ် ဗီရိုသုံးလုံး ပေးလှူခဲ့သည်။ စစ်ပြီးနောက် လမ်းညွှန်သတင်းစာကို ပြန်လည် ထုတ်ဝေသည်။ သို့သော် အောင်မြင်မှု မရခဲ့ချေ။ သတင်းစာ ရပ်ဆိုင်းပြီးနောက် ထိုခေတ် ငွေနှစ်သောင်းကျော်တန် ပုံနှိပ်စက်ကြီးကို ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော ဖဆပလ အဖွဲ့ချုပ်ကြီးသို့ လှူဒါန်းခဲ့သည်။ ရုပ်ရှင်လုပ်ငန်းကိုမူ သားဖြစ်သူ ဦးဖေကြိုင်အား ဦးဆောင်စေခဲ့သည်။


၁၉၄၈ ခုနှစ်၊ လွတ်လပ်ရေးရချိန်တွင် ဘဏ္ဍာရေး ဝန်ကြီး ဦးတင်၏ တိုက်တွန်းချက်အရ လမ်းပန်းဆက်သွယ်ရေး မင်းကြီး အဖြစ် တာဝန်ယူခဲ့သည်။ ထိုသို့ ဆောင်ရွက်နေစဉ် အကျင့်ပျက် အလုပ်သမား တစ်စုက ပစ်စာပစ်၍ တိုင်ကြားရာ ပုဂ္ဂိုလ်ရေး ထိခိုက်မှုများ ပါဝင်သောကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် မိတ်ဆွေ ၁၁ ဦး ပူးပေါင်း၍ မြန်မာပိုင် ပထမဦးဆုံး ဗမာ့ ပြည်သူ့ဘဏ်ကို တည်ထောင်ကာ ဒါရိုက်တာ အဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ အသက်အရွယ်ကြောင့် တရားဓမ္မ ပြန့်ပွားရေး အတွက်လည်း ဆောင်ရွက်ခဲ့သည်။ ဟံသာဝတီ ဦးညွန့်၏ အထူးယုံကြည် လေးစားခံရသော မိတ်ဆွေတစ်ဦး ဖြစ်သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

ပဲရော့ ဦးဆန်နီသည် ၁၉၅၆ ခုနှစ်၊ ဇူလိုင်လ ၂ဝ ရက် စနေနေ့တွင် သွေးတိုးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်ခဲ့သည်။ ဇနီး ဒေါ်သန်းညွန့် ဒေါ်သိန်းချစ် နှင့် ဒေါ်သော်တင် တို့ ကျန်ရစ်ခဲ့သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၂၀၁၀၊ မတ်လမှာ UNITY စာပေမှ ပထမအကြိမ် ပုံနှိပ်ထုတ်ဝေတဲ့ မောင်ဇေယျာ ရေးသားတဲ့ 'မြန်မာလူကျော် ၁၀ဝ (ပထမအုပ်)' စာအုပ်မှ