မာတိကာသို့ ခုန်သွားရန်

ဆဒ္ဒန်ဆင်မင်းဝန်

ဝီကီပီးဒီးယား မှ

ဆဒ္ဒန်ဆင်မင်းဝန်

[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား (ဗဒုံမင်း)လက်ထက်တွင် သံသာဝတီနယ် နိဗ္ဗာန်ရွာ အရှေ့ဘက်မှ ဆင်ဖြူတော် တစ်ကောင်ကို ရရှိခဲ့ရာ ယင်းဆင်ဖြူတော်ကို ဆဒ္ဒန်မင်းဟု ခေါ်ဆိုသမုတ်ခဲ့သည်။ ထို့အတူ ယင်း ဆဒ္ဒန်ဆင်မင်းအတွက် ဝန်တစ်ဦးလည်း သီးခြားခန့်အပ်ခဲ့ရာ ဆဒ္ဒန်ဆင်မင်းဝန်ဟူ၍ ပေါ်ပေါက်လာခဲ့၏။

အမရပူရ နန်းတော်ရှိ ဆင်ဖြူတော် (၁၈၅၅)

ဆဒ္ဒန်ဆင်မင်းကို ရရှိခဲ့ပုံ

[ပြင်ဆင်ရန်]

၁၈၀၆ ခုနှစ် ဇွန်လအတွင်း နေ့တစ်နေ့တွင် ဟံသာဝတီမှ မင်းမှုထမ်းလေးဦး ရန်ကုန်သို့ ကိစ္စတစ်ခုဖြင့် ထွက်ခွာလာခဲ့ကြသည်။၎င်းလေးဦးမှာ ဦးပန်းဦး၊ ဦးတော်၊ ဦးကနီ နှင့် ဦးမောင်တို့ ဖြစ်ကြသည်။ မင်းမှုထမ်း လေးဦးသည် ပဲခူးမှ ထွက်လာကြပြီးနောက် လမ်းခရီး ကျိုက်မက်တော် ဒေါ်ဖလေးဘုရား ဝင်ဖူးကြစဉ် ဆင်အော်သံများ ကြားကြရ၏။ ထို့ပြင် ဘုရားကုန်းတော်ပေါ်သို့ တက်ရောက်ကြည့်ရှုကြရာ ဆင်ဖြူငယ် တစ်ကောင်အား ဆင်မည်းများ ဝန်းရံထားသည်ကို တွေ့ကြရသည်။ မင်းမှုထမ်းတို့သည် ပဲခူးတွင် ရုံးထိုင်နေသော ဟံသာဝတီမြို့ဝန် မြေထဲမင်းကြီး ဦးကျော်ရွေးထံ အလျင်အမြန်သွားရောက်လျှောက်ထားခဲ့ကြ၏။ သို့ဖြင့် မြို့ဝန်က ဆင်အမှုထမ်း အားလုံးအား ယင်းနေရာသို့ ချက်ချင်းစေလွှတ်ခဲ့သည်။ စစ်ကြောင်းသုံးကြောင်းခွဲ၍ ချီတက်သွားကြကာ ဆင်မည်းအုပ်အား မောင်းထုတ် မောင်းထုတ်ပြီး ဆင်ဖြူတော်ကို ဖမ်းဆီးရမိကြ၏။ ယင်းနေရာမှာ ဟံသာဝတီမြို့ ကျေးစီရင်စုအပိုင် နိဗ္ဗာန်ရွာဖြစ်သည်။ ယခုပဲခူးတိုင်း၊ ကဝမြို့နယ် အတွင်းရှိပြီး သနပ်ပင်မြို့မှ ရေလမ်းခရီးဖြင့် သွားရောက်ရသည်။ ဆင်ဖြူတော်ကို ဖမ်းဆီးရမိပြီးနောက် ၁၈၀၆ ခုနှစ် နိုဝင်ဘာလအတွင်း မင်းနပြေည်တော်သို့ ဆောင်ယူကြရ၏။

ဆဒ္ဒန်ဆင်မင်းဝန်

[ပြင်ဆင်ရန်]

ဗဒုံမင်းသည် ၂၈ နိုဝင်ဘာ ၁၈၀၆ တွင် ဆင်ဖြူတော် စစ်ကိုင်းမြို့သို့ ဆိုက်ရောက်လာသောအခါ နန်းတွင်းအရာရှိကြီးများအား သွားရောက်ကြိုဆိုစေခဲ့၏။ သားတော် သမီးတော်အချို့ဆိုလျှင် ပြည်ကြီးမွန်ဖော်တော်စီး၍ ပုဂံမြို့ အရောက်ပင် သွားရောက်ကြိုဆိုခဲ့ကြရသည်။ ဆင်ဖြူတော် အမရပူရသို့ ရောက်ရှိလာသောအခါ ဆင်ဖြူတော်သိမ်း အခမ်းအနားကျင်းပကာ ဆင်ဖြူ စတင်တွေ့ရှိခဲ့သူ ပဲခူးဟံသာဝတီမှ မင်းမှုထမ်းလေးဦးအား ဘွဲ့ထူး ဂုဏ်ထူးနှင့် ဆုလာဘ်များ ပေးအပ်ပါသည်။ ယင်းနောက် ဆင်မင်းဝန်အဖြစ် အမှုထမ်းနေသော ဦးမှုံအား ဆဒ္ဒန်ဆင်မင်းဝန်အဖြစ် ပြောင်းလဲခန့်အပ်လိုက်၏။

ဆဒ္ဒန်ဆင်မင်းဝန် ဦးမှုံ

[ပြင်ဆင်ရန်]

ဆဒ္ဒန်ဆင်မင်းဝန်အဖြစ် ခန့်အပ်ခံရသူ ဦးမှုံသည် ဇင်းမယ်ပါ မြင်းစာရေးကြီး၏ သားဖြစ်သည်။ သူသည် နန်းတွင်း၌ စားတော်ကွမ်း ရေကိုင်အဖြစ်မှ စ၍ အမှုထမ်းခဲ့ရာ ဆင်မင်းဝန်၊ ဆဒ္ဒန်ဆင်မင်းဝန် အရာများ ခန့်အပ်ခဲ့ရခြင်း ဖြစ်သည်။ နောင်ဝန်ကြီးရာထူးပင် ပေးအပ်ချီးမြှင့်ခံရရာ ဆင်မင်းဝန်ကြီးဟူ၍ အမည်တွင် ခဲ့သည်။

ဗဒုံမင်း၏ အမိန့်တော်

[ပြင်ဆင်ရန်]

ဘိုးတော်ဘုရား (ဗဒုံမင်း) သည် ဟံသာဝတီနယ် နိဗ္ဗာန်ရွာမှ ရရှိသော ဆင်ဖြူတော်သို့ အလွန်တန်ဖိုးထားသည်။ ဆဒ္ဒန်ဆင်မင်းဟူ၍ပင် ခေါ်ဆိုစေခဲ့သည်။ ထို့ပြင် စာဆိုတော်များအားလည်း ဆင်ဖြူတော်နှင့် ပတ်သက်၍ စာပေလင်္ကာများ စပ်ဆိုမှုမပြုကြရန် တားမြစ်ခဲ့သည်။ ၁၃ ဩဂုတ် ၁၈၁၂ တွင် ထုတ်ပြန်သည့် အမိန့်တော်၌ 'ရှေးမင်းများ လက်ထက်ဘွဲ့လင်္ကာရတု စပ်ဆိုသည့် ဆင်များမှာ အမှန်အကန်မဟုတ်။ အကျူးအလွန် ဆင်ဖြူလုပ်စပ်ဆိုသည့် စာအများရှိသည်။ ရတနာဆင်ဖြူတော်ကို ဘွဲ့၊ ရတု၊ ကဗျာအလင်္ကာ မစပ်ဆိုစေနှင့်၊ ဆဒ္ဒန်မျိုးစစ်မှန်သည့် ဆင်တော်ဖြစ်သည်။ အကြောင်းအတ္ထုပ္ပတ္တိကို ဆရာတော်က ပါဠ် ပါဠိနှင့် ကျမ်းဂန်ဖြစ်အောင် စီကုံး၍ သွင်းစေ' ဟူ၍ ဖော်ပြပါရှိသည်။

ဆဒ္ဒန်ဆင်မင်းဝန် အစဉ်အဆက်

[ပြင်ဆင်ရန်]

ဆဒ္ဒန်ဆင်မင်းနှင့် ပတ်သတ်၍ ခန့်အပ်သော ဆဒ္ဒန်ဆင်မင်းဝန်ကို မြန်မာ ရာဇဝင်ကျမ်းများတွင် များစွာ မတွေ့ရှိရပါ။ စစ်ကိုင်းမင်း (ဘကြီးတော်) နန်းတက်စတွင် သိခင်ဇေယသူအား ဆဒ္ဒန်ဆင်မင်းဝန် ခန့်အပ်ကြောင်း တွေ့ရှိရသည်။ ၃ နိုဝင်ဘာ ၁၈၁၉ တွသ် ထီးဖြူဆောင်း ဘိသိက်မဂင်လာပြုစဉ် သိခင်ဇေယသူကို နေမျိုးမင်းကျော်ဘွဲ့ ကြောင်းလဲပေးအပ်ခဲ့သည်။ သာယာဝတီမင်းသည် ၁၈၃၇ ခုနှစ်တွင် နန်းတက်လာပြီးနောက် ဆင်မင်းနာခံဦးမင်းအား မဟာသူရ သခင်ျာဘွဲ့ဖြင့် ဆဒ္ဒန်ဆင်မင်းဝန် အရာခန့်အပ်ကြောင်းတွေ့ရှိရ၏။ ယင်းနောက်ပိုင်းတွင် ဆဒ္ဒန်ဆင်မင်းဝန်ဟူ၍ မတွေ့ရတော့ပေ။ သို့ဖြစ်၍ ကုန်းဘောင်ခေတ်နှောင်းကာလ ဆင်ဖြူတော်များထဲတွင် ဆဒ္ဒန်ဆင်မင်းဟူ၍ သတ်မှတ်သော ဆင်ဖြူတော်မှ ရှိပါလေစဟု တွေးဆစရာရှိသည်။