စဲစီ ဂျွန် ရုတ်

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

စဲစီဂျွန်ရုတ် (အင်္ဂလိပ်: Cecil Rhodes; ၅ ဇူလိုင် ၁၈၅၃ – ၂၆ မတ် ၁၉၀၂) သည် ရောဗတ်ကလိုက်နှင့် ဝါရင်ဟေ့စတင်း တို့ကဲ့သို့ ဗြိတိသျှနိုင်ငံတော်ကို တည်ဆောက်ခဲ့သည့် ဗိသုကာ တစ်ဦး ဖြစ်သည့်အပြင် ကြွယ်ဝချမ်းသာသော စိန်တွင်းသူဌေး လည်း ဖြစ်သည်။ အာဖရိကတိုက်တောင်ပိုင်း ဗြိတိသျှတို့၏ အုပ်ချုပ်ရေးသမိုင်းတွင် ထင်ရားသော နိုင်ငံပြုသုခမိန်တစ်ဦး လည်း ဖြစ်ပေသည်။ စဲစီရုတ်သည် အလွန်အကြံကြီးသူဖြစ်၏။ သို့သော် သူ၏အကြံမှာ ကိုယ်ကျိုးအတွက် သက်သက် မဟုတ် ဘဲ၊ ဗြိတိသျှနိုင်ငံတော် တိုးပွားကျယ်ပြန့်ရေးအတွက်ဖြစ်သည်။ သူ၏ စည်းစိမ်ဥစ္စာကို နိုင်ငံတော်အကျိုးအတွက် ရက်ရောစွာ အသုံးပြုခဲ့သည်။ ထိုကြောင့် ထိုခေတ်ကဆိုလျှင် စဲစီဂျွန်ရုတ် သည် ဗြိတိသျှနိုင်ငံတော်ကို ပိုမိုကျယ်ပြန့်လာအောင် အများဆုံး ဆောင်ရွက်ခဲ့သူ ဖြစ်သည်ဟု ဆိုကြလေသည်။

စဲစီဂျွန်ရုတ်သည် ၁၈၅၃ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ တွင် ဟားဖို့ရှိုင်ယာနယ်၊ ဗီရှော့စတော့ဖို့မြို့၌ ဖွားမြင်၏။ ဘခင်မှာ သာသနာ့ဝန်ထမ်းဖြစ်သည်။ အသက် ၁၇ နှစ် အရွယ်တွင် ကျန်းမာရေးချွတ်ယွင်းသဖြင့် တက္ကသိုလ်၌ ပညာ မသင်ရဘဲ ကျောင်းထွက်ခဲ့သည်။ ၁၈၇၀ ပြည့်နှစ်တွင် အာဖရိကတိုက် တောင်ပိုင်း နေတဲပြည်နယ်၌ နေထိုင်သူ အစ်ကိုထံသို့ သွားရောက်လေသည်။ ထိုအချိန်တွင် ကင်ဗာလီ မြို့နယ်၌ စိန်တွင်းများကို စတင်တွေ့ရှိသဖြင့် အနယ်နယ်မှ လူများသည် ထိုဒေသသို့ သူ့ထက်ငါ ဦးအောင် စိန်တွင်းရှာရန် သွားရောက်နေကြဆဲ ဖြစ်သည်။ ရုတ်တို့ ညီအစ်ကိုနှစ်ယောက်သည်လည်း စိန်တွင်းရှာဖွေ တူးဖော်သည့်လုပ်ငန်းကို လုပ်ကိုင်ကြသည်တွင် နှစ်နှစ်အတွင်း စိန်တွင်းသူဌေး ဖြစ်လာကြသည်။ စဲစီရုတ်၏ ကျန်းမာရေး အခြေအနေမှာ အာဖရိကတိုက် ရာသီဥတုနှင့် သင့်သောကြောင့် တိုးတက် ကောင်းမွန်လာ၏။ သို့ဖြင့် အင်္ဂလန်ပြည်နှင့် အာဖရိကတိုက်တို့၌ တစ်လှည့်စီနေထိုင် ပြီးလျှင် အောက်စဖို့တက္ကသိုလ်တွင် ရှစ်နှစ်မျှ ပညာဆက်လက်၍ သင်ကြားလေသည်။ ထိုအချိန်အတွင်း ကင်ဗာလီရှိ စိန်တွင်း အများကို စုပေါင်း၍ ကုမ္ပဏီဖွဲ့စည်းကာ တစ်ကမ္ဘာလုံးမှ ထွက်သော စိန်များကို ချုပ်ကိုင်ခဲ့သည်။

၁၈၈၁ ခုနှစ်တွင် စဲစီရုတ်သည် ကိပ်ကိုလိုနီပါလီမန်သို့ ရွေးကောက်တင်မြှောက်ခြင်း ခံရသည်။ ထိုအခါ သူသည် အာဖရိကတောင်ဦး၌ ဗြိတိသျှတို့ အာဏာစက် ကျယ်ပြန့်လာ အောင် စတင်ကြိုးစားလေတော့သည်။ ၁၈၈၄ ခုနှစ်တွင် ဗက်ချူအားနာလန်နယ်ကို၎င်း၊ လေးနှစ်ကြာပြီးနောက် မတ်တာ ဗီလီ ကပ္ပလီလူမျိုးတို့ပိုင် နယ်မြေကို၎င်း ဗြိတိသျှနိုင်ငံတော် တွင်းသို့ သိမ်းသွင်းခဲ့လေသည်။ မတ်တာဗီလီတို့ထံမှ သိမ်း ယူသော နယ်မြေမှာ နောင်အခါ ရိုးဒီးဇီးယားနယ် ဖြစ်လာ၍ ရုတ်ဦးစီးသော ဗြိတိသျှ တောင်အာဖရိက ကုမ္ပဏီက အုပ်ချုပ်သည်။


၁၈၉၀ ပြည့်နှစ်တွင် စဲစီရုတ် သည် ကိပ်ကိုလိုနီနယ်၏ ဝန်ကြီးချုပ် ဖြစ်လာသည်။ ဝန်ကြီးချုပ်အဖြစ် ဆောင်ရွက်နေစဉ် အာဖရိကတိုက်ကို တောင်နှင့်မြောက် ဖြတ်သန်းသွားလာနိုင်ရန် ဂွတ်ဒဟုပ်အငူမှ ကိုင်ရိုမြို့ထိ မီးရထားလမ်းဖောက်လုပ်ရေးကို ကြံဆခဲ့၏။ ထိုစဉ် ရုတ်သည် နိုင်ငံရေးဖက်၌ သာမဟုတ်၊ စီးပွားရေး ဘက်၌လည်း ဩဇာထက်မြက်သူဖြစ်ရာ အာဖရိကတောင်ပိုင်း၌ အာဏာရှင်သဖွယ် တန်ခိုးကြီးလျက် ရှိပေသည်။

သို့ရာတွင် ၁၈၉၅ ခုနှစ်၌ စဲစီရုတ်သည် ဒပ်ချတို့ပိုင်သော ထရန်စဗားနယ်၊ ဂျိုဟန္နက်စဗက်မြို့၌ ဗြိတိသျှ စိန်တွင်းတူးသမားများနှင့် ဒပ်ချတို့ ပဋိပက္ခဖြစ်ကြသည့်အရေးတွင် ဗြိတိသျှ တို့ဖက်မှ ခေါင်းဆောင်ဂျိမ်းဆန်ဆိုသူကို ကူညီ၍ ထရန်စဗား နယ်ထဲသို့ ချင်းနင်းဝင်ရောက်တိုက်ခိုက်ခဲ့လေသည်။ ထိုအရေး ကိစ္စကြောင့် ရုတ်သည် ၁၈၉၆ ခုနှစ်တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရ၏။ များမကြာမီ ရိုဒီးဇီးယားနယ် တောင်ပိုင်း၌ မတ်တာဗီလီတိုင်းရင်းသားများ ပုန်ကန်သည့်အရေးတွင် ရုတ် ဝင်ရောက်စေ့စပ်ပေးသဖြင့် ပြေလည်မှု ရရှိလေသည်။ ထိုနောက် ၁၈၉၈ ခုနှစ်တွင် ရုတ်သည် ကိပ်ကိုလိုနီ ပါလီမန် တစ်ဖန်ရွေးကောက်တင်မြေ|ာက်ခြင်း ခံရသည်။ ၁၈၉၉ ခုနှစ်၌ ဗိုးဝါးစစ်ပွဲဖြစ်ပွားဖြင့် ကင်ဗာလီမြို့နှင့်တကွ စိန်တွင်းများကို ရန်သူ့လက်သို့ မကျရောက်စေရန် ကိုယ်တိုင် ကွက်ကဲ ၍ ခုခံကာကွယ်လေသည်။


သို့ရာတွင် ရုတ် သည် ကျန်းမာရေး ချွတ်ယွင်းလာသဖြင့် ၁၉၀၂ ခုနှစ် မတ်လ ၂၆ ရက်နေ့၌ ကွယ်လွန်လေသည်။ စဲစီရုတ်သည် မိမိ၏ပစ္စည်းဥစ္စာကို ပြည်သူလူထု အကျိုး အတွက် အသုံးပြုရန် သေတမ်းစာတွင် ရေးသားညွှန်ကြားခဲ့၏။ အောက်စဖို့တက္ကသိုလ်သို့ ဗြိတိသျှဒိုမီနီယန်များ၊ အမေရိကန် ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံတို့မှ ထူးချွန်သော ကျောင်းသား များ လာရောက်၍ ပညာဆည်းပူးနိုင်ရန် ပညာတော်သင်စရိတ် ထောက်ပံ့ကြေးငွေ အမြောက်အမြား လှူဒါန်းခဲ့သည်။ ရုတ်၏ ရည်ရွယ်ချက်မှာ ဗြိတိသျှနိုင်ငံတော်ကြီး တည်တံ့ခိုင်မြဲရန်နှင့် အင်္ဂလိပ်စကားသုံးသော နိုင်ငံအချင်းချင်း ပိုမို၍ ရင်းနှီးရန် ဖြစ်လေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)