ဒုတိယ ဗိုးဝါးစစ်ပွဲ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အာဖရိကတိုက် တောင်းပိုင်းရှိ ဗိုးဝါးပြည်နယ်များဖြစ်သော ဩရိန်းဖရီး စတိတ်နှင့် ထရန်စဗားပြည်နယ် များနှင့်ဗြိတိသျှ အစိုးရတို့၁၈၉၉ ခုနှစ်မှ ၁၉၂ဝ ခုနှစ်အတွင်း ဖြစ်ပွားသော စစ်ပွဲကိုဗိုးဝါးစစ်ပွဲဟုခေါ်သည်။ ထိုစစ်ပွဲကို တောင်အာဖရိကစစ်ပွဲ ဟုလည်း ခေါ်ကြသည်။

ဗိုးဝါးဟူသော စကားမှာ ဒတ်ချ်ဘာသာဖြင့် လယ်သမားဟု ခေါ်ခြင်း ဖြစ်သည်။၁၆၅၂ ခုနှစ်ခန့်က ဟော်လန်နိုင်ငံမှ ဒတ်ချ်လူမျိုးတစုသည် အာဖရိကတိုက်တောင်ပိုင်း ဒေသများသို့သွားရောက်၍ လယ်ယာစိုက် ပျိုးခြင်းဖြင့် အခြေစိုက်နေထိုင်ကြသည်။ ထိုသူတို့မှ ဆင်းသက်သူများကို ဗိုးဝါးဟုခေါ်ကြ သည်။ ၁၇၉၆ ခုနှစ်တွင် အာဖရိကတိုက်ရှိ ဗိုးဝါးတို့၏ ဒေသ သစ်များကို ဗြိတိသျှတို့ဝင်ရောက်သိမ်းပိုက်သည်။ ဗြိတိသျှ အုပ်ချုပ်သည်ကို မလိုလားသူတို့သည် ၁၈၃၆ ခုနှစ်တွင် သူတို့ ၏ ဒေသများကို စွန့်၍ ထိုထက်မြောက်ဘက်ကျသော ဒေသ များတို့ပြောင်းရွှေ့ကာ အိုးသစ်အိမ်သစ် ထူထောင်ကြသည်။ ထိုသေကိုလည်း တောင်အာဖရိကသမ္မတနိုင်ငံနှင့် ဩရိန်း ဖရီးစတိတ်ဟူ၍ ကိုလိုနီနိုင်ငံသစ် တည်ထောင်သည်။ တောင်အာဖရိကသမ္မတနိုင်ငံဟု ခေါ်သောဒေသသည် နောင်အခါ ထရန်စဗားပြည်နယ်ဟု တွင်လာသည်။

၁၈၈၄ ခုနှစ်တွင် တောင်အာဖရိကသမ္မတနိုင်ငံ၌ ရွှေတွင်းများ တွေ့သည့်သတင်းကြောင့် နိုင်ငံခြားသားများ အများအပြားပင် ထိုဒေသထဲသို့ဝင်ရောက်လာကြသည်။ ထိုနိုင်ငံခြားသားများမှာ အများအားဖြင့် ဗြိတိသျှ လူမျိုးများ ဖြစ်ကြသည်။ ဗိုးဝါးတို့ကလည်း သူတို့၏ အုပ်ချုပ်ရေးတွင် ဗြိတိသျှတို့ဝင်ရောက်ခြယ်လှယ်မည်ကို စိုးရွံ့ကြသည်။ ထို့ကြောင့် တောင်အာဖရိက သမ္မတနိုင်ငံ၏ သမ္မတ ပေါကရူးဂါး က နိုင်ငံခြားသားများအား ချုပ်ချယ်ကန့်သတ်သည့် ဥပဒေများကို ပြုလုပ်လေသည်။ ထိုအခါ နိုင်ငံခြားသားများကလည်း မခံမရပ်နိုင်ဖြစ်ကာ၊ အခွင့်အရေး ပိုပေးရန် ဆူပူတောင်းဆိုကြသည်။ နိုင်ငံခြားသားတို့ဘက်မှ ဗြိတိသျှတို့က အားပေးလေသည်။

ယင်းတို့ဖြင့် ထိုအရေးမှာ ဗိုးဝါးတို့နှင့် နိုင်ငံခြားသားတို့အင်အားပြိုင်ကြ သည့်အခြေမှ၊ ဗိုးဝါးနှင့် ဗြိတိသျှတို့အင်အားပြိုင်သည့် အခြေသို့ဆိုက် ရောက်သွားလေသည်။ ၁၈၉၆ ခုနှစ် တွင် လက်နက်စွဲကိုင် တိုက် ခိုက်ကြသည့် အခြေသို့ရောက် လာသည်။ အင်္ဂလိပ်လူမျိုး ဂျိမ်းဆန် ဆိုသူက လက်နက်ကိုင် တိုင်ခိုက်ရေးကို ဦးဆောင်ခဲ့ရာ၊ ယင်းထကြွမှုကို ဂျိမ်းဆန်တိုက်ပွဲဟု ခေါ်ကြ၏။ ထိုအရေးတွင်ဂျိမ်းဆန်တို့ဘက်က ရှုံးနိမ့်သွားလေသည်။ သို့ရာတွင် ဗြိတိသျှနှင့် ဗိုးဝါးတို့အရေးသည် ပြီးငြိမ်းသွားခြင်း မရှိချေ။

နောက်ဆုံး၌ ၁၈၉၉ ခုနှစ် အောက်တိုဘာလ ၁၁ ရက် နေ့တွင် ဗြိတိသျှ ဗိုးဝါးတို့စစ်စတင်တိုက်ခိုက်ကြသည်။ ဩရိန်း ဖရီးစတိတ်ပြည်နယ်သည် ဗိုးဝါးတို့နှင့် ပူးပေါင်းကာ ဗြိတိသျှ အား တိုက်ခိုက်လေသည်။ ထိုစစ်ပွဲတွင် ကြီးကျယ်သော တိုက်ပွဲကြီးများ မရှိလှချေ။ချောင်းမြောင်းတိုက်ခိုက်ခြင်း၊ ထောင်ဖမ်း၍တိုက်ခြင်း၊ မြို့ကြီး များကို ဝိုင်းရံပိတ်ဆို့ခြင်းများသာ များလေသည်။ စစ်ပွဲ၏ အစတွင် ဗိုးဝါးတို့က အရေးသာလေသည်။ဗိုးဝါးတို့သည် အပစ်အခတ် ကျွမ်းကျင်ပြီးလျှင် ထိုဒေသတို့၏ အကြောင်းရင်းကိုကောင်းစွာ သိသူများဖြစ်ကြ၏။ ဗိုးဝါး တို့ဘက်မှ ဒီဗစ်၊ လူဝီဗိုတာ၊ ဒလာရေး စသည့် ဗိုလ်ချုပ်ကြီးများက အုပ်ချုပ်တိုက်ခိုက်၏။ ဗြိတိသျှတို့ သည် ၁၈၉၀ ပြည့်နှစ် ဇန်နဝါရီလတိုင်အောင် ဗိုးလဝါးတို့ဖိနှိပ် တိုက်ခိုက်ခြင်းကိုသာ ခံနေရလေသည်။

၁၉ဝဝ ပြည့်နှစ် ဇန်နဝါရီလတွင် လော့ရောဗတ်နှင့် လော့ကစ်ချနာ တို့ဦးစီးသည့်အင်အားကြီးမားသော ဗြိတိသျှ တပ်သစ်များ ရောက်လာလေသည်။


ထိုနှစ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဗိုးဝါးစစ်ဗိုလ်ချုပ်ကြီး ကရွန်ယီနှင့် တပ်သား ၄ ထောင်ခန့်သည် ပါးဒီဗတ်၌ လက်နက်ချကြရလေ သည်။ ထိုနှစ်မတ်လ ၁၃ ရက်နေ့တွင် ဩရိန်းဖရီးစတိတ်ပြည်နယ်၏ မြို့တော် ဗလွမ်း ဖွန်တိန်းမြို့ကို လော့ရော ဗတ်က ချီတက်သိမ်းပိုက်ကာ ယင်း ပြည်နယ်ကို ဗြိတိသျှပိုင်အဖြစ် ကြေညာနိုင်ခဲ့သည်။

လော့ရောဗတ်ခေါင်းဆောင်သော ဗြိတိသျှစစ်တပ်များသည် မြောက်ဘက် သို့ချီတက်ကာ ဂျိုဟက်စဗတ်မြို့ကို သိမ်းပိုက်သည်။ ထိုနောက် ဇွန်လ ၅ ရက်နေ့တွင် တောင်အာဖရိက သမ္မတနိုင်ငံ၏မြို့တော် ပရီတိုးရီးယား မြို့ကို သိမ်းပိုက်ပြန်လေ သည်။ ထိုနှစ်စက်တင်ဘာလတွင် ဗိုးဝါးဗိုလ်ချုပ် က ဗိုတာနှင့် လက်အောက်ခံတပ်များကို လော့ရောဗတ်က လက်နက်ချ စေ၍၊ တောင်အာဖရိကသမ္မတနိုင်ငံကိုထရန်စဗားပြည်နယ်ဟု အမည် ပြောင်းကာ ဗြိတိသျှပိုင်အဖြစ် ကြေညာသည်။

ကျန်ဗိုးဝါးတပ်များသည် တောခိုသွားကာ ပြောက်ကျား စံနစ်ဖြင့် တိုက်ခိုက်သေးသည်။ ထိုအချိန်တွင် လော့ရောဗတ် သည် အင်္ဂလန်သို့ ပြန်သွား၍ လော့ကစ်ချနာက ဗြိတိသျှ တပ်များကို ဦးစီးတိုက်ခိုက်လျက် ရှိသည်။ လော့ကစ်ချနာသည် ဗိုးဝါးတို့၏ပြောက်ကျားစစ်ဆင်မှုကို အစွမ်း ကုန် နှိမ်နင်းလိုက်ရာ ၁၉ဝ၂ ခုနှစ် မေလ ၃၁ရက်နေ့တွင် ဗိုးဝါးစစ်ပွဲ သည် အဆုံးသတ် အပြီးတိုင် ရောက်ခဲ့လေသည်။ဗိုးဝါးတို့သည် တပ်သား အင်းအား ၉၅ဝဝဝ မျှနှင့် ဗြိတိသျှတို့၏ ၂ဝဝဝဝဝ ကျော်ရှိသော တပ်ကို ၃ နှစ်မျှ ကြံ့ကြံ့ခံ၍တိုက်ခိုက်ခဲ့သည်။ ပရီတိုးရီးယားမြို့၌ ၁၉ဝ၂ ခုနှစ် မေလ ၃၁ ရက်နေ့တွင် ချုပ်ဆိုသော ဖာရေး နစ်ဂင်းစာချုပ် အရ၊ ထရန်စဗားနှင့် ဩရိန်းဖရီးစတိတ်တို့သည် ဗြိတိသျှ ကိုလိုနီများ ဖြစ် လာကြသည်။ ဗိုးဝါးတို့လည်း ဗြိတိသျှအစိုးရ သစ္စာခံများအဖြစ် ခံယူကြ သည်။သို့သော် ၁၉ဝ၆ ခုနှစ်တွင် အင်္ဂလန်ပြည်၌ လစ်ဗရယ်ပါတီ ကြီးစိုး လာသောအခါ၊ထိုပြည်နယ် ၂ ခုနယ်ကို တာဝန်ခံ အုပ်ချုပ်ရေးပေးအပ် သည်။ ပြည်နယ်များတွင်ဗိုးဝါး စစ်ကြောင့် ပျက်စီးရသည့်အတွက် ဒေါ်လာ ၁၅ဝဝဝဝဝဝ လျော်ကြေးအဖြစ်ဗြိတိသျှတို့က ပေးလေသည်။ ကျောင်းများ၌လည်း ဒပ်ချဘာသာကို သင်ခွင့် ပြုသည်။ ယင်းသို့ဗြိတိသျှ အစိုးရ၏ သက်ညှာမှုများကြောင့် ဗိုးဝါးနှင့် ဗြိတိသျှ ဆက်ဆံရေးသည် အထူးပင်ကောင်းမွန်လာသည်။ ၁၉၁ဝ ခုနှစ်တွင် ထိုပြည်နယ် ၂ နယ် သည် တောင်အာဖရိကပြည်ထောင်စု နိုင်ငံအတွင်း၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်များဖြစ်လာလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)