စိုးတင့်

ဝီကီပီးဒီးယား မှ
ဦးစိုးတင့်
မွေးဖွား(1954-03-04)မတ် ၄၊ ၁၉၅၄[၁]
ပျဉ်းမနားမြို့
ကွယ်လွန်ဇူလိုင် ၁၇၊ ၂၀၁၇(2017-07-17) (အသက် ၆၃)
ခုတင် ၁,၀၀၀ စစ်ဆေးရုံ၊ နေပြည်တော်
ထာဝရ နားခိုရာနေရာကွေ့ကြီးသုဿန်
မိခင်ကျောင်းရန်ကုန်နတ်မောက် T.H.S ကျောင်း
အလုပ်အကိုင်ဥက္ကဋ္ဌ (စိုးလျှပ်စစ်ဖောင်ဒေးရှင်း)
အိမ်ထောင်ဖက်(များ)ဒေါ်ရီရီမာ
မိဘ(များ)ဦးဘိုးကြွယ်၊ ဒေါ်အမာ

ဦးစိုးတင့် (၄ မတ် ၁၉၅၄[၁] – ၁၇ ဇူလိုင် ၂၀၁၇) သည် စိုးလျှပ်စစ်ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဖြစ်ပြီး ပျဉ်းမနားမြို့နယ်ရှိ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ၊ အနှေးယာဉ်လုပ်သားများ၊ ဆင်းရဲနွမ်းပါးသူများအား ကူညီထောက်ပံ့ပေးခဲ့သူတစ်ဦး ဖြစ်သည်။

အစောပိုင်းဘဝနှင့် ပညာရေး[ပြင်ဆင်ရန်]

ဦးစိုးတင့်ကို ပျဉ်းမနား မင်္ဂလာသာခေါင်ရပ်ကွက်တွင် ဦးဘိုးကြွယ်နှင့်ဒေါ်အမာတို့မှ မွေးခဲ့ပြီး[၁] မွေးချင်း ၃ ယောက်အနက် အငယ်ဆုံးသား ဖြစ်သည်။

ပျဉ်းမနား အ.ထ.က(၂) တွင်ပညာသင်ကြားခဲ့သည်။ ၁၉၆၈ခု ကျောင်းဖွင့်ရာသီတွင် ၉တန်း ဆက်မတက်တော့ဘဲ ဆရာများအကြံပေးမှုအတိုင်း ရန်ကုန်နတ်မောက် T.H.S ကျောင်းတွင် EP တက်ရောက်ခဲ့သည်။

ကျောင်းပြီးသောအခါ ရန်ကုန်စည်ပင်တွင် တစ်ရက်ခြောက်ကျပ်ခွဲ အငယ်တန်းအင်ဂျင်နီယာ ရာထူးဖြင့် လုပ်ကိုင်ခဲ့သည်။

ထို့နောက် အလုပ်ထွက်ကာ အပြင်တွင် လျှပ်စစ်နှင့် ပတ်သက်သော ကိုယ်ပိုင်အလုပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ ပျော်ဘွယ်မြို့မှ ဘေဘီဦးအုန်းမေနှင့်တွေ့ဆုံပြီးနောက် ဘဝလမ်းကြောင်းပြောင်းခဲ့သည်။

ကိုယ်ပိုင်ကုမ္ပဏီတည်ထောင်ခြင်း[ပြင်ဆင်ရန်]

၁၉၉၃ ခုနှစ် ဩဂုတ်လတွင် စိုးလျှပ်စစ်နှင့်စက်ကိရိယာကုမ္ပဏီကို တည်ထောင်ခဲ့ပြီး[၂] ကိုယ်ပိုင် SOE တံဆိပ်ဖြင့် ထရန်စဖော်မာများ ထုတ်လုပ်ခဲ့သည်။ ၂၀၁၅ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ဟီတာချီကုမ္ပဏီနှင့် ပူးပေါင်း၍ ဟီတာချီ စိုးကုမ္ပဏီ (Hitachi Soe Electric & Machinery Co.,Ltd) ကို ဖွဲ့စည်းခဲ့သည်။[၃]

အလှူအတန်းများ[ပြင်ဆင်ရန်]

စိုးလျှပ်စစ်နှင့် စက်ကိရိယာ ကုမ္ပဏီတည်ထောင်၍ ကြီးပွားချမ်းသာလာပြီးနောက် မိမိမွေးဖွားရာ ပျဉ်းမနားမြို့နှင့် မြို့နေလူထုကို ပြန်လည် အကျိုးပြုခဲ့သည်။ ပျဉ်းမနားမြို့ရှိ စာသင်ကျောင်းများ၊ ဘုရားများ၊​ ဓမ္မာရုံများ၊ တံတားများကို ပြန်လည်ပြင်ဆင် ဆောက်လုပ်ပေးပြီး၊ အဖိုးအဖွားများ၊ ဆင်းရဲနွမ်းပါးသူ အခြေခံလူတန်းစားများအား ​တိုက်ရိုက်ငွေလှူဒါန်းခြင်း၊ ဆေးလှူဒါန်းခြင်းများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့သည်။[၄][၅] ပျဉ်းမနားမြို့ရှိ ဈေးသည်များ၊ အနှေးယာဉ်လုပ်သားများ ရှိရာနေရာများတွင် သူကိုယ်တိုင် လိုက်လံ ဦးစီးပြီး ကျပ်သိန်းဂဏန်းဖြင့် တစ်ဦးချင်းစီ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့အပြင် ဦးစိုးတင့်သည် ပျဉ်းမနားမြို့နယ်ရှိ ခေါင်းရွက်ဗျပ်ထိုးဈေးသည်များ၊ အနှေးယာဉ်လုပ်သားများအား ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေးအတွက် ကူညီထောက်ပံ့ပေးခဲ့သည်။[၆]

အကျယ် ၆ ဧကရှိ မြေတွင် ကျပ်သိန်းပေါင်း ၇၀၀၀ မတည်ကာ အေးငြိမ်းချမ်းသာ ဂိလာနဘိုးဘွားရိပ်သာကြီး တည်ဆောက်ပြီး[၄][၇] အဖိုးအဖွားများအတွက် စားရေးသောက်ရေး၊ ကျန်းမာရေးများ အလုံးစုံတာဝန်ယူပြီး အမြဲခန့်ဝန်ထမ်းများဖြင့် ဆောင်ရွက်ထားရှိသည်။

စိုးလျှပ်စစ်ဖောင်ဒေးရှင်းကို တည်ထောင်ခဲ့ပြီး လူမှုရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိသည်။

ကွယ်လွန်ခြင်း[ပြင်ဆင်ရန်]

၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့တွင် ALS ရောဂါဖြင့် နေပြည်တော်ရှိ ခုတင် ၁,၀၀၀ စစ်ဆေးရုံတွင် ကွယ်လွန်ခဲ့သည်။[၆] သေဆုံးချိန်တွင် အသက် ၆၃နှစ်ရှိပြီ ဖြစ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မာရီခိုင် (၂၄ ဇူလိုင် ၂၀၁၇)။ လူသေပေမဲ့ နာမည်မသေတဲ့ ပျဉ်းမနားမြို့သား ခေတ်သစ် ဝေဿန္တရာ။ ကုမုဒြာ။ 25 September 2019 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၂၅ စက်တင်ဘာ ၂၀၁၉ တွင် ပြန်စစ်ပြီး။
  2. မြန်မာလျှပ်စစ်ပစ္စည်းများ ဗီယက်နမ်သို့ ပထမဆုံးတင်ပို့မည်The Voice Weekly။ ၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  3. ထွန်းထွန်းမင်း၊ ဖြူဖွေးသန့် (၉ ဇူလိုင် ၂၀၁၅)။ ဂျပန်ဟီတာချီနှင့် စိုးလျှပ်စစ် ပူးပေါင်း၍ ဟီတာချီစိုးကုမ္ပဏီထူထောင်။ 7 Day။ ၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  4. ၄.၀ ၄.၁ စိုး လျှပ်စစ် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးစိုးတင့်၏ ဈာပနမြင်ကွင်း (သတင်းဓာတ်ပုံ)ဒီဗွီဘီ (၁၈ ဇူလိုင် ၂၀၁၇)။ ၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  5. ဈေးသည်တစ်ဦး ကျပ်တစ်သိန်းနှုန်းဖြင့် ဈေးသည် ၁၄၀၀ ကျော်ကို စိုးလျှပ်စစ် လှူMRTV-4။ ၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။[လင့်ခ်သေ]
  6. ၆.၀ ၆.၁ ပိုင်စိုးသူ (၁၇ ဇူလိုင် ၂၀၁၇)။ အခြေခံလူတန်းစားကို အမြဲထောက်ပံ့လှူဒါန်းခဲ့သော စိုးလျှပ်စစ်ကုမ္ပဏီဥက္ကဋ္ဌ ဦးစိုးတင့် ကွယ်လွန်။ 7 Day။ 22 August 2017 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ ၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။
  7. ဖေသက်ထက်ခင် (၂၃ ဖေဖော်ဝါရီ ၂၀၁၈)။ ဟိုတယ်တည်းရင်း ကုသိုလ်ရမယ့် နေပြည်တော်က “သုခစိုး ဟိုတယ်”။ ဧရာဝတီသတင်းဌာန။ ၈ နိုဝင်ဘာ ၂၀၁၈ တွင် ပြန်စစ်ပြီး။