စိန်ခင်

ဝီကီပီးဒီးယား မှ
ဒေါ်စိန်ခင်
မွေးဖွားစိန်မှုံ
(၁၈-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၁၉၂၁)ဇန်နဝါရီ ၁၈၊ ၁၉၂၁
ဧရာဝတီတိုင်းကြံခင်းမြို့
ကွယ်လွန်ဇန်နဝါရီ ၂၆၊ ၁၉၈၆(၁၉၈၆-ဖော်ပြချက် အမှား - နားမလည်သော ပုဒ်ဖြတ် စာလုံး "၁"။-၂၆) (အသက် ၆၅)
အလုပ်အကိုင်ဇာတ်ပို့သရုပ်ဆောင်
မိဘ(များ)ဦးဖိုးဆိတ်၊ ဒေါ်မယ်မြင့်
ရရှိသည့်ဆုများမြန်မာ့ရုပ်ရှင် ထူးချွန်ဆု (၁၉၇၉)

ဒေါ်စိန်ခင်သည် မြန်မာ့ရုပ်ရှင်လောကတွင် ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် နှစ်ပေါင်းကြာရှည်စွာ သရုပ်ဆောင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ဟာသပညာ ကျွမ်းကျင်သူ ဒေါ်စိန်ခင်သည် မြန်မာရုပ်ရှင်လောကတွင် အကောင်းဆုံးဇာတ်ပို့ သရုပ်ဆောင် မင်းသမီးကြီးအဖြစ် အချိန်ကြာမြင့်စွာ ရပ်တည်ခဲ့သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

ဒေါ်စိန်ခင်ကို ၁၉၂၁-ခုနှစ်၊ ဇန္နဝါရီလ (၁၈)ရက်တွင် ဧရာဝတီတိုင်းကြံခင်းမြို့၌ အဖ ဦးဖိုးဆိတ်၊ အမိ ဒေါ်မယ်မြင့် တို့က ဖွားမြင်ခဲ့သည်။ မွေးချင်းနှစ်ဦးရှိသည့်အနက် အကြီးဆုံးဖြစ်ပြီး အမည်ရင်းမှာ မစိန်မှုံ ဖြစ်သည်။ ဒေါ်စိန်ခင်က အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်တစ်ဦးဖြစ်သော်လည်း ဒေါ်စိန်ခင်မှာ သရုပ်ဆောင်မျိုးရိုး မရှိခဲ့ပေ။

ဒေါ်စိန်ခင်က ငယ်စဉ်ကပင် ကျောင်းစာအပေါ်၌ စိတ်ဝင်စားမှု မရှိခဲ့ဟု ဆိုသည်။ အဒေါ်ဖြစ်သူက ဒေါ်စိန်ခင်အား ရန်ကုန်သို့လာစဉ် အဖော်အဖြစ် ခေါ်ဆောင်လာခဲ့ရာ ရန်ကုန်တွင် နေထိုင်စဉ်အတွင်း ဦးချစ်ခင်နှင့် အိမ်ထောင်ကျကာ မအူကုန်းအမဲဈေး၌ ကုန်စုံဆိုင်ဖွင့်လျက် အသက်မွေးခဲ့ရသည်။

အနုပညာလုပ်ကိုင်ခြင်း[ပြင်ဆင်ရန်]

ဦးချစ်ခင်နှင့် ဆွေမျိုးတော်စပ်သူ ဒေါ်မြနှစ်မှတစ်ဆင့် ရွှေဒုံးဘီအောင်နှင့် အဆက်အသွယ် ရရှိကာ အနုပညာလောကသို့ ရောက်ရှိလာခဲ့ရခြင်း ဖြစ်သည်။ ဒေါ်စိန်ခင်က ဝင်းဝင်းပြဇာတ်ရုံသို့ လိုက်ပါသွားလေ့ရှိရာ တစ်နေ့တွင် ဇာတ်ပို့သရုပ်ဆောင်တစ်ဦး အလုပ်မဆင်းသဖြင့် ဒေါ်စိန်ခင် ဝင်ရောက်သရုပ်ဆောင်ပေးခဲ့ရသည်။ ရန်ကုန်အနောက်ပိုင်း ကာဌေးရုံ(နောင် ကေသွယ်ရုံ)၌ ကပြနေသည့် ရွှေဒုံးဘီအောင်၏ အသွင်မတူ အမည်ရှိ ပြဇာတ်တွင် ဖြစ်သည်။

ဒေါ်စိန်ခင် သရုပ်ဆောင်ရသည့်အခန်းမှာ ကန့်လန့်ကာနောက်က ရေနွေးဗန်းကို ယူသွားကာ သတင်းစာဖတ်နေသူအား ဘဘကြီး ရေနွေးကြမ်းပါရှင့် ဟုပြော၍ ချထားပေးရန်သာ ဖြစ်သည်။ သို့သော် ဒေါ်စိန်ခင် ကြောက်ကြောက်လန့်လန့်ဖြင့် ဘာ ဘာကြီး၊ လည်းဖိတ်​ရေကြမ်းပါရှင့် ဟူ၍ အယောင်ယောင်အမှားမှား ပြောလိုက်မိခဲ့သည်။ ယင်းသို့ မပီမသ ဗလုံးဗထွေး ပြောလိုက်သံကပင် ပွဲကြည့်ပရိသတ်များအား ပွဲကျသွားစေကာ ဟာသပျက်လုံး ဖြစ်သွားစေခဲ့သည်။ ဒေါ်စိန်ခင်ဟူသော အမည်က ဒါရိုက်တာ ရွှေဒုံးဘီအောင် ပေးခဲ့သော အမည်ဖြစ်သည်။

ပြဇာတ်များ[ပြင်ဆင်ရန်]

ဒေါ်စိန်ခင်သည် နောက်ပိုင်းတွင် ပြဇာတ်များ၌ မထင်မရှား ဆက်လက်ပါဝင် သရုပ်ဆောင်ခွင့် ရရှိလာခဲ့သည်။ ဒဂုံဆရာတင်၊ ကျွန်တော်ချစ်မောင်၊ ပျော်တော်ဆက်သန်းနွဲ့၊ လူရွှင်တော်မြင့်ဖေ၊ ဗိုလ်ကလေးတင့်အောင်၊ ဂီတလုလင်မောင်ကိုကိုတို့၏ ပြဇာတ်များ ဖြစ်ကြသော ငယ်ကျွမ်းဆွေ၊ လင်းလုလုရောင်နီ၊ ဂီတလုလင်၊ ချစ်လင်းရောင်ခြည်၊ ဝါကျွတ်လက်ဆောင်၊ တူပျော်ပျော်၊ စန်းပွင့်ချိန်၊ ရွှေလမ်းငွေလမ်း၊ တင့်တင့်တယ်တယ် စသည့် ပြဇာတ်ပေါင်း (၅၀)ကျော်တွင် ပါဝင်သရုပ်ဆောင်ခဲ့ရသည်။

ရုပ်ရှင်ဇာတ်ကားများ[ပြင်ဆင်ရန်]

စစ်ပြီးခေတ်တွင် ပထမဆုံး ပါဝင်သရုပ်ဆောင်ခွင့် ရရှိခဲ့သော ရုပ်ရှင်ဇာတ်ကားမှာ ဒါရိုက်တာ ရွှေဒုံးဘီအောင်၏ လောကမုန်တိုင်း အမည်ရှိ အသံတိတ်ဇာတ်ကားဖြစ်သည်။ ဒေါ်စိန်ခင်နှင့် တွဲဖက်သရုပ်ဆောင်ရသူမှာ ဟာသသရုပ်ဆောင် ကြယ်နီဖြစ်သည်။ ကြယ်နီနှင့် ဒေါ်စိန်ခင် အတွဲများလွန်း၍ အချို့က ဇနီးမောင်နှံဟုပင် ထင်ကြသည်။

ဒေါ်စိန်ခင် ပါဝင်ရိုက်ကူးခဲ့သည့် ရုပ်ရှင်ဇာတ်ကားများကား များပြားလှသည်။ ယင်းဇာတ်ကားများအနက် ၁၉၇၉−ခုနှစ်တွင် ဒါရိုက်တာ ဦးသုခ ရိုက်ကူးသော အကာကအချစ်၊ အနှစ်က မေတ္တာ ဇာတ်ကား၌ အကယ်ဒမီဆု ဆွတ်ခူးရရှိခဲ့သည်။ ယင်းဇာတ်ကားတွင် ဒေါ်စိန်ခင်က ကောလိပ်ဂျင်နေဝင်း (ကိုရင်ဩ)၏ ညီမ အပျိုကြီးနေရာမှ ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်ခဲ့သည်။

ဘဝနိဂုံး[ပြင်ဆင်ရန်]

၁၉၈၆−ခုနှစ်၊ ဇန်နဝါရီလ (၂၆)ရက်တွင် ဒေါ်စိန်ခင် ကွယ်လွန်ခဲ့ရာ သမီးနှစ်ဦးကျန်ရစ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၆၆)နှစ် ရှိပြီဖြစ်သည်။ ဒေါ်စိန်ခင်၏ ခင်ပွန်း ဦးချစ်ခင်သည် အသက် ၆၀ အရွယ်၊ ၁၉၇၅−ခုနှစ်၊ မတ်လ (၂၂)ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး (ဖေဖော်ဝါရီ ၂၀၁၃)။ ပါလီမန်ခေတ် ထင်ပေါ်ကျော်ကြား မြန်မာအမျိုးသမီးများ