စိတ္တဟဋ္ဌထေရ်

ဝီကီပီးဒီးယား မှ

စိတ္တဟဋ္ဌထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်တွင် ခြောက်ကြိမ်တိုင်လူထွက်၍ ခုနစ်ကြိမ်တိုင် ရဟန်းပြုပြီး ရဟန္တာ ဖြစ်ခဲ့သည်။[၁][၂]

ရဟန်းပြုခြင်း[ပြင်ဆင်ရန်]

မြတ်စွာဘုရားသည် ဇေတဝန်ကျောင်းတော် ၌ သီတင်းသုံးလျက်ရှိ၏။ နွားပျောက်သွားရှာသော သာဝတ္ထိပြည်သားတစ်ယောက်သည် နွားရှာတွေ့သော် နွားကို နွားအုပ်ထဲသို့ မောင်းထည့်၏။ ထိုအချိန်တွင် နေမွန်းတည့်ချိန် ဖြစ်၏။ သို့သော် ထမင်းက မစားရသေးသဖြင့် ဆာလောင်လျက်ရှိ၏။ ထိုအခါ ထမင်းကျန်၊ ဟင်းကျန် စားရလို စားရငြား ကျောင်းတော်သို့ ဝင်သွား၏။ ထိုအခါ ရဟန်းတို့က ဆွမ်းကျန်ဟင်းကျန်တို့ဖြင့် ကျွေးလိုက်၏။ ဆွမ်းကျန်ဟင်းကျန်ဟု ဆိုသော်လည်း မိမိ၏ အိမ်မှာစားရသည်ထက် အများကြီးသာသည် ဟုတွေးလေ၏။ ထို့နောက် အစားကောင်းများ စားရရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရဟန်းကပြုလေသည်။ သို့သော် မထေရ်သည် ရဟန်းတို့၏ ဝတ်ကြီးဝတ်ငယ်၊ ဝေယျာဝစ္စတို့ကို ဆောင်ရွက်၏။[၁] [၂]

လူထွက်လိုက် ရဟန်းပြုလိုက် လုပ်ခြင်း[ပြင်ဆင်ရန်]

မူလကတည်းက အစားကောင်းစားရရန်ဟူသော ရည်ရွယ်ချက်ဖြင့် ရဟန်းပြုခဲ့၏။ ထို့ကြောင့် စာပေသင်ကြားလိုစိတ်မရှိ၊ တရားဘာဝနာအားထုတ်လိုစိတ်မရှိ ဖြစ်နေသော မထေရ်သည် ရဟန်းဘဝကို ငြီးငွေ့လာ၏။ ဤသို့ဖြင့် လူထွက်လေသည်။ လူ့အဖြစ် လုပ်ကိုင်စားသောက်၍ ပင်ပန်းလာပြန်သောအခါ တစ်ဖန် ရဟန်းပြုပြန်၏။ ဤသို့ဖြင့် ခြောက်ကြိမ်တိုင် ပြုလေသည်။[၁] [၂]

ရဟန္တာဖြစ်ခြင်း[ပြင်ဆင်ရန်]

ခြောက်ကြိမ်မြောက် လူထွက်ပြီးသောအခါတွင် ဖြစ်၏။ လယ်ထဲတွင် ပင်ပန်းစွာ အလုပ်လုပ်၏။ စိတ်ထဲတွင် ရဟန်းပြုချင်စိတ် ပေါ်လာပြန်၏။ ထိုအခါ အိမ်တွင် သိမ်းဆည်းထားသော သင်္ကန်းကိုယူရန် ပြန်လာ၏။ အိမ်သို့ရောက်သော် မိန်းမဖြစ်သူသည် အအိပ်ဆိုးဖြင့် အိပ်နေသည်ကို မြင်၏။ ပါးစပ်တို့မှ အပုပ်ရည်သည် စီးကျလျက်ရှိ၏။ ကိုယ်ဝန်လည်း လွယ်ထားလျက်ရှိသောကြောင့် ဖူးဖူးရောင်ပုပ်ပွနေသော အသုသညာကို မြင်လေသည်။ ထို့နောက် သင်္ကန်းကို ယူကာ ကျောင်းတော်သို့သွား၏။ ထိုအဖြစ်ကို အိမ်အနီးနားနေသော ယောက္ခမသည် သိ၍ သမီးဖြစ်သူအား ပြောပြ၏။ သမီးဖြစ်သူက အေးဆေးစွာပင် ယခင်ကလို လူပြန်ထွက်လာမှာပါဟု ပြော၏။ စိတ္တဟဋ္ဌသည် ယခင်ကဆို ရဟန်းပြုမည်ဆိုလျှင် အကျိုးအကြောင်း ပြောပြပြီးမှ ဝတ်၏။ ယခုတစ်ကြိမ်တွင် မည်သူ့ကိုမှ မပြောဘဲ သွားလေသည်။ စိတ္တဟဋ္ဌသည် ကျောင်းတော်သို့သွားရင်း အသုဘသညာကို ဆင်ခြင်သွားရာ ကျောင်းသို့မရောက်မီ သောတာပန် ဖြစ်၏။ ကျောင်းသို့ရောက်သော် ရဟန်းတို့ထံ ရဟန်းပြုခွင့်တောင်း၏။ ရဟန်းတို့လည်း ရဟန်းပြုပေးလိုက်၏။ စိတ္တဟဋ္ဌထေရ်သည် တရားအားထုတ်သော် နှစ်ရက်၊ သုံးရက်အတွင်းပင် ရဟန္တာ ဖြစ်လေသည်။[၁] [၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ဦးရွှေအောင် - မဟာဝိဇ္ဇာ(သက္ကတ)၊ ဝဋံသကာ နှင့် သိရောမဏိ (၁၊ နိုဝင်ဘာလ ၂၀၀၂)။ ဓမ္မပဒ (ယမကဝဂ်၊ စိတ္တဝဂ်၊ အပ္ပမာဒဝဂ်၊ ပုပ္ဖဝဂ် ပေါင်းချုပ်)။ အမှတ် ၃၈၊ ၁၀၉ လမ်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့: ရာပြည့်စာအုပ်တိုက်။ pp. ၂၄၈၊ ၂၄၉၊ ၂၅၀၊ ၂၅၁။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)
  2. ၂.၀ ၂.၁ ၂.၂ ၂.၃ မာဏဝ (ဇူလိုင်လ ၂၀၁၀)။ ဓမ္မပဒ (ဒေသနာတော်များနှင့် ဝတ္ထုတော်များ)။ အမှတ် ၅၊ ၁၀၀ လမ်း၊ ရန်ကုန်မြို့: နှလုံးလှစာပေ။ pp. ၁၁၆၊ ၁၁၇၊ ၁၁၈။ |date= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)CS1 maint: location (link)